Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လာမည့် ရက်သတ္တပတ် အတွင်း အိမ်နီးချင်း တရုတ် ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း တရုတ် အစိုးရက သတင်း ထုတ်ပြန်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်ပြည် ခရီးစဉ်သည် စက်တင်ဘာလ ၇ ရက်နေ့တွင် စတင်မည် ဖြစ်ပြီး လေးရက်တာမျှ ကြာမြင့်မည် ဖြစ်ကြောင်း၊ ၎င်းသည် ဘေဂျင်း မြို့တော်နှင့် ကမ္ဘာ့ ကုန်စည်ပြပွဲ ကျင်းပရာ ရှန်ဟိုင်းမြို့တွင် တည်းခိုမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Jiang Yu က စက်တင်ဘာလ ၂ ရက်နေ့တွင် ထုတ်ဖော် ပြောဆိုသည်။

မြန်မာ နိုင်ငံပိုင် သတင်းစာများကမူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်တို့သည် တရုတ်နိုင်ငံ သမ္မတ ဟူဂျင်တောင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သို့ သွားရောက် လည်ပတ်မည်ဟု စက်တင်ဘာလ ၄ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။

တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် ပြီးခဲ့သည့် ဇွန်လအတွင်းက မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့သည်။ အဆိုပါ ခရီးစဉ်သည် ဆယ်စုနှစ် တစ်ခုအတွင်း တရုတ်အစိုးရ စီနီယာ ခေါင်းဆောင် တစ်ဦး၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ် ဖြစ်ခဲ့သည်။

ယခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်ပြည် ခရီးစဉ်သည် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲ မတိုင်မီ ဖြစ်သည်။ ထိုရွေးကောက်ပွဲသည် နှစ်ပေါင်း ၅၀ တာမျှ ကြာမြင့်ခဲ့သော စစ်အုပ်ချုပ်ရေး စနစ်မှ အရပ်ဘက် အုပ်ချုပ်ရေး စနစ်သို့ ပြောင်းလဲရန် လွန်စွာ အရေးကြီးသည့် အဆင့်တစ်ခု ဖြစ်သည်။

အစိုးရ ဆန့်ကျင်ရေး အုပ်စုများနှင့် နိုင်ငံရေး လေ့လာသူ အများစုက ယင်းရွေးကောက်ပွဲသည် စစ်အုပ်ချုပ်ရေးကို အရပ်ဘက် အုပ်ချုပ်ရေး အသွင် ပြောင်းလဲရုံသာ ဖြစ်ပြီး စစ်အာဏာရှင် စနစ် သက်ဆိုး ရှည်ရန်သာ ရည်ရွယ်ကြောင်း ထောက်ပြ ပြောဆိုကြသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အနီးကပ် မဟာမိတ် တစ်ဦး ဖြစ်ပြီး စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အမေရိကန်နှင့် အနောက် နိုင်ငံများက စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်နေချိန်တွင် တရုတ်နိုင်ငံက သံတမန်နှင့် စီးပွားရေးအရ အထောက်အပံ့ မျိုးစုံ ပေးခဲ့သည်။ အနောက် နိုင်ငံများက နှစ်ကာလ ကြာရှည်စွာ မည်သို့ပင် ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့သော်ငြား တရုတ်နိုင်ငံ၏ အဓိက ထောက်ပံ့ ပေးမှုကြောင့် ထိရောက် အောင်မြင်မှု မရှိခဲ့ပေ။

တရုတ်သည် ထိုင်းနှင့် စင်ကာပူပြီးလျှင် မြန်မာနိုင်ငံ၏ တတိယ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် ဖြစ်သည်။ တရုတ်-မြန်မာ အပြန်အလှန် ကုန်သွယ်မှု တန်ဖိုးမှာ ၂၀၀၉ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၂ ဒဿမ ၉ ဘီလီယံသို့ ရောက်ရှိခဲ့သည်။  ယခုနှစ် ဇန်နဝါရီလတွင် တရုတ်က မြန်မာ နိုင်ငံတွင် အမေရိကန် ဒေါ်လာ ၁ ဒဿမ ၈ ဘီလီယံဖိုး ရင်းနှီး မြှုပ်နှံခဲ့သည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment