Transparency Myanmar

transparency.myanmar@gmail.com

ယခင်က ရန်သူတော်များ ဖြစ်ခဲ့ကြသည့် ဗီယက်နမ်နှင့် အမေရိကန် ပြည်ထောင်စုတို့ စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုများ ပထမဆုံးအကြိမ်အဖြစ် သြဂုတ်လ ၁၇ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ အမေရိကန် စီနီယာ အရာရှိကြီး တစ်ဦးက ဗီယက်နမ်နှင့် ပြုလုပ်သော အဆိုပါ ဆွေးနွေးပွဲသည် အကျိုး ဖြစ်ထွန်းမှု ရှိသလို အောင်မြင်မှုလည်း ရှိခဲ့ကြောင်း ပြောဆိုသည်။

"ရင်းရင်းနှီးနှီးနဲ့ ပွင့်ပွင့်လင်းလင်း လုပ်ခဲ့တဲ့ အဲဒီ ဆွေးနွေးပွဲကြောင့် ကျွန်တော် အင်မတန် အံ့အားသင့် ခဲ့ရပါတယ်။ ဒီဆွေးနွေးပွဲဟာ ပထမဆုံးအကြိမ် ဖြစ်ပေမယ့်လည်း ကျွန်တော်တို့ အနေနဲ့ ထိထိရောက်ရောက် ဆွေးနွေးနိုင်ခဲ့ပါတယ်" ဟု အမေရိကန် ဒုတိယ လက်ထောက် ကာကွယ်ရေး ဝန်ကြီး Robert Scher က ဗီယက်နမ် ဒုတိယ ကာကွယ်ရေး ဝန်ကြီး Nguyen Chi Vinh နှင့် ပူးတွဲ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ယခု စစ်ဘက် ဆွေးနွေးမှုသည် ဗီယက်နမ်-အမေရိကန် နှစ်နိုင်ငံ ပုံမှန် ဆက်ဆံရေး ပြန်လည် ထူထောင်နိုင်မှု ၁၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကျင်းပခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း ဗီယက်နမ် ဆိပ်ကမ်းတွင် အမေရိကန် စစ်သင်္ဘော USS John S McCain ဆိုက်ကပ်ခဲ့ပြီး နှစ်နိုင်ငံ ရေတပ်စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ စစ်ရေး လေ့ကျင့်မှုသည် အမေရိကန်-ဗီယက်နမ် စစ်ရေးပူးပေါင်းမှု တိုးမြင့်လာခြင်းပင် ဖြစ်သည်။

"နောင်ကာလမှာ နှစ်နိုင်ငံ အပြန်အလှန် ယုံကြည်မှု၊ နားလည်မှုနဲ့ လွတ်လပ်မှုနဲ့ အချုပ်အခြာ အာဏာကို အပြန်အလှန် လေးစားမှု စတာတွေအပေါ် အခြေခံပြီး စစ်ရေး ဆက်ဆံမှု တိုးမြင့်အောင် လုပ်လာနိုင်ဖို့ ဒီဒိုင်ယာလော့ခ်က ကိုယ်စားပြုပါတယ်" ဟု Robert Scher က ဆိုသည်။

လူသားချင်း စာနာ ထောက်ထားသော အကူအညီများ၊ သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး၊ နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး၊ ပင်လယ်ရေကြောင်း လုံခြုံရေး အစရှိသည်တို့ အပေါ် မည်သို့ ကောင်းမွန်စွာ ပူးပေါင်း ဆောင်ရွက်သွားမည် ဟူသော အချက်ကို နှစ်ဦးနှစ်ဖက် ဆွေးနွေးဖြစ်ခဲ့သည်ဟု ၎င်းက ပြောသည်။

"အချိန်တို ကာလလေး အတွင်းမှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေ၊ မျှဝေ လုပ်ကိုင်မှုတွေ လုပ်လာနိုင်တာကိုလည်း ကျွန်တော့်အနေနဲ့ ဆက်ပြီး အံ့အားသင့်ရပြန်တယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အမေရိကန်ပြည်ထောင်စုက အာရှဒေသတွင်း ဝင်ရောက်ပြီး တောင်ကိုရီးယားနှင့် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခြင်း၊ ဗီယက်နမ် စစ်တပ်နှင့် နွေးထွေးသော ဆက်ဆံရေး ရရှိအောင် ပြုလုပ်နေခြင်း အစရှိသည်တို့နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံက ရတက်မအေးနိုင် ဖြစ်လျက် ရှိသည်။

ဗီယက်နမ် အနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် စစ်ရေးအရ ရင်းနှီးမှု တိုးမြင့်လာခြင်းသည် အခြားသော နိုင်ငံများကို ထိခိုက်နစ်နာမှု မရှိပါကြောင်း ဗီယက်နမ် ဒုတိယ ကာကွယ်ရေး ဝန်ကြီးက ပြောသည်။

"ဒီလို ပူးပေါင်း ဆောင်ရွက်တာဟာ ဗီယက်နမ်ရော၊ အမေရိကန် အတွက်ပါ အကျိုးအမြတ် ဖြစ်ထွန်းစေပါတယ်၊ အခုလို လုပ်တဲ့ အတွက်ကြောင့် အခြား ဘယ်နိုင်ငံရဲ့ အကျိုးစီးပွားကိုမှ မထိခိုက်ပါဘူး" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment