Transparency Myanmar

transparency.myanmar@gmail.com

မြောက်ကိုရီးယားနိုင်ငံနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် အမေရိကန် သံတမန်အဖွဲ့တစ်ဖွဲ့အား တောင်ကိုရီးယား၊ တရုတ်နှင့် ဂျပန်နိုင်ငံသို့ စေလွှတ်မည် ဖြစ်ကြောင်း အမေရိကန်အစိုးရက သတင်းထုတ်ပြန်သည်။

အဆိုပါအထူးသံအဖွဲ့တွင် နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးဆိုင်ရာ ခြောက်နိုင်ငံ ဆွေးနွေးပွဲ အထူးသံတမန် Stephen Bosworth နှင့် Sung Kim၊ အမေရိကန် အမျိုးသားလုံခြုံရေး ကောင်စီ၏ အာရှဒေသဆိုင်ရာဒါရိုက်တာ Daniel Russell တို့ပါဝင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ Philip Crowley ကဆိုသည်။

အဆိုပါသံအဖွဲသည် မြောက်ကိုရီးယားအရေးကိစ္စအပေါ် ဆွေးနွေးတိုင်ပင်ရန် စက်တင်ဘာ လ ၁၂ ရက်မှ ၁၄ ရက်အထိ တောင်ကိုရီးယားနိုင်ငံ၊ ၁၄ မှ ၁၅ တွင် ဂျပန်နိုင်ငံ နှင့် ၁၅ မှ ၁၆ ရက်တွင် တရုတ်နိုင်ငံသို့ သွားရောက်ကြမည်ဖြစ်သည်ဟု ၎င်းကဆိုသည်။ လတ်တလောကာလ မြောက်ကိုရီးယားနှင့် ပတ်သက်၍ ဖြစ်ပေါ်နေသော အရေးကိစ္စများအပေါ် အကြံပြု ပြောဆိုမှုများ ပြုလုပ်နိုင်ရေး အတွက်လည်း ဖြစ်သည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။

သုံးနိုင်ငံခရီးစဉ်အတွင်း မြောက်ကိုရီးယားနိုင်ငံမှ အရာရှိကြီးများနှင့် တွေ့ဆုံမှုများ ပြုလုပ်လာနိုင်ခြင်း ရှိ၊မရှိ သို့မဟုတ် မြောက်ကိုရီးယားသို့ သွားရောက်ပြီး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ရှိ၊မရှိ ဟူသောကိစ္စနှင့် စပ်လျဉ်း၍မေးမြန်းရာတွင် ၎င်းက "အဲဒါတွေ တစ်ခုမှ ဖြစ်မလာဘူး လို့ တွက်ဆထားပါတယ်" ဟု ဖြေကြားသည်။

တောင်ကိုရီးယားသံတမန် Wi Sung-Lac သည်လည်း အမေရိကန်ပြည်ထောင်စုသို့ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း သွားရောက်ခဲ့သလို ခြောက်နိုင်ငံဆွေးနွေးပွဲဆိုင်ရာ တရုတ် စေ့စပ်ညှိနှိုင်းရေးမှူး အထူးသံတမန်လည်း ရောက်ရှိခဲ့သည်။

သြဂုတ်လကုန်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ဟူဂျင်ထောင်းက မြောက်ကိုရီးယား ကွန်မြူနစ် ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်ကို ဘေဂျင်း၌ လက်ခံတွေ့ဆုံခဲ့သည်။ ကင်ဂျုံအီလ်၏ တရုတ်ပြည် ခရီးစဉ်အတွင်း ဟူဂျင်တောင်က ခြောက်နိုင်ငံ ဆွေးနွေးပွဲပြန်လည် စတင်နိုင်ရေးအတွက် ဖိအားပေးပြောဆိုမှုများ ပြုလုပ်ခဲ့သည်ဟု ယူဆရသည်။

"ခြောက်နိုင်ငံ ဆွေးနွေးပွဲပြန်လည်စတင်နိုင်ရေးအတွက် အမေရိကန် ပြည်ထောင်စုက အရေးပါတဲ့ နိုင်ငံတွေကို ဆက်လက်အကြံပေး ပြောဆိုမှုတွေ ဆက်လုပ်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားအနေနဲ့ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး တိုးတက်ကောင်းမွန်မှုတွေ ဖြစ်လာအောင် ဖန်တီးဖို့လည်း လိုတယ်ဆိုတာကို ကျွန်တော်တို့အနေနဲ့ အကြံပြုပြောဆိုလိုပါတယ်" ဟု မစ္စတာ Philip Crowley ကဆိုသည်။

မြောက်ကိုရီးယားသည် တာဝေးပစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုကြောင့် ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုခံရပြီးနောက် ၂၀၀၉ ခုနှစ်၊ ဧပြီလတွင် ခြောက်နိုင်ငံဆွေးနွေးပွဲကို ကျောခိုင်းခဲ့သည်။
AFP သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment