Transparency Myanmar

transparency.myanmar@gmail.com

The Jakarta Post, 8th Sept 2010

      နိုဝင်ဘာ ၇ရက်တွင် ကျင်းမမည့် ရွေးကောက်ပွဲများမတိုင်မီ နိုင်ငံတကာ၏ ဖိအားများ ကြီးထွားလာခြင်းကြောင့် မြန်မာစစ်ဖက် အစိုးရသည် ၎င်း၏မဟာမိတ် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို တောင့်တင်းအောင် ပြုလုပ်သည့်အနေဖြင့် အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုတ်နိုင်ငံသို့ အင်္ဂါနေ့တွင် သွားရောက်ခဲ့သည်။

      ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၅ရက်ကြာ နိုင်ငံတော် ခရီးစဉ် အဖြစ် တရုတ်နိုင်ငံသို့ အင်္ဂါနေ့က ရောက်ရှိခဲ့သည်ဟု ရိုက်တာက သတင်းဖော်ပြသည်။

      မြန်မာစစ်ဖက် အစိုးရသည် အနှစ် ၂၀အတွင်း ပထမဆုံး အကြိမ် ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေခြင်းဖြစ်ရာ တရုတ်၏ ထောက်ခံမှုကိုရရှိရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရသော ရွေးကောက်ပွဲသည် အတုအယောင်သာ ဖြစ်လိမ့်မည်ဟု နိုင်ငံတကာ အကဲခတ် လေ့လာသူများက ပြစ်တင်ရှုံ့ချထားသည်။

       တရုတ်နှင့် မြန်မာသည် ရင်းနှီးသော စီးပွားရေး ဆက်ဆံမှုကို ထူထောင်လျက် ရှိခြင်းကြောင့် စီးပွားရေး အင်အားကြီး တရုတ်နိုင်ငံက နိုင်ငံတကာ ပြစ်တင် ဝေဖန်မှုများကို ရင်ဆိုင်နေရသည့် မြန်မာစစ်ဖက်အစိုးရကို ထောက်ခံအားပေးလိမ့်မည်ဟု အများစုက မျှော်လင့်ထားကြသည်။

      မြန်မာနိုင်ငံ အဖွဲ့ဝင် အဖြစ်ပါဝင်နေသော အရှေ့တောင်အာရှ ၁၀နိုင်ငံ အာဆီယံ အဖွဲ့ကိုလည်း အထီးကျန် မြန်မာနိုင်ငံအပေါ် တင်းမာသော သဘောထား ပြသရန် မလိုလားသော အဖွဲ့အဖြစ် အများစုက သတ်မှတ်ထားကြသည်။

      အမေရိကန်ပြည်ထောင်စု ဦးဆောင်သော နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဝိုင်းဝန်း ဖိအားပေးမှု ပြင်းထန်လာသည်ဟု မြန်မာအစိုးရက ယူဆသဖြင့် ကုလလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် တရုတ်မိတ်ဆွေကြီးထံ ခြေဦးလှည့်ခြင်းဖြစ်သည်ဟု လွှတ်တော်တွင်း မြန်မာ့ရေးရာ ကော်မတီ အကြီးအကဲ Eva K. Sundari ကပြောကြားသည်။

      ၁၉၉၀ ရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည် အောင်ပွဲခံခြင်းကို စစ်အစိုးရက အသိအမှတ်ပြုရန် ငြင်းပယ်ခဲ့ပြီး နောက်ပိုင်း သွေးစွန်းသော ဖြစ်ရပ်များစွာကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည့် မြန်မာနိုင်ငံမှ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် အတွက် ကုလသမဂ္ဂ ကော်မရှင် ဖွဲ့စည်းရေး ကိစ္စကို အမေရိကန် ပြည်ထောင်စုက လတ်တလော တွန်းအားပေးလျက် ရှိသည်။

        "စစ်အစိုးရက သူ့ရဲ့ ရွေးကောက်ပွဲတွေ တရားဝင် အသိအမှတ် ပြုခံရအောင် ဘာမဆို လုပ်မှာဖြစ်သလို၊ တရုတ်ကလည်း သူရဲ့ ကိုယ်ပိုင်အကျိုးစီးပွားအတွက် မြန်မာအစိုးရနဲ့ ဆက်ဆံရေး ကောင်းအောင် ထိန်းသိမ်းမယ်ဆိုရင် သိသိသာသာ မြင်နေရတယ်၊ ဒါကြောင့် ၂ နိုင်ငံစလုံးအတွက် အံဝင်သွားတာပါ'' ဟု သူမကဆိုသည်။

      ရွေးကောက်ပွဲနှင့် နီးကပ်လာသော အချိန်တွင် အာဆီယံကလည်း ၁၆နိုင်ငံ အရှေ့အာရှ ထိပ်သီး ညီလာခံ (EAS) သို့လာမည့် နှစ်တွင် ပူးပေါင်းမည့် အမေရိကန် ပြည်ထောင်စုနှင့် တိုးတက်မှုများ ရရှိရေးကို ရှုမျှော်လျက်ရှိသည်။

      နိုင်ငံရေး လှုပ်ရှားသူများနှင့် အစိုးရဆန့်ကျင်သူ ထောင်ပေါင်းများစွာကို အကျဉ်းချထားသော မြန်မာနိုင်ငံကို စီးပွားရေးအရ အရေးယူပိတ်ဆို့ရန် အမေရိကန်ပြည်ထောင်စုက တွန်းအားပေး လုပ်ဆောင်နေချိန်တွင် တရုတ်နိုင်ငံက ၎င်း၏ သယံဇာတ ကြွယ်ဝသော အိမ်နီးချင်းနိုင်ငံထဲသို့ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက် လောင်းထည့်လျက်ရှိသည်။

      အရှေ့အာရှ ထိပ်သီးညီလာခံ EAS တွင် အဖွဲ့ဝင်သစ်ဖြစ်လာသည့် အမေရိကန်ကြောင့် စိတ်ပင်ပန်းမှု ကြီးထွားနေသည့်ကြားမှ တရုတ်နိုင်ငံသည် ၎င်း၏ သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် တရုတ်အားကိုးဖြင့် လီဗာတင်နိုင်ရန် အခွင့်အရေးရလိမ့်မည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

      မြန်မာနိုင်ငံကိစ္စ အဓိကအရေးကြီးသည့် အနေအထားတွင် ရောက်ရှိနေခြင်းနှင့်အတူ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံအကြား ပြင်းထန်နေသော ဆက်ဆံရေးကို အာဆီယံအနေဖြင့် ကိုင်တွယ်ရာတွင် အောင်မြင်မည် မဟုတ်သည့် အချက်ကို စိုးရိမ်ပူပန်ကြောင်း ဝေဖန်ဆန်းစစ်သူများက ထုတ်ဖော် ပြောကြားခဲ့ကြသည်။ လက်ရှိတွင် အာဆီယံအဖွဲ့၏ သြဇာတက်နေသော်လည်း အသစ်ဖွဲ့စည်းသည့် EAS မှာမူ ကမ္ဘာ့အင်အားကြီး ပြိုင်ဖက် ၂နိုင်ငံ ပါဝင်လာခြင်းကြောင့် သာမကပဲ အခြား အဖွဲ့ဝင်နိုင်ငံများ၏ မတူညီသော အကျိုးစီးပွားများကြောင့် စိမ်ခေါ်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။

      လွန်ခဲ့သောနှစ်များစွာအတွင်း နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် မြန်မာနိုင်ငံသည် အာဆီယံ၏ ထီးရိပ်ကို အချိန်အတန်ကြာ ခိုလှုံခဲ့သော်လည်း ယခုအခါ တရုတ်၏ အရိပ်ကို ခိုရန် ကြိုးစားနေပြီ ဖြစ်သည်။

      ထိုင်းနိုင်ငံ အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားသူ Phil Robertson က "အာဆီယံသည် တရုတ်က မြန်မာနိုင်ငံအပေါ် ဒလဟော ကူညီနေမှုကို သိသိသာသာ မျက်စိမှိတ်နေခဲ့ပြီး ဤအစား ခေါင်းဆောင်များကလည်း မြန်မာနိုင်ငံ၏ လာမည့် ရွေးကောက်ပွဲအပေါ် ကျိုးကြောင်းမခိုင်လုံသော အကောင်းမြင်ဝါဒဖြင့် အာရုံစိုက်ခဲ့ကြသည်'' ဟု ပြောကြားလိုက်သည်။

      မြန်မာနိုင်ငံမှာ တင်းကြပ်လွန်းတဲ့ ရွေးကောက်ပွဲ စည်းကမ်းနှင့် ဥပဒေတွေ၊ စစ်တပ်နဲ့ မပတ်သက်တဲ့ ပါတီတွေအပေါ် နှောက်ယှက်မှုတွေ၊ လွတ်လပ်စွာပြောဆိုခွင့် စည်းရုံးခွင့်ကို ထင်ထင်ရှားရှား ကန့်သတ်ထားတာတွေနဲ့ ပါတ်သက်ပြီး နေ့စဉ်လိုလို ပိုမို ထင်ရှားလာတဲ့အချိန်မှာ ရွေးကောက်ပွဲတွေ လွတ်လပ် မျှတပါလိမ့်မယ်လို့ ဆိုလိုရာရောက်တဲ့ အာဆီယံ ကြေညာချက်ကို ထုတ်ပြန်တာကတော့ အမိုက်မဲဆုံး အရာပါပဲ ဟု ၎င်းက ဝေဖန်သုံးသပ်လိုက်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment