Transparency Myanmar

transparency.myanmar@gmail.com

Reuters, 30th September 2010

မြန်မာအစိုးရ လက်နက်ကိုင် တပ်ဖွဲ့များသည် အလုပ်ဖြစ် ရှင်သန်နေသော မူးယစ်ဆေးဝါး ကုန်သွယ်ရေးကို နှိမ်နှင်းရန် ကြိုးစားခြင်းထက် ၎င်းအပေါ်မှ ဝင်ငွေများ ရရှိနေပြီး နယ်စပ်အနီး ဘိန်းစိုက်ပျိုးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့နှင့် သဘော တူညီမှုများ ပြုလုပ်နေသည်ဟု ယနေ့ အစီရင်ခံစာ တစ်စောင်က ဖော်ပြသည်။

ဒီဇင်ဘာလ ကုလသမဂ္ဂ လေ့လာရေး အစီရင်ခံစာတွင် ရှမ်းပြည်မြောက်ပိုင်း၌ ဘိန်းထုတ်လုပ်မှု ကြီးထွားနေကြောင်း ဖော်ပြခဲ့ပြီးနောက် ထိုင်းအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းစာ ဦးဆောင်သည့် ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေး စီမံချက်၏ အစီရင်ခံစာ ဆက်လက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အာဖကန် နစ္စတန်၏ နောက်တွင် ကမ္ဘာ့ ဒုတိယ အကြီးဆုံး ဘိန်းထုတ်လုပ်သူ မြန်မာနိုင်ငံ၏ ဘိန်း ၉၅ % ကို အဆိုပါ ဒေသတွင် စိုက်ပျိုး ထုတ်လုပ်ခြင်း ဖြစ်သည်။

ဆယ်စုနှစ် ပေါင်းများစွာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများကဲ့သို့ ရှင်သန်ခဲ့ပြီး လာမည့် ရွေးကောက်ပွဲ မတိုင်မီ လက်နက် ချရန် အစိုးရ၏ တောင်းဆိုမှုကို ငြင်းဆန်နေကြသော လက်နက်ကိုင် သူပုန်များကို တိုက်ခိုက်ရန် အကြောင်းရင်း တစ်ခုအဖြစ် မြန်မာအစိုးရက မူးယစ်ဆေးဝါး ကုန်သွယ်ရေးကို အသုံးချလျက် ရှိသည်။

စစ်အစိုးရ၏ နိုင်ငံရေး လုပ်ငန်းစဉ်သို့ ပူးပေါင်းရန် ငြင်းဆန်မှု အပေါ်တွင် လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားလာဖွယ် ရှိသဖြင့် လက်နက်ခဲယမ်း စုဆောင်းရေး အတွက် ငွေရှာရန် ဝ တပ်ဖွဲ့ (UWSA) ကဲ့သို့သော တရုတ်မျိုးနွယ်စု သူပုန်များက ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုကို တိုးမြှင့်လာခြင်း ဖြစ်သည်ဟု လေ့လာသူများက ပြောကြားသည်။

သို့ရာတွင် ၂၀၀၄ ခုနှစ် နောက်ဆုံးထား၍ ဖယ်ရှားရန် သန္နိဋ္ဌာန် ချထားသည်ဟု ဆိုသော ဝင်ငွေကောင်း မူးယစ်ဆေးဝါး ကုန်သွယ်ရေးကို တိုက်ဖျက်မည့် အစိုးရ၏ ကတိကဝတ်အပေါ် သံသယ ရှိကြောင်း ယခု အစီရင်ခံစာက ညွှန်ပြနေသည်။

လက်နက်ကိုင် သူပုန်များသည် ထိုင်း-မြန်မာ နယ်စပ် တစ်လျှောက်တွင် မူးယစ်ဆေးဝါး စက်ရုံသစ်များ "တည်" နေကြသည်ဟု အစီရင်ခံစာ ရေးသားသူ ခွန်ဆိုင်းဂျာရန်က ဆိုသည်။ "သူတို့ဟာ အစိုးရအပေါ် နိုင်ငံရေး သစ္စာစောင့်သိမှုကြောင့် ဆုလာဘ်တွေ ရနေတာပါ" ဟု ၎င်းက အစီရင်ခံစာတွင် ဖော်ပြသည်။ ဟီးရိုးအင်း ချက်လုပ်ရန် အတွက် ဘိန်းစေး ခြစ်ရန် ပေါ်ပီပင်ကို ရှမ်းပြည်နယ် ၅၅ မြို့နယ် အနက် ၄၆ မြို့နယ်တွင် စိုက်ပျိုးကြပြီး ၎င်းမြို့နယ် အများစုမှာ မြန်မာစစ်တပ်၏ ထိန်းချုပ်မှု အောက်တွင် ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးသည့် မြေအကျယ်အဝန်းမှာ ၂၀၀၆ ခုနှစ် နောက်ပိုင်း ၅၀ % မြင့်တက်လာကာ ၇၈၃၃၀ ဧကသို့ ရောက်ရှိခဲ့သည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ် မှုခင်း ဆိုင်ရာ ဌာန UNODC က ယခင်နှစ်က ပြောကြားခဲ့သည်။

မြန်မာနှင့် တရုတ်၊ ထိုင်း၊ လာအိုတို့ နယ်နိမိတ်ချင်း ထိစပ်နေသော ရွှေတြိဂံ နယ်မြေမှာ အရှေ့တောင် အာရှ၏ အဓိက ဘိန်းထုတ်လုပ်ရာ ဒေသ ဖြစ်သည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးဒေသ ရှမ်းပြည်နယ်သည် တိုင်းရင်းသား လက်နက်ကိုင် အုပ်စု များစွာ၏ ဇာတိ နေအိမ် ဖြစ်ပြီး ၎င်းတို့၏ ကိုယ်စား ပြုမှုကို အခြေခံ ဥပဒေက ကန့်သတ်ထားခြင်း တို့ကြောင့် နိုဝင်ဘာ ရွေးကောက်ပွဲကို ပူးပေါင်း ပါဝင်ရန် ငြင်းဆန်ထားကြသည်။

အမှန်တကယ်တွင် မြန်မာနိုင်ငံကို ၎င်းတို့၏ နိုင်ငံအဖြစ် အသိအမှတ်ပြုသူ လက်နက်ကိုင် အုပ်စု အနည်းငယ်သာ ရှိပြီး လတ်တလော ဖွဲ့စည်းထားသော တိုင်းရင်းသား နိုင်ငံရေး ပါတီများ ရှိနေသော်လည်း ရွေးကောက်ပွဲသည် ဒေသတွင်း ထောက်ခံမှု များစွာ ရမည့် လက္ခဏာ မရှိပါ။ သူပုန်များကလည်း မဲရုံကို ဖျက်ဆီးရန် ကြိုးစားနိုင်ဖွယ် ရှိသည်။

မြန်မာ အစိုးရကလည်း လွတ်လပ် မျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်ရန် မလွယ်ကူသော အနေအထား ရှိသည့် ကျေးရွာပေါင်း ၃၀၀ တွင် မဲပေးပွဲကို ပယ်ဖျက်ကြောင်း ယခုလ အစောပိုင်းတွင် ကြေညာခဲ့ရာ ရှမ်းပြည်နယ်မှ ကျေးရွာ အများစု ပါဝင်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 30th September 2010

ထိုင်းနိုင်ငံ ၀န်ကြီးချုပ် Abhisit Vejjajiva သည် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာစေရေး အတွက် လာမည့် လတွင် မြန်မာနိုင်ငံသို့ တစ်ရက်တာ သွားရောက် လည်ပတ်ရန် စီစဉ်လျက် ရှိသည်။

Abhisit သည် ရွေးကောက်ပွဲ ပြီးနောက် မြန်မာ အစိုးရ၏ အစီအစဉ်များကို နားထောင်မည် ဖြစ်ပြီး၊ အတိုက်အခံ ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား အကျဉ်းကျ နေသူများ၏ အခြေအနေနှင့် တိုင်းရင်းသား အုပ်စုများ၏ ပြဿနာများကို ဆွေးနွေးမည် ဖြစ်သည်။

ယင်းသည် အောက်တိုဘာ (၁၁) ရက်တွင် သွားရောက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

နိုင်ငံခြားရေး ၀န်ကြီး Kasit Piromya က ပြောကြားရာတွင် ထိုင်းသည် မြန်မာနိုင်ငံနှင့် နယ်စပ် ညှိနှိုင်းရေး ပြင်ဆင်မှုများ၊ နှစ်နိုင်ငံ ဆက်သွယ်မှု၊ လမ်းနှင့် တံတားများ တည်ဆောက်မှု၊ ထိုင်းအစိုးရက ငွေကြေး ထောက်ပံ့နေသော ကော့ကရိတ်ရှိ လမ်းဖောက်လုပ်မှု တိုးတက်မှုများကို ဆွေးနွေးမည် ဖြစ်သည်ဟု ဆိုသည်။

"ထိုင်းအစိုးရဟာ မြန်မာနိုင်ငံရဲ့ အခုမှ စတင်တဲ့ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးနဲ့ တံခါးဖွင့် စီးပွားရေး မူဝါဒတွေကို လေ့လာလိုပါတယ်။ ထိုင်း ပုဂ္ဂလိက ကဏ္ဍက ၀င်ရောက်နိုင်မယ့် အခြေအနေကိုလည်း လေ့လာလိုပါတယ်။ စီးပွားရေး မျက်နှာစာမှာ ထိုင်းအနေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အသင့် ရှိနေတယ် ဆိုတာ သိစေချင်ပါတယ်" ဟု ထိုင်းနိုင်ငံခြားရေး ၀န်ကြီးက ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, By Ali Kotarumalos, 30th Sept 2010

လူဦးရေ ပြည့်ကျပ်လွန်းပြီး ကားများ ပိတ်ဆို့လွန်းသော၊ ရေကြီးတတ်သော မြို့တော်အတွက် အင်ဒိုနီးရှား သမ္မတ၏ အဖြေမှာ မြို့တော်ကို ပြောင်းရွှေ့ရေးပင် ဖြစ်သည်။

"ဓမ္မဓိဋ္ဌာန် ကျကျ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ဂျကာတာဟာ စံပြမြို့တော် တစ်ခု မဟုတ်တော့ပါဘူ" ဟုSusilo Bambang Yudhoyono က ပြောကြားခဲ့သည်။ ၎င်းသည် သစ်တောများ ဖုံးလွှမ်းနေသော ဘော်နီကျွန်းသို့ မြို့တော်အတွက် နေရာရှာရန် အဖွဲ့များ စေလွှတ်ခဲ့သည်။

ယခင်ကတည်းက မြို့တော်ကို ပြောင်းရွှေ့ရန် အဆိုပြု တင်ပြခဲ့ဖူးရာ၊ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခု အနေဖြင့် ဒေါ်လာ (၁၁) ဘီလီယံ ကုန်ကျမည်ဖြစ်၍ အစီအစဉ် ပျက်သွားခဲ့ဖူးသည်။ ယခုလည်း ထိုသို့သော ကံကြမ္မာမျိုး ဖန်မလာနိုင်ဟု မပြောနိုင်သေးပေ။ လူဦးရေ (၁၀) သန်း ရှိသော မြို့ကြီးအဖို့ ချုပ်ရိုးကွဲသလို ပေါက်ကွဲ မထွက်မီ တစ်ခုခု လုပ်ရန် လိုအပ်သည်မှာ ထင်ရှားကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

မိုးတွင်း ကာလတွင် ခါးလောက်ရှိသော ရေများ လမ်းများ မြုပ်နေပြီး၊ အိမ်များထဲသို့ စီးဝင်ခြင်းတို့ ဖြစ်ကာ တစ်ခါတစ်ရံ ဒါဇင်ပေါင်း များစွာသော လူများ ဓါတ်လိုက် သေဆုံးကြရသည်။

ကားပေါင်း (၆.၇) သန်းသည် လမ်းမပေါ်တွင် သွားလာနေပြီး ဖြစ်သော်လည်း နေ့စဉ် ကားအသစ် (၅၀၀) ကျော်နှင့် မော်တော်ဆိုင်ကယ် (၁၅၀၀)ခန့် ထပ်မံ ဝင်ရောက်နေသည်။ ထို့ကြောင့် ကားများ၏ ရွှေ့လျားနှုန်းသည် တစ်နာရီလျှင် ၆ မိုင် (၁၀ ကီလိုမီတာ) နှုန်းသာ ရှိပြီး မြို့ထဲတွင် ရွေ့ရွေ့ဖြင့် နှစ်နာရီခန့် ကြာအောင် စောင့်ဆိုင်းရတတ်သည်။

ထို့ကြောင့်ပင် ဂျကာတာသည် ကုန်ကျစရိတ်များ ပိုမိုလျက် ရှိသည်။ မြေအောက်ရထား မရှိသော အကြီးဆုံး မြို့တော်ကြီးတွင် တစ်နှစ်လျှင် ပျောက်ဆုံးသွားသော အချိန်နှင့် လောင်စာဆီ အတွက် ဒေါ်လာ (၁.၄) ဘီလျံ ကုန်ကျလျက် ရှိကြောင်း အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် Yopie Hidayat က ပြောကြားခဲ့သည်။

ကားများစွာ သွားနိုင်သော လမ်းကျယ်ကြီးများ ဖောက်လုပ်ခြင်းသည် အမှန်တကယ်၌ အခြေအနေကို ပို၍ ဆိုးဝါးစေသည်။

ယာဉ်မောင်းသူများသည် ဂျော်ကီဟု ခေါ်သော ခရီးသည်များကို စောင့်၍ တင်ကြရသည်။ သို့မှသာ သတ်မှတ်ထားသော လမ်းကို အသုံးပြု၍ ရမည် ဖြစ်သည်။

"ရှေ့ဆက် သွားချင်တယ် ဆိုရင် ရွေးစရာလမ်း မရှိပါဘူး။ တစ်ယောက်ယောက်ကို ခေါ်တင်ရပါမယ်" ဟု ခရီးရှည် ကားမောင်းရသူ Yahya Irwandi က လေထဲတွင် လက်ညှိုး ထောင်၍ လမ်းဘေးတွင် စောင့်ဆိုင်းနေသော လူတန်း ရှည်ကြီးကို ရည်ညွှန်း၍ ပြောဆိုခဲ့သည်။

မြို့တော်၏ အိုဟောင်းနေသော အခြေခံ အဆောက်အဦးသည် လွန်ခဲ့သော ရာစုနှစ် ဒတ်ခ်ျ ကိုလိုနီ လက်ထက် ကတည်းက ဖြစ်ရာ တစ်စစီ ကျိုးပဲ့ ပျက်စီးနေသည်။

ယခုလ အစောပိုင်းက လေးလမ်းသွား အဝေးပြေး လမ်းမကြီး၏ ပေ (၃၀၀) (၁၂၅-မီတာ) ခန့် ရှိသော အပိုင်းသည် ဂျကာတာ မြောက်ပိုင်း၌ မြစ်ထဲသို့ ကျိုးကျသွားခဲ့သည်။

မြို့၏ တစ်ဖက်ခြမ်းတွင် လွန်ခဲ့သော နှစ်တစ်ရာက ဆောက်လုပ်ထားသော တူးမြောင်းတစ်ခု၏ ရေကြီးမှုကို ကာကွယ်ရန် ပြုလုပ်ထားသော ၃၇၅ပေ(၁၂၅-မီတာ) ရှိ ရေထိန်း နံရံကြီး ပြိုကျခဲ့သည်။

ဘရာဇီး၊ ပါကစ္စတန်၊ မလေးရှားနှင့် မြန်မာနိုင်ငံ အစရှိသော နိုင်ငံ အချို့သည် နိုင်ငံရေး၊ စီးပွားရေးစသည် အကြောင်း ပြချက်များဖြင့် မြို့တော်များကို ရွှေ့ပြောင်းခဲ့ကြသည်။

အင်ဒိုနီးရှားသည် မြို့တော် ရွှေ့ပြောင်းရန် လွန်ခဲ့သော နှစ်ငါးဆယ်ခန့် ကတည်းက စတင် စဉ်းစားခဲ့ခြင်း ဖြစ်သည်။

အင်ဒိုနီးရှား၏ ပထမဆုံး သမ္မတ ဆူကာနိုသည် မြို့တော်ကို ဘော်နီယိုသို့ ရွှေ့ရန်  အကြံပြုခဲ့ဖူးသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် တိုင်းပြည်၏ ကျွန်းပေါင်း (၁၇၀၀၀) ကျော်ကို ညီတူညီမျှစီ တိုးတက် ဖွံ့ဖြိုးစေလို၍ ဖြစ်သည်။

၎င်းသည် ဂျတာကာအား ဆိပ်ကမ်းမြို့ အဖြစ်သာ အသိအမှတ် ပြုခဲ့သည်။

၎င်းအား ဆက်ခံသူ ဆူဟာတိုကလည်း ၁၉၉၈ ခုနှစ် ဒီမိုကရေစီ ဘက်တော်သားများက လမ်းပေါ် ဆန္ဒပြမှုများဖြင့် ဖြုတ်မချမီက ဂျကာတာ အရှေ့ဖက်မိုင် ၃၀ (၅၀ကီလိုမီတာ) အကွာရှိ Jonggol သို့ ပြောင်းရွှေ့ရန် တိုက်တွန်းခဲ့ဖူးသည်။

Yudhoyono သည် အဆိုပါ နေရာ နှစ်ခုစလုံးကို စဉ်းစားလျက် ရှိသည်။ သို့သော် ယခုမှ စ၍ ပြုလုပ်သည့်တိုင် မြို့တော်သစ်သည် အနည်းဆုံး နောက်ထပ် ဆယ်နှစ် အလုပ် ဖြစ်လိမ့်ဦးမည် မဟုတ်ကြောင်း ၎င်းက သိနေသည်ဟု သမ္မတရုံးမှ Velix Wanggai က ပြောသည်။

အင်ဒိုနီးရှား တက္ကသိုလ်မှ Demography Imstitute မှ ဒါရိုက်တာ Sonny Harry Harmadi ကလည်း ပြောင်းရွှေ့ရေးကို သဘောတူသူ ဖြစ်သည်။

"လာမည့် ငါးနှစ်အတွင်း အရာရာ ပြည့်ကျပ်နေမှု ပြဿနာကို ဖြေရှင်းနိုင်မလားလို့ ဂျကာတာ အစိုးရကို အခုပဲ မေးခဲ့ပါတယ်။ မဖြေရှင်းနိုင်ရင်တော့ ပြောင်းရမှာပေါ့" ဟု ၎င်းက ပြောသည်။

မြို့ပြမူဝါဒ ကျွမ်းကျင်သူနှင့် အကြံပေးပညာရှင် Wendell Cox က မြို့တော် ပြောင်းရွှေ့ သွားသည့်တိုင် ဂျကာတာသည် စီးပွားရေး ဗဟိုဌာန အဖြစ် ရှိနေဦးမည် ဖြစ်ပြီး လူဦးရေ တိုးတက်မှု နှုန်းမှာလည်း ကြေက်ခမန်းလိလိ ဖြစ်နေဦးမည်ဟု သုံးသပ်ထားသည်။

မြို့တော် ပြောင်းရွှေ့ခြင်းသည် ငွေဖြုန်းတီးမှု တစ်ခုသာ ဖြစ်ကြောင်း၊ ထိုငွေများဖြင့် ဆင်းရဲမွဲတေမှု လျော့ချရေး ကဲ့သို့သော ပြဿနာ ဖြေရှင်းရေးများတွင် ထိရောက်စွာ အသုံးပြုနိုင်သည်ဟု ၎င်းက ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Korea Times, 30th September 2010

အမေရိကန် ပြည်ထောင်စု စပိုင် ထောက်လှမ်းရေး အကြီးအကဲသည် ယခု သီတင်းပတ် ကုန်တွင် ဆိုးလ်သို့ သွားရောက်ကာ မြောက်ကိုးရီးယားမှ အဖေမှသား အာဏာ လွှဲပြောင်းမှုအပေါ် သတင်း အချက်အလက် ဖလှယ်မည်ဟု အစိုးရ သတင်း ရပ်ကွက်က ကြာသပတေးနေ့တွင် ပြောကြားသည်။

ဗဟို ထောက်လှမ်းရေး အဖွဲ့ CIA ညွှန်ကြားရေးမှူး Leon Panetta သည် အင်ချွန်း နိုင်ငံတကာ လေဆိပ်သို့ စနေနေ့တွင် ထွက်ခွာရန် စီစဉ်ထားသည်ဟု သိရှိရသည်။ ယင်းသည် အမျိုးသား ထောက်လှမ်းရေး ဌာန ညွှန်ကြားရေးမှူး ၀န်ဆီဟွန်၊ ကာကွယ်ရေး ၀န်ကြီး ကင်တေယန်းတို့ အပါအ၀င် အဓိက ကိုးရီးယား လုံခြုံရေး တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံမည် ဖြစ်ပြီး သမ္မတ လီမြောက်ဘက်နှင့်လည်း သွားရောက် တွေ့ဆုံမည်ဟု ဆိုသည်။

"စီအိုင်အေ ညွှန်ကြားရေးမှူး Panetta ရဲ့ ခရီးစဉ်ကို အစောပိုင်း ကတည်းက စီစဉ်ထားပေမယ့် မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအီရဲ့ တတိယသားကို အစိုးရ အဖွဲ့ရဲ့ နံပါတ် ၂ နေရာပေးပြီးတဲ့ နောက်မှာ အချိန်ကိုက် ထွက်ပေါ်လာတာပါ။ ဒါကြောင့် သတင်း အချက်အလက် ပေါင်းစုံကို မျှဝေ ဖလှယ်နိုင်ပါလိမ့်မယ်" ဟု အမည် မဖော်လိုသော သတင်းပေးသူက ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 29th September 2010

အမေရိကန် ပြည်ထောင်စုနှင့် တရုတ် နှစ်နိုင်ငံအကြား ၆ လကျော် ဆက်ဆံရေး ကျဲနေခဲ့ပြီးနောက် စစ်ဖက် ဆက်ဆံမှုများကို ပြန်လည် စတင်တော့မည်ဟု သိရသည်။

လာမည့်လတွင် ဟာဝိုင်ရီ နှစ်ဖက် ရေတပ် ဆွေးနွေးပွဲများ ပြုလုပ်ပြီးလျှင် နှစ်မကုန်ခင် ၀ါရှင်တန် ထိပ်ပိုင်းအဆင့် ဆွေးနွေးပွဲများကို ဆက်လက် ပြုလုပ်မည်ဟု အမေရိကန် တာဝန်ရှိသူများက ပြောကြားသည်။

အမေရိကန် ဒုတိယ လက်ထောက် ကာကွယ်ရေး ၀န်ကြီး Michall Schiffer ဘေဂျင်းသို့ သွားရောက်ပြီးနောက် ယခု ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုင်ဝမ်သို့ ဒေါ်လာ ၆.၄ ဘီလျံ တန်ဖိုးရှိ လက်နက်များ ရောင်းချမည့် အစီအစဉ်ကို အမေရိကန် ပြည်ထောင်စုက ကြေညာခဲ့ပြီးနောက် ဇန်န၀ါရီလတွင် တရုတ်က စစ်ဖက် ဆက်ဆံရေးများကို ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။ ဘေဂျင်းက ထိုင်ဝမ်ကို ခွဲထွက် ပြည်နယ် တစ်ခုအဖြစ် သတ်မှတ် ယူဆထားသည်။

တရုတ် ပြည်မသည် ထိုင်ဝမ်ကျွန်းကို ဒုံးကျည် ၁၀၀၀ ကျော်ဖြင့် ချိန်ရွယ်ထားပြီး အကယ် ကျွန်းနိုင်ငံကသာ တရားဝင် လွတ်လပ်ရေး ရရှိရန် ကြိုးပမ်းခဲ့ပါက အင်အားသုံး သိမ်းပိုက်မည် ဟုလည်း ခြိမ်းခြောက်ထားသည်။

အမေရိကန် ပြည်ထောင်စုသည် ထိုင်ဝမ်၏ အကြီးဆုံး မဟာမိတ်နိုင်ငံ ဖြစ်ပြီး ကျွန်းနိုင်ငံ၏ ကာကွယ်ရေးကို ကူညီရန် ထိုင်ဝမ် ဆက်ဆံရေး အက်ဥပဒေကို ပြဌာန်းထားသည်။

အဆိုပါ လက်နက် ရောင်းချမှုသည် တရုတ်နှင့် ထိုင်ဝမ်အကြား လုံခြုံမှုနှင့် တည်ငြိမ်မှုကို ဖြစ်ပေါ် စေလိမ့်မည်ဟု အမေရိကန်တို့က ဖေဖော်ဝါရီလတွင် ပြောကြားခဲ့သည်။

နားလည်မှု အလွဲများနှင့် လွဲမှား ကောက်ယူမှုများကို လျှော့ချရန်နှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရန်အတွက် ဒိုင်ယာလော့သည် မရှိမဖြစ် လိုအပ်ကြောင်းကို နှစ်ဖက်စလုံးက သဘောတူ ခဲ့ကြသည်ဟု ပင်တာဂွန် ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Dave Lepan ၏ ပြောကြားမှုအရ သိရှိရသည်။

ယခုနှစ် အတွင်း အင်တာနက်မူဝါဒ၊ တိဘက် ပြဿနာ၊ အမေရိကန် ကုန်သွယ်ရေး လိုငွေ ပြမှုနှင့် တောင်တရုတ် ပင်လယ်တွင် တရုတ်နိုင်ငံက ပိုင်နက် ကြေညာမှုများကြောင့် ဘေဂျင်းနှင့် ၀ါရှင်တန် အကြား ဆက်ဆံရေး "တန်း"သွားခြင်း ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ယွမ်ငွေကြေး တန်ဖိုးကိစ္စနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ အပေါ် ဖိအားပေးရန် ရည်ရွယ်သည့် ဥပဒေမူကြမ်း တစ်ရပ်အား အမေရိကန် ကွန်ဂရက် လွှတ်တော်က အတည်ပြုလိုက်မှုသည် နှစ်နိုင်ငံ ကုန်သွယ်မှုကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်သည်ဟု ဘေဂျင်း အစိုးရက သတိပေးလိုက်ပြီး ယင်းဥပဒေ မူကြမ်းကိုလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်ကြောင်း စက်တင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ဖော် ပြောဆိုလိုက်သည်။

တရုတ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက အမေရိကန်၏ ဥပဒေ မူကြမ်းသည် ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ (WTO) ၏ ဥပဒေ စည်းမျဉ်း စည်းကမ်းများကို ချိုးဖောက်ရာ ရောက်သည်ဟု ကြေညာချက် ထုတ်ပြန်ပြီး တရုတ်နိုင်ငံသည် ယွမ်ငွေတန်ဖိုးကို တမင်တကာ နှိမ့်ချထားခြင်း မဟုတ်ဟု အခိုင်အမာ ဆိုခဲ့ပြီးနောက် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က အထက်ပါ အတိုင်း ပြောဆို ဝေဖန်လိုက်ခြင်း ဖြစ်သည်။

အမေရိကန် လွှတ်တော်က စက်တင်ဘာလ ၂၉ ရက်နေ့တွင် တရုတ် နိုင်ငံအပေါ် ကုန်သွယ်ရေးအရ ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်နိုင်သော ဥပဒေမူကြမ်း တစ်ရပ်ကို အတည်ပြု ပေးခဲ့သည်။ တရုတ်နိုင်ငံသည် အမေရိကန်နှင့် ကုန်သွယ်မှုတွင် အသာစီး ရရှိစေရန် ယွမ်ငွေ တန်ဖိုးကို လျှော့ချထားခဲ့သောကြောင့် အမေရိကန် ကွန်ဂရက်က ယင်းသို့ ဥပေဒမူကြမ်း တစ်ရပ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း လေ့လာ ဆန်းစစ်သူများက ဆိုသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ထိုင်းတပ်ဖွဲ့ဝင်များနှင့် မြန်မာ တိုင်းရင်းသား လက်နက်ကိုင် အုပ်စု ဖြစ်သော ညီညွတ်သည့် ဝ ပြည်နယ် တပ်ဖွဲ့ (UWSA) အကြား ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားရာ ထိုင်းစစ်သား တစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ဝ တပ်ဖွဲ့မှ တပ်သား ခြောက်ဦးက မူးယစ်ဆေးဝါးများ ပါဝင်သည်ဟု ယူဆရသော အိတ်များကို သယ်ဆောင်ပြီး နယ်စပ်ဒေသမှ တစ်ဆင့် ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းရိုင်ပြည်နယ်၊ ဒေါင်လန်းသို့ ဖြတ်သန်း ဝင်ရောက်စဉ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းစစ်တပ်မှ ဗိုလ်မှူးကြီး Somsak Nin-ubon ၏ ပြောကြားချက်ကို ကိုးကားပြီး Bangkok Post သတင်းစာက ရေးသား ဖော်ပြသည်။

ထိုင်း-မြန်မာ နယ်စပ်ဒေသ အများစုမှာ လုံခြုံရေး အားနည်းချက် ရှိပြီး တည်ငြိမ်မှု မရှိပေ။ အထူးသဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသများသည် ထိုင်းနိုင်ငံဘက်သို့ မူးယစ်ဆေးဝါး မှောင်ခို တင်သွင်းရာ လမ်းကြောင်းတစ်ခု ဖြစ်သည်ဟု သတ်မှတ်ခံထားရသည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးသော တိုင်းရင်းသား လက်နက်ကိုင် အုပ်စု ဖြစ်သည့် အဆိုပါ UWSA အဖွဲ့က ထိုင်းနိုင်ငံနှင့် ထိစပ်လျက် ရှိသော နယ်မြေဒေသများကို ထိန်းချုပ်ထားပြီး ယင်းအဖွဲ့သည် မြန်မာနိုင်ငံတွင်း ဘိန်းနှင့် မီသာအဖက်တမင်း စိတ်ကြွ ရူးသွပ် ဆေးပြားများ အဓိက ထုတ်လုပ်သူ ဖြစ်သည်ဟု ယူဆရသည်။

Bangkok Post သတင်းစာ ရေးသားချက်အရ ထိုင်းနယ်စပ် ဒေသ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့က 'ဝ' တပ်သားများအား ရှာဖွေ စစ်ဆေးမှု ခံယူရန် အမိန့်ပေးခဲ့ရာမှ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုင်းစစ်တပ် ဘက်မှ ကျဆုံးသွားသူ တပ်သားမှာ Manit Boonthep ဟုသိရသည်။ ဝ တပ်ဖွဲ့များက နယ်စပ်ဒေသ ဘက်သို့ ပြန်လည် ထွက်ပြေးသွားခဲ့ကြောင်း၊ ဝ ဘက်မှ ကျဆုံးသူ တပ်သား နှစ်ဦး၏ ရုပ်အလောင်းကို ထိုင်းနိုင်ငံထဲတွင် ထားရစ်ခဲ့ကြကြောင်း Bangkok Post က ရေးသား ဖော်ပြသည်။

မြန်မာနိုင်ငံသည် ၁၉၉၀ ပြည့်နှစ်များ အတွင်း ကမ္ဘာပေါ်တွင် ဘိန်းဖြူ အများဆုံး ထုတ်လုပ်သည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်ခဲ့သည်။ သို့သော် နောက်ပိုင်း ကာလများတွင် မူးယစ် ဈေးကွက်အတွင်း မီသာ အဖက်တမင်း ကဲ့သို့သော စိတ်ကြွ ဆေးပြားများ ဝယ်လိုအား တက်လာသောကြောင့် ဘိန်းဖြူ ထုတ်လုပ်မှု ကျဆင်းခဲ့သည်။

မြန်မာနိုင်ငံတွင် ယခုနှစ် နိုဝင်ဘာလ ၇ ရက်တွင် ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ရန် စီစဉ်ထားလျက် ရှိရာ UWSA ကဲ့သို့သော အုပ်စုများ၏ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချမှုများ နယ်စပ်ဒေသတွင် မြင့်တက်လာနိုင်ကြောင်း၊ အကြောင်းမှာ ရွေးကောက်ပွဲ မတိုင်မီ မြန်မာစစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်လာမည်ကို တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများက စိုးရိမ်နေ ကြသောကြောင့် ဖြစ်ကြောင်း ကျွမ်းကျင်သူများ အဆိုအရ သိရသည်။

ထိုင်းနိုင်ငံတွင် ယခုနှစ်အတွင်း ရာဘ ဟု ခေါ်သည့် မီသာအဖက်တမင်း စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှု မြင့်တက်လာသည်ကို တွေ့ရသည်။ မြန်မာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ၎င်းတို့ အနေဖြင့် စစ်အစိုးရ ဖိအားပေးမှုမှ ဆက်လက် ရပ်တည်နိုင်ရန် မူးယစ်ဆေးဝါးများ ထုတ်လုပ် ရောင်းချ ကုန်ကူးနေခြင်း ဖြစ်သည်ဟု လေ့လာ အကဲခတ်သူများက ဆိုသည်။

DVB သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လာမည့် ရက်သတ္တပတ် အတွင်း အိမ်နီးချင်း လာအိုနိုင်ငံသို့ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာက စက်တင်ဘာလ ၂၈ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အောက်တိုဘာလ ၁ ရက်မှ ၂ ရက်နေ့အထိ လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတ နိုင်ငံသို့ နှစ်ရက်တာ ခရီးအဖြစ် သွားရောက် လည်ပတ်မည် ဖြစ်ပြီး အဆိုပါ ခရီးစဉ်သည် နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးတို့ ပိုမို ခိုင်မာစေရန် ရည်ရွယ်ကြောင်း Vientiane Times သတင်းစာက ရေးသား ဖော်ပြသည်။ လာအိုနိုင်ငံ သမ္မတ Choummaly Sayasone က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင် အပါအဝင် အဆင့်မြင့် အရာရှိကြီးများ ပါဝင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့အား ဖိတ်ကြားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းစာက ဆိုသည်။

မြန်မာနိုင်ငံပိုင် The New Light of Myanmar သတင်းစာကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လာအိုနိုင်ငံသို့ သွားရောက် လည်ပတ်ရန် စီစဉ်ထားကြောင်း ရေးသား ဖော်ပြသည်။

Monster and Critics မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 28th September 2010

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲနှင့် ပတ်သက်သော နိုင်ငံတကာ ပြစ်တင် ဝေဖန်မှုများကို မြန်မာ နိုင်ငံခြားရေး ဝန်ကြီးက အင်္ဂါနေ့တွင် ပယ်ချလိုက်ပြီး ရွေးကောက်ပွဲများ လွတ်လပ် မျှတမှု ရှိစေရန် အစိုးရက ကတိပြုထားသည်ဟု အခိုင်အမာ ပြောဆိုခဲ့သည်။

အတိုက်အခံများက အတုအယောင်ဟု သတ်မှတ်ထားကြသော နိုဝင်ဘာလ ရွေးကောက်ပွဲမှာ တိုင်းပြည်၏ နိုင်ငံရေး အသွင် ကူးပြောင်းမှု လုပ်ငန်းစဉ်တွင် အရေးကြီးသော အဆင့် တစ်ခု ဖြစ်သည်ဟု ဝန်ကြီး ဦးဥာဏ်ဝင်းက ဆိုသည်။

လွှတ်တော် ကိုယ်စားလှယ် နေရာ ၁၁၇၁ နေရာအတွက် ပါတီပေါင်း ၃၇ ခုမှ ကိုယ်စားလှယ်လောင်း ၃၀၀၀ ကျော် ပါဝင် ယှဉ်ပြိုင်ကြမည်ဟု နိုင်ငံခြားရေး ဝန်ကြီးက ကုလ အထွေထွေ ညီလာခံသို့ ပြောကြားခဲ့ပြီး ယခုကဲ့သို့ များပြားသော ယှဉ်ပြိုင်မှုများက ရွေးကောက်ပွဲတွင် အားလုံး ပါဝင်ခွင့် ရှိကြောင်းကို လုံးဝ ထင်ရှားစေသည်ဟု ၎င်းက ဆိုသည်။

အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကြောင်းနှင့် မဲပေးရန် သူမအား လွှတ်ပေးရေး အတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာ၏ တောင်းဆိုထားမှုများကို ဦးဥာဏ်ဝင်းက ထည့်သွင်း ပြောကြားခြင်း မရှိပါ။

"ပြည်သူလူထုပမာ သူတို့ရဲ့အကျိုး စီးပွားကို စောင့်ကြည့် ပေးမယ့်သူကို ကိုယ်စားလှယ်အဖြစ် ရွေးချယ် တင်မြှောက်နိုင်မယ့် ဒီမိုကရေစီ အခွင့်အရေးကို ရကြမှာပါ" ဟု ၎င်းက ဆိုသည်။

အတိတ် သမိုင်းကြောင်းတွင် ကျင်းပခဲ့သော ပါတီစုံ အထွေထွေ ရွေးကောက်ပွဲများမှ ပြည့်စုံ လုံလောက်သော အတွေ့အကြုံနှင့် သင်ခန်းစာများ ရရှိထားခြင်းကြောင့် ရွေးကောက်ပွဲများကို စနစ်တကျ ကျင်းပနိုင်သည့် စွမ်းရည် ရှိသည်ဟု မြန်မာနိုင်ငံက မိမိကိုယ်မိမိ စိတ်ချ ယုံကြည်ကြောင်း၊ စိန်ခေါ်မှုများနှင့် မည်သို့ပင် ရင်ဆိုင်ရစေကာမူ၊ နိုင်ငံနှင့် လူထု၏ အကောင်းဆုံး အကျိုးစီးပွားအတွက် လွတ်လပ် မျှတသော ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပရေးကို အကောင်းဆုံး ဆောင်ရွက်သွားရန် ကတိပြုကြောင်း ဦးဥာဏ်ဝင်းက ပြောကြားခဲ့သည်။

         ဖမ်းဆီးထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံ နိုင်ငံရေး သမားများကို လွှတ်ပေးခြင်း မရှိပါက လာမည့်ရွေးသည် ယုံကြည် လက်ခံနိုင်ဖွယ် ရှိမည် မဟုတ်ဟု ကုလသမဂ္ဂ ညီလာခံရောက် ဝန်ကြီးများ အုပ်စုက တနင်္လာနေ့တွင် ပြောကြားခဲ့ကြသည်။

          ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စု အပါအဝင် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စကာင်္ပူ၊ အင်ဒိုနီးရှား စသော အိမ်နီးချင်း နိုင်ငံများမှ ဝန်ကြီးများ ပါဝင်သော အုပ်စုက မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် အားလုံးနှင့် သက်ဆိုင်မှု၊ အားလုံးပါဝင်နိုင်မှု၊ ပွင့်လင်း မြင်သာမှုတို့ လိုအပ်နေသည်ကို ရှင်းလင်းစွာ ထပ်မံ  ပြောကြားခဲ့ကြသည်ဟု ကုလသမဂ္ဂ အကြီးအကဲ ဘန်ကီမွန်းက ပြောကြားသည်။ "ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ အတွက်ကိုလည်း မြန်မာနိုင်ငံ ဆိုင်ရာ မိတ်ဆွေများ အုပ်စု အဖွဲ့ဝင်တွေက တောင်းဆိုခဲ့ကြပါတယ်" ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

United Nations, 28th September 2010

မြန်မာနိုင်ငံနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ မိတ်ဆွေများ အဖွဲ့၏ တနင်္လာနေ့က တွေ့ဆုံအပြီးတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အား အစည်းအဝေးနှင့် ပတ်သက်၍ မေးခွန်းနှစ်ခု မေးမြန်းခဲ့သည်။

Inner City Press က မေးမြန်းထားသော ပထမ မေးခွန်းမှာ သန်းရွှေ၏ အစိုးရ ကျူးလွန်သော လူသားချင်း စာနာမှု မရှိသော ရာဇဝတ်မှုများအတွက် စုံစမ်းရေး ကော်မရှင် ဖွဲ့ရန် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အတွက် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်၏ တောင်းဆိုမှု အပေါ် ဘန်ကီမွန်း၏ အမြင်ကို မေးမြန်းခြင်း ဖြစ်သည်။ နောက်တစ်ခုမှာ ၎င်း၏ ကိုယ်စားလှယ် အရာထမ်းချုပ် Vijay Nambiar မှာ မြန်မာနိုင်ငံသို့ သွား၍ပင် ရ၏လော ဟူသော မေးခွန်း ဖြစ်သည်။

ဘန်ကီမွန်းက ပြန်လည် ဖြေကြားရာတွင် မြန်မာနိုင်ငံ၏ လူသားချင်း စာနာမှု မရှိသော ရာဇဝတ်မှုများအတွက် မေးခွန်းအပေါ် မည်သည့် မှတ်ချက် မပြုလိုကြောင်း ပြောကြားခဲ့သည်။ တဖန် Nambiar သည် မြန်မာနိုင်ငံသို့ မသွားရောက်နိုင်သေးကြောင်း ဖြေကြားခဲ့သည်။ ထိုအတွက် နောင်တ ရမိကြောင်း ၎င်းက ပြောသည်။ ထိုမေးခွန်း စတင် မဖြေကြားမီက Nambiar သည် ဘန်ကီမွန်း၏ အနီးတွင် ရပ်လျက် ရှိသော်လည်း၊ မေးခွန်း ဖြေကြားချိန်တွင် အနီးမှ ထွက်ခွာသွားသည်။

ဗြိတိန်မှ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သူ Burt က အစည်းအဝေး အပြီးတွင် စကား ပြောမည်ဟု ပြောခဲ့သော်လည်း ဘန်ကီမွန်းက မေးခွန်းများကို ဖြေနေစဉ် အတွင်း ထွက်ခွာသွားခဲ့သည်။

အစောပိုင်း Inner City Press က Burt အား မြန်မာနိုင်ငံနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ Burma ဟု သုံးစွဲလျက် ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့သည်။

ထိုသို့ ပြင်းပြင်းထန်ထန် ဝေဖန်မှုမျိုးကို ပြီးခဲ့သည့် အပတ်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ PJ Crowley ကလည်း ပြုလုပ်ခဲ့သည်။ သို့သော် တနင်္လာနေ့က လက်ထောက် နိုင်ငြံခားရေး ဝန်ကြီး Kurt Campbell ၏ ပြောကြားမှုကို ဖော်ပြရလျှင် -

မေး ။ ။                မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုများနဲ့ ပတ်သက်လို့ အမေရိကန်က ကုလသမဂ္ဂ စစ်ဆေးရေး အဖွဲ့ တောင်းဆိုတဲ့ အချိန်က လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နှစ်ဦးနဲ့ အများက ပြောကြတယ်။ ရွေးကောက်ပွဲပြီးတဲ့အထိ မဖြစ်နိုင်သေးဘူးလို့ ဆိုကြတယ်။ ရွေးကောက်ပွဲ အပြီးမှာ အမေရိကန် အနေနဲ့ ဆက်ဆံရေး အသစ်အတွက် ပြောထားခဲ့တော့ ဒီစုံစမ်းရေး ကိစ္စ ဖြစ်နိုင်ပါဦးမလား။

Campbell ။ ။                ဒီအချိန်မှာ ဒီကိစ္စကို အများကြီး ပြောနိုင်လိမ့်မယ်လို့ မထင်ပါဘူး။ ပြောလိုတာ ကတော့ ကျွန်တော်တို့ ဘာကိုမှ မဆုံးဖြတ်သေးပါဘူး။ ဒီကိစ္စရော အခြား ကိစ္စတွေ ရောပေါ့။ ဒါ့အပြင် အရေးယူ ပိတ်ဆို့မှုတွေ ရှေ့ဆက်သွားဘို့လည်း ဘာမှ မဆုံးဖြတ်ရသေးပါဘူး။ နိုဝင်ဘာမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ကျွန်တော်တို့ ကြည့်နေပါတယ်။ အပေါင်းလက္ခဏာ ဆောင်တဲ့ ခြေလှမ်းပဲ ဖြစ်ဖြစ် တုန့်ပြန်ဖို့ စောင့်နေပါတယ်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Straits Times, 28th September 2010

၃ နှစ်ကြာ နေရာ ပြန်လည် ချထားရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် မြန်မာနိုင်ငံမှ ဒုက္ခသည် ၉၀ ဂျပန်နိုင်ငံသို့ ရောက်ရှိလာခဲ့သည်ဟု ကုလ သမဂ္ဂ ဒုက္ခသည် အေဂျင်စီက ပြောသည်။

ဇနီးမောင်နှံ စုံတွဲ ၃ တွဲနှင့် ယင်းတို့၏ ကလေး ၁၂ ဦးသည် ဒုက္ခသည် နေရာ ချထားရေး အစီအစဉ်၏ တစ်စိတ် တစ်ပိုင်းအဖြစ် ဂျပန်နိုင်ငံက လက်ခံသော ပထမဆုံး ဒုက္ခသည်များ ဖြစ်သည်ဟု  ကုလသမဂ္ဂ ဒုက္ခသည်ဆိုရာ မဟာမင်းကြီး၏ ပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။

အခြား အာရှနိုင်ငံများ လိုက်ပါလာရန် အတွက် ဂျပန်နိုင်ငံက စံနမူနာပြ လုပ်ဆောင်ပြမည်ဟု UNHCR က မျှော်လင့်ထားကြောင်း Andrej Maheai က အင်္ဂါနေ့တွင် ဂျနီဗာ သတင်းထောက်များကို ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံသည် အမေရိကန် ပြည်ထောင်စု ပြီးလျှင် ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီအတွက် ဒုတိယ အများဆုံး လှူဒါန်းသူ ဖြစ်သည်။

ယခု ပထမအသုတ် ရောက်ရှိလာသူများကို ထိုင်းနိုင်ငံ ဒုက္ခသည် စခန်းရောက် မြန်မာ နိုင်ငံအား စစ်ပြေး ကရင်လူမျိုး တစ်သိန်းခန့် အနက်မှ ရွေးချယ် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ ကရင်လူမျိုး ၅ သိန်းခန့်မှာ ၁၉၄၉ ခုနှစ် နောက်ပိုင်း မြန်မာ စစ်တပ်၏ မောင်းထုတ်ခြင်း ခံရသည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 28th September 2010

တရုတ်အစိုးရ ဆန့်ကျင်သူ နာမည်ကြီး လူကျားပေါင်အား နိုဘယ်ဆု ချီးမြှင့်ခြင်း မပြုရန် တရုတ် နိုင်ငံက ငြိမ်းချမ်းရေး နိုဘယ်ဆု ကော်မတီကို သတိပေးလိုက်သည်။ ယင်းအား ဆုချီးမြှင့်ခြင်းသည် နိုဘယ်ဆု စည်းမျဉ်း စည်းကမ်း မူဝါဒများနှင့် မညီညွတ်ဟု တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဆိုသည်။

လူကျားပေါင်သည် တရုတ်နိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို တောင်းဆိုခဲ့ခြင်း ကြောင့် နှစ်ရှည် ထောင်ဒဏ် ကျခံနေရသူ ဖြစ်သည်။

လူကျားပေါင်သည် တရုတ် ဥပဒေများကို ချိုးဖောက်ခဲ့ခြင်းကြောင့် ထောင်ဒဏ် ကျခံနေရခြင်း ဖြစ်ပြီး ယင်းအား ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခြင်းသည် ကမ္ဘာကြီးထဲ မှားယွင်းသော သတင်းကို ပေးပို့ရာ ရောက်လိမ့်မည်ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက ဘေဂျင်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ယခုကိစ္စသည် နိုင်ငံတကာ ချစ်ကြည်ရေးနှင့် လက်နက် ဖျက်သိမ်းရေးကို အားပေး မြှင့်တင်ရန် ပြည်သူများ အကြား ငြိမ်းချမ်းရေးကို အားပေး မြှင့်တင်ရန် စသော နိုဘယ်ဆု တည်ထောင်သူ၏ ရည်မှန်း ချက်များနှင့် ဆန့်ကျင်ဖက် ဖြစ်နေသည်ဟု သူမက ဆက်လက် ပြောကြားသည်။

လူကျားပေါင်သည် တရုတ်နိုင်ငံတွင် လူ့အခွင့်အရေးကို လေးစားရန်နှင့် ပါတီစုံ ဒီမိုကရေစီ စနစ် ကျင့်သုံးရန် တောင်းဆိုထားသော ၂၀၀၈ ကြေညာစာတမ်းကို ဖြန့်ဝေခဲ့ခြင်းကြောင့် ယင်းအား တရုတ် အစိုးရက ထောင်ဒဏ် ၁၁ နှစ် အပြစ်ပေးခဲ့သည်။

ယခုကိစ္စကို တရုတ် အာဏာရ ကွန်မြူနစ်ပါတီက ယင်းအပေါ် ခြိမ်းခြောက်မှုအဖြစ် ယူဆလျက် ရှိသည်။

တရုတ် ပညာရှင်များ၊ ရှေ့နေများ စည်းရုံး လှုပ်ရှားသူများ ၁၀၀ ကျော်က လူကျားပေါင်အား ယခုနှစ်အတွက် ဂုဏ်ပြု ချီးမြှင့်ရန် ငြိမ်းချမ်းရေး နိုဘယ်ဆု ကော်မတီကို တိုက်တွန်းထားကြသည်။

ချက်သမ္မတဟောင်း Vaclar Havel ကလည်း ယခု လှုပ်ရှားမှုကို ထောက်ခံကြောင်း ပြောကြား ခဲ့သည်။

လူကျားပေါင်အား နိုဘယ်ဆု ချီးမြှင့်ပါက အော်စလိုနှင့် ဘေဂျင်းအကြား ဆက်ဆံရေးကို ထိခိုက်စေလိမ့်မည်ဟု တရုတ် ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက မိမိကို ပြောကြားခဲ့ကြောင်း၊ နော်ဝေး နိုင်ငံ နိုဘယ်ဆု အဖွဲ့အစည်း အကြီးအကဲ Geir Lundestad က တနင်္လာနေ့တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။

တရုတ်နှင့် နော်ဝေးသည် နှစ်နိုင်ငံ ကုန်သွယ်ရေး သဘော တူညီချက်များ ရရှိရန်အတွက် လတ်တလော ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်နေပြီး ယင်းဆွေးနွေးမှုသည် တရုတ်နှင့် ဥရောပ သမဂ္ဂ အကြား သဘော တူညီမှုအတွက် အကြို ရှေ့ပြေး ပုံစံတစ်ခု ဖြစ်နိုင်သည်ဟု အချို့က ထင်မြင်ချက် ပေးသည်။

စွမ်းအင် ကြွယ်ဝသော နော်ဝေးသည် ယင်း၏ ကမ်းလွန် သယံဇာတ ရှာဖွေမှု နည်းပညာ ဗဟုသုတများကို တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချရန် လိုလားလျက် ရှိသည်။

နော်ဝေး ရေနံ ကုမ္ပဏီ Statoil က တရုတ်နိုင်ငံတွင် သက်နု ကျောက်လွှာ ဓာတ်ငွေ့ ရှာဖွေရန် မျှော်လင့်နေကြောင်း ယခင်လက ပြောကြားခဲ့သည်။

ဒီမိုကရေစီ ဆန္ဒပြသူများကို တီအန်မင် ရင်ပြင်တွင် တရုတ် အာဏာပိုင်များက ရက်စက်စွာ ကြိတ်ချေပစ်ခဲ့သော ၁၉၈၉ ခုနှစ်တွင် ပြည်ပရောက် တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမား ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိခဲ့ခြင်းကို တရုတ် ကွန်မြူနစ် အစိုးရက ဒေါသ ထွက်ခဲ့ဖူးသည်။

နောက်ထပ် တရုတ်အစိုးရ ဆန့်ကျင်သူ တစ်ဦးဖြစ်သည့် ဟူကျားကို ယခင်နှစ်က နိုဘယ်ဆု အတွက် အမည်စာရင်း တင်သွင်းစဉ်ကလည်း တရုတ်နိုင်ငံက ဖိအားပေးရန် ကြိုးစားခဲ့သည်။

ယခုနှစ် အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ကို ဆုချီးမြှင့်ရေး ကော်မတီက ၁၀ ရက်အတွင်း ကြေညာမည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AP, 28th September 2010

Coca-Cola က အင်္ဂါနေ့က ပြောကြားရာတွင် လျင်မြန်စွာ တိုးတက်နေသော ဈေးကွက် ရှိရာ ဖိလစ်ပိုင်တွင် နောက်ငါးနှစ်အတွင်း ဒေါ်လာ (၁) ဘီလီယံ သုံးစွဲမည် ဖြစ်ကြောင်း ပြောကြားခဲ့ရာ၊ ၎င်းကိစ္စမှာ ကမ္ဘာ့ အကြီးဆုံး အဖျော်ယမကာ ကုမ္ပဏီ အနေဖြင့် တိုးထွက်လာသော ဈေးကွက်များအပေါ် အာရုံပြုသော နောက်ထပ် ခြေလှမ်းပင် ဖြစ်သည်။

Coca-Cola သည် ဖိလစ်ပိုင်တွင် ဖြန့်ဖြူးနိုင်မှု စွမ်းအား တိုးတက်ရန်နှင့် ဈေးကွက် မြှင့်တင်ရန် အာရုံပြု လုပ်ဆောင်မည် ဖြစ်သည်။ ၂၀၁၀ ပထမ နှစ်ဝက်တွင် ပစ္စည်းသစ်များ အချို့ ထုတ်လုပ်မှုကို ကြည့် ဖိလစ်ပိုင်တွင် ယင်း၏ လုပ်ဆောင်နိုင်မှုသည် သန်မာစွာ ကြီးထွားလာကြောင်း ဆိုသည်။

Coca-Cola နှင့် ပြိုင်ဘက် Pepsi Co Inc တို့သည် နိုင်ငံတကာ ဈေးကွက်ကို တိုးမြှင့်လျက် ရှိကြသည်။ လူအများသည် ကိုယ်ပိုင်ဝင်ငွေ ပိုမို ရရှိလာမှုကြောင့် အဆိုပါ ကုမ္ပဏီများသည် အချိုရည် ပိုမို ရောင်းချ လာနိုင်ကြသည်။

အဆိုပါ အချိုရည် ကုမ္ပဏီမှာ ပြည်တွင်း ဈေးကွက် အားနည်းလာမှုကြောင့် ထိုသို့ နိုင်ငံတကာ ဈေးကွက်ကို မြှင့်တင် ကျားကန်ရခြင်းပင် ဖြစ်သည်။ အမေရိကန်နှင့် ဥရောပမှ သောက်သုံးသူများသည် စီးပွားရေး မကောင်းချိန်တွင် အချိုရည်နှင့် အခြား အဖျော်ယမကာ ၀ယ်ယူ သုံးစွဲမှုများကို လျှော့ချလာကြသည်။ ယင်းတို့သည် ကျန်းမာရေး အတွက် သစ်သီး ဖျော်ရည်နှင့် လက်ဖက်ရည် အမျိုးမျိုးသို့ ပြောင်းသောက်လာကြ၍ ဖြစ်သည်။

ပြီးခဲ့သည့်လက Pepsico ကပြောကြားရာတွင် ဗီယက်နမ်တွင် လာမည့် သုံးနှစ်အတွင်း ယင်း၏ အစားအသောက်နှင့် ဖျော်ရည် လုပ်ငန်းများအတွက် ဒေါ်လာသန်း (၂၅၀) ရင်းနှီး မြှုပ်နှံမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Pepsico သည် မေလက ပြောကြားရာတွင် ယင်းသည် တရုတ်ပြည်တွင် နောက်ထပ် သုံးနှစ်အတွင်း ဒေါ်လာ (၂.၅) ဘီလီယံ ထပ်တိုး ရင်းနှီး မြှုပ်နှံမည် ဖြစ်ကြောင်း ဆိုသည်။ ယင်းသည် ၂၀၀၈ ခုနှစ်က ဒေါ်လာ (၁) ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ကြေညာထားရာ ယခုနှစ်တွင် ပြီးစီးမည် ဖြစ် ထပ်တိုး ရင်းနှီးရန် ကြေညာခဲ့ခြင်း ဖြစ်သည်။

Coca-Cola ၏ အင်္ဂါနေ့က ကြေညာချက်မှာ အတ္တလန်တာ အခြေစိုက် ကုမ္ပဏီအတွက် အာရှ-ပစိဖိတ်ဒေသတွင် ယင်း၏ စီးပွားရေး ချဲ့ထွင်မှုအတွက် ယခုနှစ်အတွင်း ဒုတိယ အကြိမ်မြောက် ကြိုးပမ်းမှု ဖြစ်သည်။ ပြီးခဲ့သည့် မတ်လက ယင်းသည် မလေးရှားတွင် ဈေးကွက် မြှင့်တင်ရန် ဒေါ်လာသန်း (၃၀၀) သုံးမည်ဟု ပြောခဲ့သည်။

"ဒီရင်းနှီး မြှုပ်နှံမှုဟာ ဖိလစ်ပိုင်အတွက် ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ ကတိက၀တ်တွေကို သက်သေ ပြလိုက်တာပါပဲ။ ဘာကို ပြသလဲ ဆိုတော့ ဖိလစ်ပိုင် စီးပွားရေးရဲ့ အလားအလာ ကောင်းများနဲ့ ပိုမိုတောက်ပလာမည့် ဖိလစ်ပိုင်ရဲ့ လူလတ်တန်းစားတွေ တိုးတက်လာမှုအတွက် ကျွန်တော်တို့ ယုံကြည်မှု အပြည့်ရှိတယ် ဆိုတာ ပြလိုက်တာပါပဲ" ဟု Coca-Cola ပစိဖိတ် အုပ်စု ဥက္ကဌ Glenn Jordan က ပြောကြားခဲ့သည်။ အဆိုပါ ရင်းနှီး မြှုပ်နှံမှုအတွက် ကြေညာချက်မှာ ဖိလစ်ပိုင် သမ္မတ Benigno Aquino ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွက် နယူးယောက်သို့ ရောက်ရှိနေစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

Coca-Cola သည် ဖိလစ်ပိုင်တွင် စက်ရုံ (၂၃) ခုနှင့် အရောင်းဌာန (၄၂) ခုတွင် လူပေါင်း (၇၈၀၀) ကျော်ကို အလုပ်အကိုင် ပေးထားသည်။ လက်ရှိအားဖြင့် Misamis Oriental တွင် ပုလင်း သွတ်နိုင်သော စက်ရုံ ဆောက်လုပ်လျက် ရှိရာ လာမည့် နှစ်တွင် စတင် လည်ပတ်မည် ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။ အဆိုပါ စက်ရုံသည် ဒေသတွင်း အကြီးဆုံး စက်ရုံများတွင် တစ်ခု အပါအ၀င် ဖြစ်လာမည် ဖြစ်သည်။

Coca-Cola သည် လွန်ခဲ့သည့် ခြောက်လ အတွင်းအားဖြင့် အချိုရည်သစ် တစ်မျိုးနှင့် Green-tea အချိုရည် တစ်မျိုး စတင် ထုတ်လုပ်ခဲ့ပြီး ယခု ထပ်မံ အရည်နှင့် အဖတ်ပါ သစ်သီးဖျော်ရည် "Minute Maid" ကို ထပ်မံ တိုးချဲ့ရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

Coca-Cola သည် ဖိလစ်ပိုင်တွင် ၂၀ ရာစု အစကတည်းက စတင် မိတ်ဆက်ခဲ့ရာ ၁၉၁၂ ခုတွင် ၎င်းနိုင်ငံ၌ စတင် ထုတ်လုပ်နိုင်ခဲ့သည်။ ဖိလစ်ပိုင်သည် Coca-Cola ဗူးသွပ်နှင့် ဖြန့်ဖြူးမှု ဖရန်ချိုက်ကို မြောက်အမေရိက ပြင်ပတွင် ပထမဆုံး ရရှိသူဖြစ်ပြီး ယင်း၏ ဗူးသွပ် လည်ပတ်မှုမှာ ကမ္ဘာပေါ်တွင် အကြီးဆုံး ဆယ်ခု၌ အပါအ၀င် ဖြစ်သည်။

Coca-Cola ၏ ရှယ်ယာသည် ၅၀ ဆင့် မှ (၅၉.၁၀) ဒေါ်လာသို့ ရောက်ရှိလာပြီး Pepsi ၏ ရှယ်ယာမှာ ၄၁ ဆင့် မှ (၆၆.၇၈) ဒေါ်လာသို့ ရောက်ရှိလာသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

United Nations Press Release, 28th September 2010

လာမည့် လများသည် ဆယ်စုနှစ် နှစ်ခုအတွင်း ပထမဆုံး အကြိမ် ရွေးကောက်ပွဲအတွက် ပြင်ဆင်လျက် ရှိရာ မြန်မာနိုင်ငံ အတွက် အရေးကြီးလှကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ယနေ့ ပြောကြားလိုက်သည်။ ထို့အပြင် ရွေးကောက်ပွဲများသည် တတ်နိုင်သမျှ အားလုံး ပါဝင်ရန်၊ ပါဝင်နိုင်ရန်နှင့် ပွင့်လင်း မြင်သာစေရန် အတွက် မြန်မာ အာဏာပိုင်များအား တောင်းဆိုခဲ့သည်။

မြန်မာ နိုင်ငံ၏ မိတ်ဆွေများ အုပ်စု၏ အဆင့်မြင့် ပုဂ္ဂိုလ်များ ဆွေးနွေးပွဲ အပြီးတွင် Mr. Ban က ပြောကြားရာတွင် ပါဝင်သူများက နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲအတွက် အားပေးမှု၊ စိုးရိမ်မှုနှင့် မျှော်လင့်ချက်များကို ဖော်ထုတ်ခဲ့ကြကြောင်း ဆိုသည်။

နယူးယောက်တွင် ကျင်းပသော အဆိုပါ နိုင်ငံခြားရေး ၀န်ကြီး အဆင့် အစည်းအဝေးတွင် မြန်မာ အစိုးရနှင့် ပြည်သူများသည် ဒီမိုကရက်တစ် အစိုးရနှင့် အများ လက်ခံသော အရပ်သား အစိုးရ ဖြစ်ပေါ်ရေး အတွက် အောင်မြင်သော ကူးပြောင်းရေး ဖြစ်ရန် အတွက် ပူးပေါင်း အားထုတ်မှုဖြင့် ကူညီရန် နည်းလမ်းများကို ဆွေးနွေးခဲ့သည်ဟု ဘန်ကီမွန်းက သတင်းစာ ဆရာများသို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ မိတ်ဆွေများ အဖွဲ့သည် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန် အာဏာပိုင်များအား တောင်းဆိုခဲ့သည်။

"ရွေးကောက်ပွဲကို အများက လက်ခံပြီး မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို ဖြစ်စေဖို့ အတွက် ဆိုရင် ဒါဟာ မရှိမဖြစ် လုပ်ရမှာပါ" ဟု အတွင်းရေးမှူးချုပ်က ပြောသည်။

"အခုလို အသွင် ကူးပြောင်းရေး ကာလ အသက်တမျှ အရေးကြီးတဲ့ အချိန်မှာ ပိုအရေးကြီးတဲ့ အချက်က မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေဟာ မြန်မာနိုင်ငံက ကုလသမဂ္ဂ အဖွဲ့ရဲ့ လက်အောက်ခံ ရုံးများနဲ့ အဓိပ္ပာယ် ရှိစွာ ဆက်ဆံဖို့ အားပေးရပါမယ်။ ဒါ့အပြင် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ဆက်ဆံမှုကို အပြုသဘော ဆောင်ပြီး ရှေ့ဆက်နိုင်မည့် ချဉ်းကပ်မှုတွေ ပြုလုပ်နိုင်တဲ့ စိတ်ဓာတ်မွေးဖို့ အားပေးကြရပါမယ်" ဟု ယင်းက ပြောသည်။

မိတ်ဆွေများ အုပ်စုသည် မြန်မာနိုင်ငံ အပေါ် နိုင်ငံရေး၊ လူသားချင်း စာနာမှုနှင့် ဖွံ့ဖြိုး တိုးတက်မှုများ ကိုင်တွယ်ရာမှာ ကူညီပေးရေးနှင့် တိုင်းပြည်၏ နောက်ထပ် ခြေလှမ်းများ ဖြစ်သော အမျိုးသား ရင်ကြားစေ့ရေးနှင့် ဒီမိုကရေစီ အတွက် အားပေးရေးတို့ကို ယင်းတို့ ပူးပေါင်း လုပ်ဆောင်ရင်း ကူညီကြမည်ဟု ထပ်မံ ကတိပြုခဲ့ကြသည်။

မိတ်ဆွေများ အုပ်စုကို ၂၀၀၇ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး နိုင်ငံပေါင်း တစ်ဒါဇင်ကျော်နှင့် ဒေသတွင်း အဖွဲ့ကြီးတို့သည် အတွင်းရေးမှူးချုပ်၏ ရုံးများက မြန်မာနိုင်ငံအပေါ် လုပ်ဆောင်ရန် ကိစ္စကို အပြုသဘော ဆောင်သော ဖိုရမ်နှင့် ပူးပေါင်း ချဉ်းကပ်မှုများ ဖြစ်ပေါ်ရေးအတွက် ရည်ရွယ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

Mr. Ban က မေးခွန်းများကို ပြန်လည် ဖြေကြားရာတွင် ယင်းသည် လာမည့် အပတ်များတွင် မြန်မာ အာဏာပိုင်များနှင့် စကားပြောမှုများ ဆက်လုပ် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဟနွိုင်းတွင် လာမည့်လ အာဆီယံ အစည်းအဝေးတွင်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း ပြောခဲ့သည်။

ယင်းသည် မြန်မာ နိုင်ငံအပေါ် ပြင်းပြသော ဆန္ဒများ ဖြစ်သော ရွေးကောက်ပွဲ တရား မျှတရေး၊ ပွင့်လင်း မြင်သာရေးနှင့် အားလုံး ပါဝင်ရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးတို့ကို ပြောပြထားပြီး ဖြစ်ကြောင်း ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.