Transparency Myanmar

transparency.myanmar@gmail.com

By Ron Corben, Bangkok, 30th August 2010

မြန်မာနိုင်ငံ အနေဖြင့် နာဂစ်စ် ဆိုင်ကလုံးဒဏ်မှ ပြန်လည် ထူထောင်နေရဆဲ ဒေသများသို့ နိုင်ငံတကာ အလှူရှင်များ သွားရောက် ခွင့်ပြုရေး ကိစ္စတွင် စမ်းသပ်မှုနှင့် ရင်ဆိုင်ရမည်ဟု အာဆီယံ ထိပ်တန်း တာဝန်ရှိသူ တစ်ဦးက သတိပေး ပြောကြားခဲ့သည်။ နာဂစ်စ် အပြီး ကူညီမှု လုပ်ငန်းများကို အကဲဖြတ်သည့် ကုလသမဂ္ဂ အစည်းအဝေးတွင် အထက်ပါ သတိပေးမှု ပေါ်ထွက်လာခြင်း ဖြစ်သည်။

၂၀၀၈ မေလ၌ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို နာဂစ်စ် ဆိုင်ကလုံး ဖြတ်သန်း ဝင်ရောက်ခဲ့ရာ လူပေါင်း ၁၄၀,၀၀၀ ခန့် သေဆုံးကာ လူ ၂ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

အဆောက်အဦးများ ပျက်စီးခြင်း၊ စပါးခင်းများ ပျက်စီးခြင်း မွေးမြူထားသော တိရစ္ဆာန်များ ထောင်ပေါင်း များစွာ ဆုံးရှုံးရခြင်း တို့ကြောင့် ပျက်စီးမှု တန်ဖိုးမှာ ဒေါ်လာ ၄ ဘီလျံ နီးပါး ရှိမည်ဟု ခန့်မှန်းကြသည်။

ဆိုင်ကလုံး တိုက်ခတ်မှု အပြီးတွင် ပျက်စီး ဆုံးရှုံးမှု ကြီးမားသော ဒေသများသို့ နိုင်ငံတကာ ကယ်ဆယ် စောင့်ရှောက်ရေး အသိုင်းအဝိုင်းကို ဝင်ခွင့် မပေးခဲ့သည့်အတွက် မြန်မာ အစိုးရမှာ နိုင်ငံတကာ၏ ဝိုင်းဝန်း ပြစ်တင်မှုကို ရင်ဆိုင်ခဲ့ရသည်။

နောက်ဆုံးတွင်မူ အာဆီယံ အဖွဲ့နှင့် ကုလသမဂ္ဂ အဖွဲ့တို့ ပါဝင်သော သုံးပွင့်ဆိုင် ဗဟို အဖွဲ့ မှတဆင့် ကယ်ဆယ်ရေး အစီအစဉ်များကို ခွင့်ပြုရန် မြန်မာ အစိုးရက သဘောတူခဲ့သည်။

ကုလ-အာဆီယံ လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေး

အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က "လာမည့် အနာဂတ်တွင် အာဆီယံနှင့် ကုလသမဂ္ဂ အတူတကွ လက်တွဲကာ ဒေသတွင်း သဘာဝ ဘေးအန္တရာယ်များကို လျှင်မြန်စွာ တုန့်ပြန် ဆောင်ရွက်သွားကြရမည်'' ဟု တနင်္လာနေ့တွင် ပြောကြားသည်။

"အာဆီယံ မြေပေါ်မှာ သဘာဝ ဘေးအန္တရာယ်တွေ နောက်တစ်ခါ ကျရောက်လာခဲ့မယ် ဆိုရင် လိုအပ်ချက်တွေ ပျက်စီးမှုတွေ ဘေးဒဏ်ခံ ပြည်သူတွေရဲ့ ဒုက္ခတွေ လျော့ပါးအောင် ကူညီရာမှာ လိုအပ်မယ့် မဖြစ်မနေ လုပ်ငန်း ဆောင်တာတွေကို ချက်ချင်း အကဲဖြတ်နိုင်ဖို့အတွက် အတူတကွ သွားရောက်ကြဖို့ သဘော တူညီမှု ရရှိခဲ့ပါတယ်" ဟု ဆူရင်က ပြောကြားခဲ့သည်။

နာဂစ်စ် ကယ်ဆယ် ကူညီမှု လုပ်ငန်း အကဲဖြတ်သည့် အစည်းအဝေးတွင် ဆူရင်က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုဝင်ဘာလ၌ ရွေးကောက်ပွဲများ ကျင်းပရန် ပြင်ဆင် နေသည့်အတွက် ယခု အစည်းအဝေးကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ လွှတ်တော် အသစ်တွင် အမတ် နေရာ လေးပုံတစ်ပုံကို တပ်မတော်က ရယူထားသည့် အတွက် လာမည့် ရွေးကောက်ပွဲမှာ စစ်အုပ်ချုပ်ကို သက်တမ်းတိုးမည့် လှည့်စားမှု တစ်ခုသာ ဖြစ်သည်ဟု လူ့အခွင့်အရေး အုပ်စုများက ပြောကြားလျက် ရှိသည်။

မြန်မာ စစ်ဖက် အစိုးရသည် ပင်လယ် ရပ်ခြားမှ ရရှိမည့် ကယ်ဆယ်ရေး အထောက်အပံ့များနှင့် ရန်ပုံငွေ မြောက်များစွာကို ရွေးကောက်ပွဲ မတိုင်မီ တောင်းခံခဲ့သည်ဟု ထိုင်းသတင်းစာ တစ်စောင်က ဖော်ပြခဲ့သည်။

အရေးကြီးသည့် စမ်းသပ်မှုနှင့် ရင်ဆိုင်ရမည်

မြန်မာနိုင်ငံ အနေဖြင့် ရွေးကောက်ပွဲ အပြီးတွင် အရေးကြီးသည့် စမ်းသပ်မှုနှင့် ရင်ဆိုင်ရမည်ဟု ဆူရင်က ပြောဆိုသည်။ အစိုးရ အနေဖြင့် အလှူရှင်များနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း နိုင်ငံတကာကို ယုံကြည်အောင် စည်းရုံးရလိမ့်မည်ဟု ဆိုစည်။

"ဒီစမ်းသပ်မှုမှာ မြန်မာနိုင်ငံ ကျရှုံးသွားပြီ ဆိုရင်တော့ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ လူရာသွင်းဖို့ တစ်ကမ္ဘာလုံးက လိုလားတော့မှာ မဟုတ်ဘူး ဆိုတာကတော့ အသေအချာပါပဲ။ ဒါကြောင့် ဒီကိစ္စဟာ သေရေးရှင်ရေး တမျှ အရေးပါတဲ့ ကိစ္စပါ။ အလွန်အမင်း အရေးကြီးပါတယ်" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အာရှ ပစိဖိတ် ဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် အမှုဆောင် အတွင်းရေးမှူး နိုလင်းဟေဇာက အစည်းအဝေးတွင် ပြောကြားရာ၌ နာဂစ်စ်အပြီး ယခုထက် စောစီး လျှင်မြန်စွာ တုန့်ပြန် ဆောင်ရွက်နိုင်ခဲ့မည် ဆိုပါက လူ့အသက်များ ပိုမို ကယ်ဆယ်နိုင်မည် ဖြစ်ကာ ထိခိုက်မှုကို လျှော့ချနိုင်လိမ့်မည်ဟု ဆိုခဲ့သည်။

သဘာဝ ဘေးအန္တရာယ် ကိစ္စများတွင် ဒေသတွင်း အစိုးရများနှင့် ကယ်ဆယ်ရေး အေဂျင်စီများ အတူတကွ လုပ်ဆောင်ကြရမည် ဟုလည်း သူမက ဆိုသည်။

"ယုံကြည်မှု တည်ဆောက်တဲ့ နေရာမှာ ခေါင်းဆောင်မှုကိစ္စနဲ့ ပြည်တွင်း အုပ်ချုပ်ရေး ကိစ္စတွေက အရေးကြီးပါတယ်" ဟု ဟေဇာက ပြောကြားသည်။ နာဂစ်စ် ကယ်ဆယ် ထောက်ပံ့ရေး အစီအစဉ်များကို ၃ ပွင့်ဆိုင် အဖွဲ့မှတဆင့် ဆောင်ရွက်ရာ၌ ယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့သည်။ လုပ်ဖော် ကိုင်ဖက် ဆက်ဆံရေး ကိစ္စများနှင့် တာဝန်ယူမှု ကိစ္စများသည် လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေးမှာ အလွန် အရေးကြီးသည်ဟု သူမက ပြောကြားသည်။

နာဂစ်စ် ပြီးလျှင် ပြီးချင်း မြန်မာနိုင်ငံအား ကူညီရန် လုံလောက်သော အလှူငွေများ လက်ခံ ရရှိခဲ့သည်ဟု ကုလသမဂ္ဂ တာဝန်ရှိသူက ပြောကြားခဲ့သော်လည်း ရေရှည် ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေး အတွက် ရန်ပုံငွေ ရရှိရေးမှာမူ ပိုမို ခက်ခဲသည့် စိန်ခေါ်မှု တစ်ခုအဖြစ် တွေ့ရှိခဲ့ရသည်ဟု ဆက်လက် ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment