Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ စစ်အစိုးရ ခေါင်းဆောင်များ ကျူးလွန်သည့် စစ်ရာဇဝတ်မှုများ စုံစမ်း ဖော်ထုတ်မည့် ကော်မရှင် တစ်ရပ်ကို ကုလသမဂ္ဂက ဖွဲ့စည်း ထူထောင်ပေးမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကော်မရှင်ကို အမေရိကန် သမ္မတ ဘားရက်အိုဘားမား အုပ်ချုပ်ရေး အဖွဲ့က ခိုင်ခိုင်မာမာ ကျောထောက်နောက်ခံ ပေးထားသည်။

ဝါရှင်တန်ပို့စ် သတင်းစာ အဆိုအရ အဆိုပါ ကော်မရှင် ဖွဲ့စည်း ထူထောင်ရန် စီစဉ်မှုသည် မြန်မာ စစ်အစိုးရအနေဖြင့် အာဏာရှင်ဆန်သော နိုင်ငံရေးစနစ်ကို ပြောင်းလဲပြီး ဖမ်းဆီး ထိန်းသိမ်းထားသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် ဖိအားပေးမှု တစ်ရပ် ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော စစ်အစိုးရအပေါ် ထားရှိသည့် သဘောထား ပိုမိုတင်းမာမှုကို ပြသသည့် အနေဖြင့် ယခုကော်မရှင်ကို ဖွဲ့စည်း ထူထောင်ခြင်း ဖြစ်ကြောင်း အမေရိကန် ထိပ်တန်း အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြသည်။

အမေရိကန်သမ္မတ အိုဘားမား အုပ်ချုပ်ရေး အဖွဲ့ကလည်း မြန်မာစစ်အစိုးရအပေါ် ဘဏ္ဍာရေး ပိတ်ဆို့အရေးယူမှုများ ပိုမို တင်းကြပ်စွာ ပြုလုပ်ရန် စဉ်းစားလျက် ရှိသည်။ ယခုကဲ့သို့ စစ်ရာဇဝတ်မှု စုံစမ်းဖော်ထုတ်ရေး ကော်မရှင် ထူထောင်ရန် ဖြစ်လာခြင်းသည် မြန်မာစစ်အစိုးရက နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကြေညာချက် ထုတ်ပြန်ပြီး ရက်ပိုင်းတွင် ဖြစ်သည်။

အသက် ၇၇ အရွယ် ရှိပြီ ဖြစ်သော မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ အစိုးရ ဆန့်ကျင်သူများအပေါ် ရက်စက် ကြမ်းကြုတ်မှုများစွာ ကျူးလွန်ခဲ့သူအဖြစ် စွပ်စွဲခံထားရကြောင်း ဝါရှင်တန်ပို့စ်က ရေးသားသည်။ အထူးသဖြင့် ၎င်းသည် ၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးတွင် ဗုဒ္ဓဘာသာ သံဃာတော်များ အပါအဝင် လူပေါင်းများစွာကို သတ်ဖြတ်၊ ဖမ်းဆီး၊ အကျဉ်းချခဲ့သည်ဟု ဆိုသည်။

ထိုမျှ မကသေးပေ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ့ ဦးဆောင်သော နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (SPDC) သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ် အတိုင်းအတာဖြင့် အနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုလည်း အာဏာ လွှဲပြောင်းပေးခဲ့ခြင်း မရှိပေ။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နှစ်ပေါင်းများစွာ နေအိမ် အကျယ်ချုပ်ဖြင့် အကျဉ်းချခဲ့သည်။

"အခု အရေးတကြီး ဖြစ်နေတဲ့ ကိစ္စက မြန်မာ ပြည်သူလူထုကို ဦးတည် ပစ်မှတ်ထားဖို့ မဟုတ်ပါဘူး။ မြန်မာ စစ်အစိုးရကိုပါ။ အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုပါ" ဟု အမေရိကန် အစိုးရမှ စီနီယာ အရာရှိကြီးတစ်ဦးက ဆိုသည်။

အိုဘားမား အုပ်ချုပ်ရေးအဖွဲ့သည် နိုင်ငံရေး အာဏာ စတင်ရရှိလာသည့် အချိန်မှစ၍ မြန်မာနိုင်ငံအပေါ် ထားရှိသည့် မူဝါဒများ ပြောင်းလဲရန် ဆန္ဒရှိခဲ့သည်။ ထို့အတူ အရှေ့တောင် အာရှနိုင်ငံများနှင့် ဆက်ဆံရေး ပိုမို တိုးတက် ကောင်းမွန်အောင်လည်း လုပ်ဆောင်လိုသည်။

သို့အတွက်ကြောင့် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် အိုဘားမား အုပ်ချုပ်ရေး အဖွဲ့က မြန်မာ စစ်အစိုးရနှင့် စေ့စပ် ညှိနှိုင်းမှုပြုလုပ်ရန် စတင်ခဲ့သည်။ မြန်မာနိုင်ငံသို့ အဆင့်မြင့် သံတမန်ကြီးများ စေလွှတ်ခြင်း၊ လူသားချင်း စာနာ ထောက်ထားသော အကူအညီအချို့ ပေးပို့ခြင်း တို့ကိုလည်း လုပ်ဆောင်ခဲ့သည်။

Washington Post မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment