Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံသို့ သြဂုတ်လ ဒုတိယ နောက်ဆုံးပတ်အတွင်း တောင်ကိုရီးယား စီနီယာသံတမန် လာရောက် လည်ပတ်မည့် ခရီးစဉ်တွင် မြန်မာနှင့် မြောက်ကိုရီးယား နျူကလီယာ ပူးပေါင်း ဆောင်ရွက်နေသည့် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေး ပြောဆိုသွားမည် ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက သြဂုတ်လ ၁၈ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။

တောင်ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Shin Kak-soo သည် မြန်မာနိုင်ငံသို့ သြဂုတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ လာရောက် လည်ပတ်ရန် စီစဉ်ထားသည်။ အဆိုပါ ခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည့် ဒီမိုကရေစီ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု ရှိရန် မြန်မာအစိုးရကို တိုက်တွန်း ပြောဆိုမည် ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် မစ္စတာ Kim Yong-son က ပြောကြားသည်။ အဆိုပါ ရွေးကောက်ပွဲသည် ၁၉၉၀ ပြည့်နှစ် ဒီမိုကရေစီ ရွေးကောက်ပွဲ နောက်ပိုင်း ပထမဆုံး ဖြစ်လာမည် ဖြစ်သည်။

ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Shin Kak-soo အနေဖြင့် မြန်မာနှင့် မြောက်ကိုရီးယား အကြား နျူကလီယာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်နေသည်ဟု သံသယ ရှိနေသည့် ကိစ္စကိုလည်း ထုတ်ဖော် ဆွေးနွေးဖွယ် ရှိသည်။

"မြန်မာနဲ့ မြောက်ကိုရီးယား အကြား နျူကလီယာ ပူးပေါင်း လုပ်ဆောင်မှု အပါအဝင် ဖြစ်နိုင်ခြေ ရှိတဲ့ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို ကျွန်တော်တို့ အစိုးရက အနီးကပ် မျက်ခြည်မပြတ် စောင့်ကြည့်လျက် ရှိပါတယ်" ဟု ပြောခွင့်ရ ပုဂ္ဂိုလ် Kim Yong-son က ဆိုသည်။

"ကျွန်တော်တို့ အစိုးရဟာ အမေရိကန်ပြည်ထောင်စု အပါအဝင် အခြား သက်ဆိုင်မှုရှိတဲ့ နိုင်ငံတွေ အားလုံးနဲ့ ပူးတွဲ လုပ်ကိုင်နေပါတယ်။ ဒါပေမဲ့ အဲဒီ မြန်မာနဲ့ မြောက်ကိုရီးယား နျူကလီယာ ပူးပေါင်း ဆောင်ရွက်မှု ရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အတည်မပြုရသေးပါဘူး။ ဒါပေမဲ့ ဒုဝန်ကြီး မစ္စတာ Shin အနေနဲ့ မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးကိစ္စကို ခရီးစဉ်အတွင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လတွင် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Pak Ui-chun မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ပြီး မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ အဆိုပါ ခရီးစဉ်သည် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး တစ်ဦးအနေဖြင့် နှစ်ပေါင်း ၂၇ နှစ်အတွင်း ပထမဆုံး ခရီးစဉ် ဖြစ်ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က "မြန်မာနိုင်ငံဟာ နျူကလီယာ အစီအစဉ် အကောင်အထည် ဖော်ဖို့ မြောက်ကိုရီးယား နိုင်ငံဆီက အကူအညီ အထောက်အပံ့ ရယူဖို့ ကြိုးစားနေတယ် ဆိုတဲ့ သတင်းပေးပို့မှုတွေနဲ့ ပတ်သက်ပြီး ကျွန်မတို့ အမေရိကန်ပြည်ထောင်စုက စိုးရိမ်မကင်း ဖြစ်နေရဆဲပါပဲ" ဟု ထုတ်ဖော် သတိပေးခဲ့ဖူးသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Philip Crowley က မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေးတွင် ပွင့်လင်းမြင်သာမှု မရှိဟု အမေရိကန်ပြည်ထောင်စုက ရှုမြင်ကြောင်း ပြောဆိုသည်။

မြန်မာ-မြောက်ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးသည် ၁၉၈၃ ခုနှစ် တောင်ကိုရီးယား သမ္မတ၏ ချစ်ကြည်ရေး ခရီးစဉ်အတွင်း မြောက်ကိုရီးယား ဗုံးခွဲ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် အဆက်အသွယ် ပြတ်တောက်ခဲ့သည်။ ၂၀၀၇ ခုနှစ် အရောက်တွင် နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် စတင်ခဲ့သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment