Transparency Myanmar

transparency.myanmar@gmail.com

Associated Press, 18th August 2010

မြန်မာနိုင်ငံမှ လူသားမျိုးနွယ် အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးမည့် ကုလသမဂ္ဂ ကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံရန် အိုဘားမား အစိုးရက ဆုံးဖြတ်လိုက်သည်ဟု ဝါရှင်တန်ပို့စ်က ဗုဒ္ဓဟူးနေ့တွင် သတင်း ဖော်ပြခဲ့သည်။

အမည် မဖော်လိုသော အမေရိကန် အရာရှိများ၏ ပြောကြားမှုကို ဝါရှင်တန်ပို့စ် သတင်းစာ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြရာ၌ အိုဘားမား အစိုးရသည် မြန်မာနိုင်ငံမှ နိုင်ငံရေး အကျဉ်းသား ထောင်ဂဏန်းကို လွှတ်ပေးရန်နှင့် နိုင်ငံရေးစနစ် ပိုမို လွတ်လပ်ရန် မြန်မာအစိုးရကို ဖိအားပေးမည့် ငွေကြေး အရေးယူ ပိတ်ဆို့မှုများ တင်းကြပ်ရေးကိုလည်း စဉ်းစား သုံးသပ်နေသည်ဟု ရေးသားထားသည်။

၁၉၉၂ မှစ၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်ခဲ့သော စစ်ဖက် အစိုးရ အပေါ် စုံစမ်း စစ်ဆေးမည့် အစီအစဉ်ကို ထောက်ခံ အားပေးရန် အိုဘားမား အစိုးရက ကိုယ်တိုင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း သတင်းစာက ဆိုသည်။

ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး ပါတီ အနိုင်ရရှိခဲ့သော ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်များကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ၎င်း၏ သစ္စာခံများက ပယ်ဖျက်ခဲ့ ပြီးနောက် သူမမှာ ယခုအချိန်ထိ အကျယ်ချုပ် ထိန်းသိမ်းခံ နေရဆဲ ဖြစ်သည်။

နိုင်ငံတကာတွင် Burma ဟု လူသိများသော မြန်မာနိုင်ငံသည် အနှစ် ၂၀ အတွင်း ပထမဆုံး ဖြစ်ဖွယ်ရှိသည့် ရွေးကောက်ပွဲများကို နိုဝင်ဘာလ ၇ ရက်တွင် ကျင်းပမည်ဟု ဆိုသော်လည်း နိုင်ငံရေး လောကတွင် စစ်တပ်၏ သြဇာ အာဏာ ဆက်လက် တည်တံ့စေရန် ရည်ရွယ်၍ ဒီဇိုင်း ထုတ်ထားသော အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်သည်ဟု ဝေဖန် ဆန်းစစ်သူများက သုံးသပ်ထားသည်။

ဝါရှင်တန် အခြေစိုက် US Campaign for Burma မှ အမှုဆောင် ဒါရိုက်တာ အောင်ဒင်က "အိုဘားမား အစိုးရသည် မှန်ကန်သော အချိန်ကိုက် လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်" ဟု ကြိုဆိုခဲ့သည်။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော ကြေညာချက်တွင် အောင်ဒင်က "မြန်မာ အစိုးရ အဖွဲ့ဝင်တွေဟာ အတုအယောင် ရွေးကောက်ပွဲက တဆင့် အတုအယောင် အခြေခံ ဥပဒေ အာဏာ သက်ရောက်အောင် လုပ်ပြီး သူတို့ရဲ့ ညစ်ပတ်တဲ့ ရာဇဝတ်မှုတွေကို ပယ်ဖျက်နိုင်ဖို့ မျှော်လင့် နေကြတာပါ။ အမေရိကန် ပြည်ထောင်စုဟာ သူတို့ရဲ့ မာန်ပြ ရွေးကောက်ပွဲကို အသိအမှတ်ပြုမှာ မဟုတ်သလို၊ သူတို့ နိုင်ငံသားတွေ အပေါ် သူတို့ ကျူးလွန်တဲ့ ကြောက်မက်ဖွယ် ညှင်းပန်း နှိပ်စက်မှုတွေ အတွက် သူတို့ တာဝန် ယူဆောင် လုပ်ဆောင်သွားမယ် ဆိုတာကို အခု ရှင်းရှင်းလင်းလင်း အသိပေးလိုက်တာပါပဲ" ဟု ပြောကြားခဲ့သည်။

အိုဘားမား အစိုးရသည် အာဏာရလာ ပြီးနောက် မြန်မာနိုင်ငံ အပေါ် ကိုင်တွယ်မှု ပုံစံ ပြောင်းလဲရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ခဲ့သည်။

ဒီမိုကရေစီ ထောက်ခံသူများနှင့် လူ့အခွင့်အရေး အုပ်စုများက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအား မြန်မာ စစ်အစိုးရ အပေါ် လက်နက် ကုန်သွယ်မှု တားမြစ်ရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းရေး ကော်မရှင် ဖွဲ့၍ စစ်ဆေးရန် တိုက်တွန်းလျက် ရှိသည်။

မြန်မာ စစ်တပ်က ကရင် လက်နက်ကိုင်များအား တိုက်ခိုက်မှုကြောင့် ဒုက္ခသည် ထောင်ပေါင်း များစွာ နယ်စပ် ဖြတ်ကျော် ထွက်ပြေး နေကြသော ထိုင်း-မြန်မာ နယ်ခြား တစ်လျှောက်တွင် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ပြဿနာများ ကြီးထွားလာမည်ကို လူ့အခွင့်အရေး အဖွဲ့များက စိုးရိမ် နေကြခြင်း ဖြစ်သည်။ မြန်မာ အစိုးရထံမှ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ရရှိလိုသော KNU တပ်ဖွဲ့များနှင့် မြန်မာ စစ်တပ်တို့ အကြား ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည်မှာ ရာစု နှစ်ဝက်ခန့် ရှိပြီ ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment