Transparency Myanmar

transparency.myanmar@gmail.com

မြောက်ကိုရီးယား နိုင်ငံသည် စစ်သင်္ဘောများ၊ တင့်ကားများ သို့မဟုတ် ဂျက်တိုက် လေယာဉ်များကို ကွယ်ဖျောက်ထားနိုင်သည့် ကိုယ်ပျောက်ဆေး ကဲ့သို့သော ဓာတုပစ္စည်း တစ်မျိုးကို တီထွင် ဆန်းသစ်ထားပြီး ဖြစ်ကြောင်း သတင်းပေးပို့ချက် တစ်ရပ်က ဆိုသည်။ နိုင်ငံခြားမှ ဆက်သွယ်ရေး ဂြိုလ်တုများ၊ ထောက်လှမ်းရေး လေယာဉ်များ အစရှိသည်တို့ ဖမ်းမမိနိုင်သည့် အနေအထားမျိုး ရောက်အောင် ကွယ်ဖျောက်ပေးနိုင်သည့် ဓာတုပစ္စည်းကို တီထွင်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ကွန်မြူနစ် မြောက်ကိုရီးယား စစ်တပ်တွင်း ထုတ်ဝေသော လျှို့ဝှက် လမ်းညွှန်ချက် တစ်ရပ်အရ အထီးကျန်ဖြစ်နေသော မြောက်ကိုရီးယားသည် တစ်ယောက်ပစ် ကျင်းများ၊ လိုဏ်ဂူများ တည်ဆောက်ထားပြီး ဖြစ်သည်ဟု Chosun Ilbo သတင်းစာက ရေးသား ဖော်ပြသည်။

အဆိုပါ လျှို့ဝှက် လမ်းညွှန်ချက်တွင် "ခေတ်မီသည့် စစ်ပစ္စည်း ဟူသည်မှာ အများ မမြင်နိုင်သည့် ကိုယ်ပျောက်ပစ္စည်းပင် ဖြစ်သည်။  စစ်အောင်ပွဲ သို့မဟုတ် တိုက်ခိုက် ချေမှုန်းမှု တစ်ရပ်ဟူသည် ငါတို့ အနေဖြင့် ကိုယ်ပျောက်ပစ္စည်များ မည်သို့ တီထွင်နိုင်သည် ဟူသော အချက်ပေါ်တွင် မူတည်သည်" ဟူသော ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်၏ ပြောဆိုချက်ကို ကိုးကား ဖော်ပြထားသည်။

၂၀၀၅ ခုနှစ်တွင်  ရိုက်နှိပ်ခဲ့သော အဆိုပါ လျှို့ဝှက် လမ်းညွှန်ချက် စာအုပ်ကို တောင်ကိုရီးယား ခရစ်ယာန် အသင်းအဖွဲ့တစ်ခုမှ တစ်ဆင့် လျှို့ဝှက်စွာ မှောင်ခို ထုတ်ယူလာခြင်း ဖြစ်သည်။

ကိုယ်ပျောက် ဓာတုဆေး မည်သို့မည်ပုံ ထုတ်လုပ်ရမည် ဟူသော လမ်းညွှန်ချက်များလည်း အဆိုပါ စာအုပ်တွင် ပါဝင်ကြောင်း၊ အဆိုပါ ဓာတုဆေးသည် ရေဒါလှိုင်းများကို စုပ်ယူ နိုင်ကြောင်း Chousun Ilbo သတင်းစာက ရေးသားဖော်ပြသည်။

အဆိုပါ သတင်းပေးပို့ချက်နှင့် ပတ်သက်၍ တောင်ကိုရီးယား စစ်ဘက် အရာရှိများက အတည်ပြု ပြောဆိုခြင်း မရှိသေးပေ။ အဆိုပါ တပ်တွင်း လျှို့ဝှက် လမ်းညွှန်စာအုပ်တွင် စစ်ပစ္စည်းများ၊ အသုံးအဆောင်များ ကွယ်ဖျောက်နိုင်သည့် နည်းလမ်းများနှင့် စစ်တပ်စိပ်တစ်ခု မည်သို့မည်ပုံ ဖွဲ့စည်းရမည် ဟူသော အချက်အလက်များလည်း ဖော်ပြပါရှိသည်။ တောင်ကိုရီးယားနှင့် အမေရိကန် လျှို့ဝှက် ထောက်လှမ်းရေး ကိရိယာများ ဖမ်းမမိနိုင်အောင် ရှောင်ကွင်းနိုင်သည့် နည်းလမ်းများဟု ဆိုသည်။

အမည် မဖော်လိုသော ထောက်လှမ်းရေး သတင်းရင်းမြစ်က မြောက်ကိုရီးယား စစ်တပ်အနေဖြင့် ယခုလို နည်းပညာမျိုး လုပ်ဆောင်နိုင်ခဲ့သည် ဟူသော အချက်အပေါ် လွန်စွာ အံ့အားသင့်မိကြောင်း၊ မြောက်ကိုရီးယားသည် မိမိတို့ ထင်ထားသည်ထက်ပင် လျှို့ဝှက် ဆန်းကြယ်သည့် လုပ်ရပ်များ ပြုလုပ်နေကြောင်း ပြောကြားသည်။ Yonhap သတင်းဌာနကလည်း အလားတူ သတင်း ပေးပို့ချက် တစ်ရပ် ထုတ်ပြန်ခဲ့သည်။

BBC သတင်းကို ဘာသာ ပြန်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment