Transparency Myanmar

transparency.myanmar@gmail.com

တရုတ်နိုင်ငံသည် ယခုနှစ် ဇူလိုင်လတွင် ပြီးခဲ့သည့်နှစ်ကထက် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု(FDI)  ၂၉ ရာခိုင်နှုန်း တိုးမြင့် ရရှိခဲ့ကြောင်း ရိုက်တာသတင်းက ရေးသားဖော်ပြသည်။ တရုတ်နိုင်ငံတွင် အလုပ်သမား ပြဿနာများ ဖြစ်ပွားလျက် ရှိသည့်တိုင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး လုပ်ငန်းကြီးများ ဝင်ရောက်ကာ စက်ရုံ အလုပ်ရုံများ တည်ဆောက်ခြင်း၊ သုတေသန စင်တာများ တည်ထောင်ခြင်း တို့ကြောင့် FDI နှုန်း မြင့်မားလာခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် ပြီးခဲ့သည့် ၂၀၀၁ ခုနှစ် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့သို့ ဝင်ရောက်လိုက်ပြီး နောက်ပိုင်း နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အကျပ်အတည်း ရိုက်ခတ်မှုကြောင့် တရုတ်ပြည် စီးပွားရေး ဆိုးဆိုးရွားရွား ထိခိုက်ခဲ့သည့်တိုင် ယခုလို FDI နှုန်း မြင့်တက်မှုကြောင့် ပုံမှန် အနေအထားဖြင့် စီးပွားရေး နာလန်ထူအောင် လုပ်ဆောင် လာနိုင်သည်။

လတ်တလော ကာလတွင် တရုတ်ပြည်၌ အလုပ်သမား အရေးကိစ္စနှင့် ဆက်နွယ်သော ပြဿနာများ ဖြစ်ပေါ်လျက် ရှိသော်လည်း ကုန်ထုတ်လုပ်မှု အစီအမံများ ပြုလုပ်ပြီး နိုင်ငံခြား စီးပွားရေး လုပ်ငန်းကြီးများကို ကောင်းစွာ ဆွဲဆောင်နိုင်လျက် ရှိသည်။

ယခု ၂၀၁၀ ဇူလိုင်လ တစ်လတည်းတွင် တရုတ်နိုင်ငံသည် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ဒေါ်လာ ၆ ဒဿမ ၉ ဘီလီယံအထိ ရရှိခဲ့သည်။ အဆိုပါ ပမာဏသည် ၂၀၀၉ ခုနှစ် ဇူလိုင်လကထက် ၂၉ ဒဿမ ၂ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်ဟု စီးပွားရေး ဝန်ကြီးဌာနက ဆိုသည်။ ၂၀၁၀ ပထမ ၇ လအတွင်း နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ဒေါ်လာ ၅၈ ဒဿမ ၃၅ သန်းခန့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၀၉ ခုနှစ် ပထမ ၇ လအတွင်း ရရှိခဲ့သော ပမာဏထက် ၂၀ ဒဿမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဌာနက ဆိုသည်။

ပမာဏ အတိုင်းအတာ များပြားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တစ်ခုကို ဥပမာဖြင့် ပြရလျှင် ဂျာမန် ဓာတုဗေဒ လုပ်ငန်းကြီး တစ်ခု ဖြစ်သော BASF က ဂွမ်ဒေါင်း ပြည်နယ် တောင်ပိုင်းတွင် စက်ရုံသစ်ကြီး တစ်ခု တည်ဆောက်ခြင်းပင် ဖြစ်သည်ဟု စီးပွားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

တရုတ်နိုင်ငံ၏ လုပ်အား စရိတ်စခမှာ မြင့်တက်လျက် ရှိသလို ကုန်ထုတ်လုပ်မှုမှာလည်း အလွန်လျင်မြန်စွာ မြင့်တက်လျက် ရှိသည်။ သို့သော် အလုပ်သမား စရိတ်စကသည် အခြားသော ဖွံ့ဖြိုးပြီး နိုင်ငံများထက် လျော့နည်းလျက်ပင် ရှိသေးသည်။ နိုင်ငံတွင်း ရှိထားသော ခေတ်မီ အခြေခံ အဆောက်အအုံနှင့် အဆမတန် ကြီးထွားလာနေသည့် ပြည်တွင်း ဝယ်လိုအားတို့က နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ကောင်းစွာ ဆွဲဆောင်ထားနိုင်သည်။

ယခင်ကာလက ရရှိခဲ့သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အတော်များများမှာ ကုန်ပစ္စည်း တင်ပို့မှု အခန်းကဏ္ဍသို့သာ ဝင်ရောက်သွားခဲ့သော်လည်း ယခုအခါ ရင်းနှီး မြှုပ်နှံငွေများသည် စရိတ်စက နည်းပါးသော ပြည်တွင်း လုပ်ငန်းများဆီသို့ စတင် ဝင်ရောက်နေပြီ ဖြစ်သည်ဟု စီးပွားရေး ဝန်ကြီးဌာနမှ Yao Jian က ပြောကြားသည်။

"တရုတ်နိုင်ငံ အနောက်ဘက် ဒေသတွေက နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုအတွက် အလား အလာတွေကို အစွမ်းကုန် ထုတ်ပြနေကြပါတယ်" ဟု ၎င်းက ပြောဆိုသည်။

ပထမ ၇ လအတွင်း တရုတ်ပြည် အနောက်ဘက်ဒေသတွင် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒဿမ ၈၉ ဘီလီယံ ရရှိခဲ့ကြောင်း၊ အဆိုပါ ပမာဏသည် ယမန်နှစ်ကထက် ၁၉ ဒဿမ ၂ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။

လာမည့် လများအတွင်း ကုန်ပစ္စည်း တင်ပို့မှုနှုန်း နှေးကွေးလာဖွယ်ရှိပြီး ကုန်သွယ်ရေး ပိုလျှံမှုမှာ ယမန်နှစ်ကထက် လျော့နည်းနိုင်သည်ဟု Yao Jian က ပြောသည်။

Reuters သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment