Transparency Myanmar

transparency.myanmar@gmail.com

www.scoop.co.nz, 20th August 2010

နယူးဇီလန်ရှိ National Council of the Union of Burma နှင့် Burma Campaign UK တို့သည် အခြား အင်အားစုများနှင့် ပေါင်း၍ မြန်မာနိုင်ငံရှိ စစ်ရာဇဝတ်မှုများနှင့် လူသားချင်း စာနာမှု မရှိသော ရာဇဝတ်မှုများကို စစ်ဆေးရန် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်အား ထောက်ခံရန် နယူးဇီလန်အား တောင်းဆိုခဲ့သည်။

နယူးဇီလန်သည် နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး (ICC) ကို တည်ထောင်သော ရောမ ဥပဒေ စည်းမျဉ်း (Rome Statute) ကို ညှိနှိုင်းရာတွင် အဓိက ကဏ္ဍမှ ပါဝင်ခဲ့သည်။ ထို့အပြင် စာချုပ်ကို ပထမဆုံး လက်မှတ် ရေးထိုးသော နိုင်ငံ ဖြစ်သည်။ သို့သော် နယူးဇီလန်သည် မြန်မာနိုင်ငံ၏ စစ်ရာဇဝတ်မှုများနှင့် လူသားချင်း စာနာမှု မရှိသော ရာဇဝတ်မှုများကို ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်က စုံစမ်းရန် ကိစ္စတွင် လူသိရှင်ကြား ထောက်ခံခြင်း မရှိသေးပေ။

ယခုအပတ် အစောပိုင်းက အမေရိကန် ပြည်ထောင်စုသည် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်အား သြစတြေးလျ၊ ဗြိတိန်၊ ချက်နှင့် ဆလိုဗေးကီးယားတို့ နောက်တွင် လူသိရှင်ကြား ထောက်ခံသော ပဉ္စမမြောက်နိုင်ငံ ဖြစ်သည်။

ယခုနှစ် မတ်လက မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်က ဖော်ထုတ်ခဲ့သော အစီရင်ခံစာတွင် စနစ်ကျပြီး တိုးပွားလာသော အဆိုပါ ကျူးလွန်မှုများနှင့် ၎င်းတို့ကို ရပ်တန့်အောင် မလုပ်နိုင်ခြင်းများသည် အုပ်ချုပ်ရေးပိုင်း၊ စစ်တပ်ပိုင်း၊ တရားစီရင်ရေးပိုင်း အားလုံး ပါဝင် ပတ်သက်သော တိုင်းပြည်၏ မူဝါဒသဖွယ် ဖြစ်လာနေကြောင်း ညွှန်းဆိုနေခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။ ထို့ပြင်အဆိုပါ အစီရင်ခံစာတွင် အချို့ လူ့အခွင့်အရေး ရက်စက်မှုများသည် နိုင်ငံတကာ တရားရုံးမှ စည်းမျဉ်းများအရ လူသားချင်း မစာနာမှုနှင့် စစ်ရာဇဝတ်မှုများကို ဆန့်ကျင် ဖောက်ဖျက်နေကြောင်း အစီရင်ခံချက်များအရ သိရှိရသည်ဟု ဆိုသည်။ ထို့ကြောင့် ကုလသမဂ္ဂ အဖွဲ့အစည်းများသည် နိုင်ငံတကာ ရာဇဝတ်မှုများကို ကျူးလွန်ကြောင်း ဖော်ထုတ်မည့် အာဏာ လွှဲအပ်ထားသော စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့ရန် စဉ်းစားရန် ဖော်ပြထားသည်။

ထို့ကြောင့် နယူးဇီလန် အနေဖြင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်ဆိုင်းရန်နှင့် တရားဥပဒေ ရှေ့မှောက်သို့ ပို့ဆောင်ရေးတွင် ထောက်ခံ အားပေးသင့်သည်ဟု National Council of the Union of Burma နယူးဇီလန်ရုံးမှ ဒါရိုက်တာဖြစ်သူ နိုင်ငံရေး အကျဉ်းသားဟောင်း နိုင်ကိုကိုက ပြောသည်။ "မြန်မာ ဗိုလ်ချုပ်တွေဟာ အမျိုးသမီးများကို အဓမ္မ ကျင့်ခြင်း၊ လူသတ်ခြင်းနှင့် ညှဉ်းပမ်း နှိပ်စက်မှုများအတွက် တာဝန်ရှိပါတယ်။ သူတို့ဟာ နိုင်ငံတကာ ဥပဒေတွေကို နှစ်ပေါင်းများစွာ ဖောက်ဖျက်နေပြီး၊ သူတို့ကို ဘယ်သူကမှလည်း၊ ရပ်အောင် မလုပ်နိုင်ပါဘူး။ အခု နယူးဇီလန် အနေနဲ့ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ကိုတော့ ထောက်ခံ ပံ့ပိုးရပါမယ်'' ဟု ၎င်းက ဆိုသည်။

"နယူးဇီလန်အနေနဲ့ နိုင်ငံတကာ ဥပဒေကို လေးစားအောင် လုပ်ရာတွင် ရှေ့တန်းက ပါသင့်ပါတယ်။ ခြေလှမ်း မနှေးသင့်ပါဘူး'' ဟု Burma Campaign UK မှ ဒါရိုက်တာ Mark Farmaner  က ပြောသည်။ "နယူးဇီလန်ဟာ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ကို လူသိရှင်ကြား ထောက်ခံ ပံ့ပိုးသင့်ပါတယ်။ ဒီကိစ္စကို ဒီနှစ်နှောင်းပိုင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်မှာ ပါဝင်ရေး လုပ်ပေးသင့်ပါတယ်'' ဟု ၎င်းကဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment