Transparency Myanmar

transparency.myanmar@gmail.com

မြောက်ကိုရီးယား နိုင်ငံ၊ မြို့တော်ပြုံယမ်း အနီးတွင် ကွန်မြူနစ်အစိုးရက တပ်ဖွဲ့များ၊ အမြောက် တပ်ရင်းများနှင့် တင့်ကားများဖြင့် လုံခြုံရေး တင်းကြပ်စွာ ချထားကြောင်း သိရသည်။ ယင်းသို့ လုံခြုံရေး တင်းကြပ်ထားခြင်းမှာ ယခုနှစ်ကုန်ပိုင်း ပြုံယမ်းတွင် ကြီးကျယ် ခမ်းနားစွာ ကျင်းပရန် ရှိသည့် စစ်ရေးပြ အခမ်းအနားကြောင့် ဖြစ်သည်ဟု တောင်ကိုရီးယားက ဆိုသည်။

ကိုရီးယား ကျွန်းဆွယ်တွင် ဖြစ်ပေါ်လျက် ရှိသော တင်းမာမှုများကြောင့် ဇူလိုင် လလယ်လောက်မှ စ၍ ယခုကဲ့သို့ မြို့တော် ပြုံယမ်းအနီး ပတ်ပတ်လည်တွင် စစ်တပ်အင်အား အပြည့်ချထားခြင်း ဖြစ်သည်ဟု တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပါလီမန် လွှတ်တော် ကော်မတီသို့ တင်သွင်းသည့် အစီရင်ခံစာတွင် ဖော်ပြသည်။

"မြောက်ကိုရီးယား မြို့တော်ပြုံယမ်းတွင် အမျိုးသား လှုပ်ရှားမှုကြီး တစ်ရပ်ကို အုံနှင့်ကျင်းနှင့် ကြီးကျယ်ခမ်းနားစွာ ကျင်းပရန် ပြင်ဆင်နေပြီ ဖြစ်သည်။ အဆိုပါ လှုပ်ရှားမှုသည် အာဏာရ အလုပ်သမား ပါတီကြီး၏ အရေးကြီးသော ညီလာခံနှင့်လည်း ပတ်သက်မှု ရှိသလို မြောက်ကိုရီးယား နိုင်ငံတော် ထူထောင်သည့် နှစ်ပေါင်း ၆၅ နှစ်ပြည့် အထိမ်းအမှတ် တစ်ခုလည်း ဖြစ်သည်" ဟု တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန၏ အစီရင်ခံစာက ဆိုသည်။

မြောက်ကိုရီးယားသည် အဆိုပါ စစ်ချီ အခမ်းအနားကြီးတွင် စစ်အင်အား အပြည့်အဝ  ထုတ်ဖော် ပြသဖွယ် ရှိသည်ဟု တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနမှ အမည် မဖော်လိုသူ အရာရှိ တစ်ဦးက ပြောကြားသည်။

မြောက်ကိုရီးယားသည် အရေးကြီးသော အမျိုးသား အထိမ်းအမှတ် နေ့ရက်များကို မကြာခဏ ဆိုသလို ပြုလုပ်လေ့ ရှိသည်။ ထို့အတူ အသစ် တီထွင် ထုတ်လုပ်ထားသည့် ဒုံးကျည်များနှင့် အခြားသော စစ်လက်နက်များကိုလည်း ထုတ်ပြလေ့ ရှိသည်။

လာမည့် စက်တင်ဘာ လဆန်းပိုင်းတွင် ပြုလုပ်မည့် အလုပ်သမားပါတီ ကွန်ဖရင့်တွင် ပါတီ ခေါင်းဆောင်သစ်များကို ရွေးချယ် တင်မြှောက်မည်ဟု ကွန်မြူနစ် အစိုးရက ပြီးခဲ့သည့် ဇွန်လတွင် သတင်း ထုတ်ပြန်သည်။ အဆိုပါ ကွန်ဖရင့်တွင် လက်ရှိ ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်၏ အငယ်ဆုံး သားဖြစ်သူအား အာဏာ လွှဲပြောင်းမည့် ကိစ္စ တရားဝင် ထုတ်ဖော် ပြောဆိုမည် ဟူသော ထင်ကြေးပေး ပြောဆိုမှုများလည်း ထွက်ပေါ်လျက် ရှိသည်။

ကင်ဂျုံအီလ်၏ အငယ်ဆုံး သားဖြစ်သူမှာ Kim Jong Un ဖြစ်ပြီး ၎င်းအား ပါတီ ကွန်ဖရင့်တွင် အရေးကြီးသည့် လုပ်ငန်း တာဝန်များ လွှဲပြောင်းပေးမည်ဟု ယူဆရသည်။ ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်မှာ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်မှ စ၍ လေသင်တုန်း ဖြတ်သည့် ရောဂါဝေဒနာ ခံစားခဲ့ရပြီး ယခု အခါတွင်လည်း ကျန်းမာရေး ညံ့ဖျင်းလျက် ရှိသည်ဟု ပြောဆိုမှုများလည်း ရှိသည်။ ကင်၏ ကျန်းမာရေးကြောင့် နျူကလီယာ ပိုင်ဆိုင်သော ကွန်မြူနစ် မြောက်ကိုရီးယား တည်ငြိမ် အေးချမ်းမှုနှင့် ပတ်သက်၍ စိုးရိမ်မကင်း ဖြစ်မှုများလည်း ခေါင်းဆောင်များအကြား ဖြစ်ပေါ်လျက် ရှိသည်။ သို့အတွက်ကြောင့် ကင်ဂျုံအီလ်က အငယ်ဆုံး သားဖြစ်သူအား ဖြစ်နိုင်ပါက အမြန်ဆုံး အာဏာ လွှဲပြောင်းရန် စီစဉ်နေခြင်း ဖြစ်သည်ဟု လေ့လာ သုံးသပ်သူများက ဆိုသည်။

ယခုအခါ မြောက်နှင်တောင် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးမှာ မတ်လ ၂၆ ရက် ချိုနန် စစ်သင်္ဘော နစ်မြုပ်မှု ဖြစ်ပွားပြီး နောက်ပိုင်း လွန်စွာ တင်းမာလျက် ရှိသည်။ အမေရိကန် ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့က စစ်သင်္ဘော နစ်မြုပ်မှုသည် မြောက်ကိုရီးယား တော်ပီတို ဒုံးကျည် တိုက်ခိုက်ခံရခြင်းကြောင့် ဖြစ်သည်ဟု ဆိုသော်လည်း မြောက်ကိုရီးယား အစိုးရက လုံးဝ မဟုတ်မှန်ကြောင်း ငြင်းပယ်ထားသည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment