Transparency Myanmar

transparency.myanmar@gmail.com

တရုတ်နိုင်ငံ အနေဖြင့် ကုန်ပစ္စည်း အတုများ ထုတ်လုပ် တင်ပို့မှု အပါအဝင် မှောင်ခို ဈေးကွက်ကို တိုက်ဖျက်သွားရန် အီးယူ (ဥရောပ သမဂ္ဂ) က တိုက်တွန်းလိုက်ကြောင်း ဘီဘီစီ သတင်းက ရေးသား ဖော်ပြသည်။ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် တရုတ် အရာရှိကြီးများနှင့် အတူ ပူးတွဲ ကျင်းပသော အကောက်ခွန် ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးပွဲ၌ ဥရောပ သမဂ္ဂ အကောက်ခွန် ဆိုင်ရာ မဟာမင်းကြီး Algirdas Semeta က အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။

တရုတ် စီးကရက် အတုများကြောင့် အီးယူအနေဖြင့် နှစ်စဉ် အခွန်ငွေ ယူရိုငွေ ၁၀ ဘီလီယံခန့် မရရှိဘဲ ဖြစ်နေကြောင်း ၎င်းကဆိုပြီး "အီးယူတွင် စီးကရက် အတုများ တွေ့ရှိရခြင်း၏ အဓိက ရင်းမြစ်မှာ တရုတ်ဖြစ်သည်" ဟု သတ်မှတ် ဖော်ပြသည်။ ယမန်နှစ်က အီးယူတွင် သိမ်းဆည်း ရမိသော ကုန်ပစ္စည်း အတုများနှင့် မူပိုင်ခွင့် ချိုးဖောက်ထားသော ကုန်ပစ္စည်းများ အားလုံးသည် တရုတ်နိုင်ငံ ထုတ်ကုန်များ ဖြစ်ကြောင်း၊ သိမ်းဆည်း ရမိသော ပစ္စည်း အတုများ အားလုံး၏ ၆၄ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံမှ ဖြစ်ကြောင်း အီးယူ ကော်မရှင်က ဆိုသည်။ စီးကရက် အတုများ နှင့်အတူ အခြား အတု ဖြစ်သော တံဆိပ်များ၊ အဝတ်အထည်များ၊ အပိုပစ္စည်းများ၊ ဖိနပ်များ၊ အရုပ်များ၊ စီဒီ နှင့် ဒီဗီဒီများကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း အီးယူ အကောက်ခွန် ဆိုင်ရာ မဟာမင်းကြီး Algirdas Semeta က ပြောသည်။ တရုတ်လုပ် စီးကရက် အတုများကြောင့် အခွန်ငွေ ယူရို ၁၀ ဘီလီယံခန့် နှစ်စဉ် ဆုံးရှုံးကာ တရားဝင် စီးပွားရေး အကျိုးအမြတ် အပေါ်လည်း များစွာ ထိခိုက် နစ်နာစေသည်ဟု
၎င်းက ဆိုသည်။

တရုတ်သည် အမေရိကန် ပြီးလျှင် အီးယူ၏ ဒုတိယ အကြီးဆုံး ကုန်သွယ်ဘက် နိုင်ငံဖြစ်ပြီး အီးယူ-တရုတ် ကုန်သွယ်မှုမှာ ၂၀၀၉ ခုနှစ်တွင် ယူရို ၁၃၃ ဘီလီယံသို့ ရောက်ရှိခဲ့သည်။ ထို့ပြင် တရုတ်သည် အီးယူအတွက် ပို့ကုန် တင်ပို့မှု လျင်မြန်စွာ ကြီးထွားနေသည့် ဈေးကွက်ကြီး တစ်ခု ဖြစ်သည်။

"ကမ္ဘာ့ ဈေးကွက်ထဲမှာ ကျွန်တော်တို့က ပလေယာတွေ ဖြစ်ကြတဲ့ အတွက် ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ တာဝန်ယူမှု ဆိုတာလည်း ကျွန်တော်တို့မှာ ရှိပါတယ်။ အဲဒီ တာဝန်ယူမှုဟာ တရုတ်မှာလည်း ရှိသလို အီးယူမှာလည်း ရှိပါတယ်" ဟု မစ္စတာ Algirdas Semeta က ပြောကြားသည်။ ၂၀၀၉ ခုနှစ်တွင် ရေးထိုးခဲ့သော အသိဉာဏ် မူပိုင်ခွင့် ကာကွယ် ပေးရေး အစီအစဉ်မှ လက်တွေ့ ကျသော ရလဒ်များ ထုတ်ဖော် ပေးနိုင်ရန် ၎င်းက အီးယူကို တိုက်တွန်းသည်။

ထို့ပြင် အီးယူက အဆင်ပြေ ချောမွေ့ပြီး လုံခြုံမှု ရှိသော ကုန်သွယ်ရေး လမ်းကြောင်း (SSTL) ပိုင်းလော့ စီမံကိန်းကို တိုးချဲ့သွားရန် ဆန္ဒ ရှိသည်။ အဆိုပါ စီမံကိန်းမှာ တရုတ်-အီးယူ အကောက်ခွန် ဌာနများ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ဆိပ်ကမ်းရှိ ကွန်တိန်နာများ လုံခြုံမှု တိုးမြှင့်ရေးတို့ ပါဝင်သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment