Transparency Myanmar

transparency.myanmar@gmail.com

မြောက်ကိုရီးယားက ဖမ်းဆီးထားသော တောင်ကိုရီးယား ငါးဖမ်းသင်္ဘော တစ်စင်းမှ သင်္ဘောသား ၇ ဦး (တရုတ် ၃ ဦး အပါအဝင်) အား ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ပြုံးယမ်း အစိုးရက သတင်း ထုတ်ပြန် ကြေညာသည်။ ထိုသင်္ဘောသည် မြောက်ကိုရီးယား ရေပိုင်နက် အတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ပြီးခဲ့သည့် သြဂုတ်လအတွင်း ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။

မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန KCNA အဆိုအရ ဖမ်ဆီး ထိန်းသိမ်းခံခဲ့ရသူ သင်္ဘောသားများက ၎င်းတို့ ကျူးလွန်ခဲ့သော လုပ်ရပ်သည် မည်မျှ ကြီးလေးသည် ဟူသော အချက်ကို လက်ခံ နားလည်ပြီး နောက်ထပ် အလားတူ ဖြစ်ရပ်မျိုး ထပ်မံ မကျူးလွန်ရန် အာမခံ ပြောဆိုခဲ့သော အကြောင်းကြောင့် ကွန်မြူနစ် အစိုးရက တောင်ကိုရီးယားသို့ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မတ်လအတွင်း ဖြစ်ပေါ်ခဲ့သော တောင်ကိုရီးယား ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်ပြီး ယခုအခါ ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ အဆက်မပြတ် ဖြစ်ပေါ်နေသည်။ တောင်ကိုရီးယားက ချိုနန်သင်္ဘောသည် မြောက်ကိုရီးယား တော်ပီတို ဒုံးကျည် ပစ်ခတ်ခံရခြင်းကြောင့် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုထားပြီး အမေရိကန် ပြည်ထောင်စုနှင့် ပူးပေါင်း စစ်ရေး လေ့ကျင့်မှုများကို စီးရီးအလိုက် ပြုလုပ်ခဲ့သည်။

တောင်ကိုရီးယား ငါးဖမ်း သင်္ဘောသည် မြောက်ကိုရီးယား အရှေ့ဘက်ကမ်း ဒေသ ပင်လယ်ပြင် ပိုင်နက်အတွင်း သြဂုတ်လ ၈ ရက်နေ့တွင် ဝင်ရောက် ငါးဖမ်းခဲ့သောကြောင့် ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်ဟု ပြုံးယမ်း အစိုးရက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ အတွင်းကလည်း တရုတ် နိုင်ငံသား သုံးဦးကို မှောင်ခိုကူးသည် ဟူသော သံသယဖြင့် မြောက်ကိုရီးယား နယ်စပ် ဒေသစောင့် တပ်ဖွဲ့များက ပစ်ခတ် သတ်ဖြတ်ခဲ့မှု အပေါ် ဘေဂျင်း အစိုးရက လူသိရှင်ကြား ပြစ်တင် ဝေဖန်ခဲ့သည်။

တရုတ် နိုင်ငံသားများကို မြောက်ကိုရီးယားက ဖမ်းဆီး ထိန်းသိမ်းမှုအပေါ် လွန်စွာ မကျေမနပ် ဖြစ်ကြောင်း တရုတ်အစိုးရက သဘောထား ထုတ်ပြန်ထားသည်။ ချုံးချုံး ကျနေသော မြောက်ကိုရီးယား နိုင်ငံ စီးပွားရေးမှာ တရုတ်နိုင်ငံအပေါ် များစွာ မှီခိုနေရသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီလ်သည် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း တရုတ်နိုင်ငံသို့ ရုတ်တရက် သွားရောက်ခဲ့သည်။ အထီးကျန် ဖြစ်နေသော မြောက်ကိုရီးယားအား တရုတ်နိုင်ငံက သံတမန် နည်းအရ ထောက်ပံ့မှုများ ပေးရန်၊ ကင်ဂျုံအီလ် နေရာကို ဆက်ခံမည့် သားဖြစ်သူ ကင်ဂျွန်အန်ကို တရုတ်နိုင်ငံက ဆက်လက် ပံ့ပိုးသွားရန် ခရီးသွားခဲ့ခြင်း ဖြစ်ကြောင်း လေ့လာ သုံးသပ်သူများက ဆိုသည်။

ဤကာလများအတွင်း တောင်ကိုရီးယားနှင့် အမေရိကန်တို့ စစ်ရေး လေ့ကျင့်မှုများ စီးရီးလိုက် ပြုလုပ်ကြရာ ကိုရီးယား ကျွန်းဆွယ်တွင်း တင်းမာမှုများ အထွပ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ တောင်ကိုရီးယားက ချိုနန် စစ်သင်္ဘော တိုက်ခိုက်ခံရမှုကို တုံ့ပြန်သည့် အနေဖြင့် ယင်းသို့ စစ်ရေး လေ့ကျင့်မှု ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ စစ်ရေး လေ့ကျင့်မှု ပြုလုပ်သည့် နေရာမှာ တောင်-မြောက် ရေပိုင်နက် နယ်စပ်ဒေသတွင် ဖြစ်ကြောင်း ပြောသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment