Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန် ကြိုးပမ်းလျက် ရှိကြောင်း အရှေ့တီမောနိုင်ငံ သမ္မတ Jose Ramos-Horta က ပြောကြားသည်။

"ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို မြှင့်တင်လိုပါတယ်" ဟု သမ္မတ Jose Ramos-Horta က မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း အရှေ့တီမော နိုင်ငံသို့ ရောက်ရှိနေစဉ် ပြောဆိုသည်။ ဦးဉာဏ်ဝင်း၏ ခရီးစဉ်တွင် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် မကျေနပ်သော ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

"မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး မြှင့်တင်မယ့် ကိစ္စကို တီမောလက်စ်ပေါ်လစီနဲ့ တစ်သားတည်း ဖြစ်အောင် လုပ်ဆောင်သွားမှာပါ။ တီမောလက်စ် ပေါ်လစီက အိမ်နီးချင်း နိုင်ငံတွေအားလုံးနဲ့ ဆက်ဆံရေး မြှင့်တင်ဖို့ ဦးတည်ထားတာ ဖြစ်ပါတယ်" ဟု မစ္စတာ Romos-Horta က မြန်မာ (Myanmar) ဟူသော နိုင်ငံ၏ တရားဝင် အမည်နာမကို အသုံးပြု၍ ပြောဆိုသည်။

"ဒါ့အပြင် မြန်မာနိုင်ငံနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ဖို့ အတွက်လည်း အရှေ့တီမော နိုင်ငံခြားရေးဝန်ကြီး Zacarias Da Costa က စီးပွားရေး ကိုယ်စားလှယ် အဖွဲ့နဲ့အတူ မြန်မာနိုင်ငံကို မကြာမီ လာရောက် လည်ပတ်မှာပါ။ ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံနဲ့ ခိုင်မာတဲ့ စီးပွားရေး ဆက်ဆံမှု တစ်ရပ် ထူထောင်ဖို့ပါပဲ" ဟု ၎င်းကပြောသည်။

မြန်မာ စစ်အစိုးရအနေဖြင့် ဖမ်းဆီး ထိန်းသိမ်းထားသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးပြီး ပွင့်လင်းမှုရှိသော ဒိုင်ယာလော့ခ် တစ်ရပ် ပြုလုပ်ရန် အရှေ့တီမော နိုင်ငံက တိုက်တွန်း ပြောဆိုခဲ့ပြီး ဖြစ်သည်ဟု မစ္စတာ Romos-Horta က ပြောကြားသည်။

"အရှေ့တီမောရဲ့ ရပ်တည်ချက် သဘောထားကတော့ အာဆီယံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ သဘောထားလိုပါပဲ၊ တကယ်လို့ ဒိုင်ယာလော့ခ်တစ်ရပ် ထွက်ပေါ်လာမယ်ဆိုရင် အဲဒီ ဒိုင်ယာလော့ခ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး သာမန် နိုင်ငံသားတစ်ယောက် ဖြစ်လာနိုင်ဖို့ ရည်ရွယ်ချက် ထားရှိသင့်ပါတယ်" ဟု ၎င်းက ပြောသည်။

မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း၏ အရှေ့တီမော ခရီးစဉ်သည် ဆန္ဒပြမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုသူ လူ့အခွင့်အရေး သမားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခများလည်း ဖြစ်ပေါ်ခဲ့သည်။ သမ္မတ Ramos-Horta အပါအဝင် အခြားသော စီနီယာ အရာရှိကြီးများနှင့် တွေ့ဆုံရန် သြဂုတ်လ ၂၀ ရက်နေ့က Dili လေဆိပ်သို့ ဦးဉာဏ်ဝင်း ရောက်ရှိလာချိန်တွင် ဆန္ဒပြအုပ်စု ရာပေါင်းများစွာ လေဆိပ်တွင် စုရုံးလျက် ရှိကြောင်း ဆန္ဒပြမှုကို ဦးဆောင် ပြုလုပ်ခဲ့သူများက ပြောကြားသည်။

လေဆိပ်တွင် အရှေ့တီမော ရဲများက ဆန္ဒပြသူများ ယူဆောင်လာသည့် နဖူးစည်းများ၊ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြစ်တင် ရှုတ်ချထားသည့် စာတန်းများ ရေးသားထားသည့် ဆိုင်းဘုတ်များကို ဝင်ရောက် သိမ်းဆည်းရာ ရုန်းရင်းဆန်ခတ်မှုများ၊ လုံးထွေး သတ်ပုတ်မှုများလည်း ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။

"ကျွန်တော်တို့ ဒီကိုလာပြီး ဆန္ဒပြတာဟာ မြန်မာနိုင်ငံထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆုံးသတ်ရေး၊ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး စတာတွေကို ခဲရာခဲဆစ် လုပ်ကိုင်နေကြတဲ့ မိတ်ဆွေ ရောင်းရင်းတွေကို အကူအညီ၊ အထောက်အပံ့ ပေးဖို့ပါပဲ" ဟု ဆန္ဒပြမှုကို ပူပေါင်း ဆောင်ရွက်ပေးခဲ့သူ Carolino Marques က ပြောကြားသည်။

"ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလက်ငင်း လွှတ်ပေးပြီး စစ်အစိုးရ အမြန်ဆုံး ဆင်းပေးရပါမယ်" ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲကို စစ်အစိုးရက တင်းကြပ်စွာ ချုပ်ကိုင်ထားမှုအပေါ် အတိုက်အခံ နိုင်ငံရေးသမားများနှင့် အနောက်နိုင်ငံများက ပြင်းပြင်းထန်ထန် ရှုတ်ချပြောဆိုကြသည်။ ထို့ပြင် အဆိုပါ ရွေးကောက်ပွဲသည် အတုအယောင်မျှသာ ဖြစ်ပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရာသာ ဦးတည်ထားသည်ဟု ဆိုသည်။

နှစ်ပေါင်းများစွာ နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများ တရားမျှတမှု မရှိသောကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။

Bangkok Post သတင်းစာမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment