Transparency Myanmar

transparency.myanmar@gmail.com

တရုတ်နှင့် မြန်မာနှစ်နိုင်ငံသည် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆန္ဒရှိကြောင်း တရုတ်သမ္မတ ဟူဂျင်တောင်းနှင့် မြန်မာခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့က ဘေဂျင်းမြို့၌ ပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲတွင်ပြောဆိုသည်။

"မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို ကျွန်တော်တို့တရုတ်နိုင်ငံက များစွာ အလေးအနက် ထားနေပါတယ်" ဟု သမ္မတဟူဂျင်တောင်းက မြန်မာနိုင်ငံ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ပြောဆိုသည်။

"တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှု နဲ့ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု ရှိလာရေးတို့ဟာ ကျွန်တော်တို့ တရုတ်နိုင်ငံရဲ့ မပြောင်းလဲတဲ့မူဝါဒတစ်ရပ်ပါပဲ၊ နိုင်ငံတကာရဲ့ အခြေအနေအနေအထားတွေ ပြောင်းလဲကောင်းပြောင်းလဲ သွားနိုင်ပေမယ့် တရုတ်နိုင်ငံရဲ့ မူဝါဒကတော့ ပြောင်းလဲမှာမဟုတ်ပါဘူး" ဟု သမ္မတ ဟူဂျင်တောင်က ထပ်လောင်း ပြောဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ ပို့ကုန်များတင်သွင်းမှု မြှင့်တင်ရန် ဆန္ဒရှိကြောင်း၊ မြန်မာစီးပွားရေး လုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံဈေးကွက်အတွင်း ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် ကြိုဆိုပါကြောင်း သမ္မတ ဟူဂျင်တောင်းကပြောကြားသည်။

တရုတ်နှင့် မြန်မာနှစ်နိုင်ငံမှ ပြည်သူများ အကျိုးအမြတ်ထွက်စေမည့် စွမ်းအင်၊ လျှပ်စစ်စွမ်းအင် နှင့် အခြားသောစီမံကိန်းများကို နှစ်နိုင်ငံ မဖြစ်မနေ ကြိုးပမ်း လုပ်ကိုင်ကြရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရာသီဥတုပြောင်းလဲမှုများနှင့် အခြား အဓိက ကျသော အရေးကိစ္စကြီးများအပေါ် တရုတ်နိုင်ငံ၏ လုပ်ကိုင်ဆောင်ရွက်မှုများသည် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ အကျိုးစီးပွားနှင့် အလေးထားစရာ ကိစ္စရပ်များအပေါ် ရောင်ပြန်ဟပ်စေကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောကြားသည်။

မြန်မာအစိုးရအနေဖြင့် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ဖြစ်ထွန်းရေးကို ပိုမိုသေချာအောင် ဆောင်ရွက်သွားမည်ဟု ဆုံးဖြတ်ထားပြီဖြစ်ကြောင်း၊ ယင်းသို့လုပ်ဆောင်ခြင်းမှာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အကာအကွယ်ပေးရေးဆိုင်ရာ မြန်မာနိုင်ငံ၏ ရည်ရှည်မူဝါဒ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သမ္မတဟူဂျင်တောင်းကို ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် တရုတ်ထိပ်တန်းဥပဒေပြုအရာရှိ မစ္စတာ Wu Bangguo ၊ ဝန်ကြီးချုပ် ဝမ်ကျားပေါင်တို့ နှင့်လည်း စက်တင်ဘာလ ၉ ရက်နေ့တွင်တွေ့ဆုံသည်။

"တရုတ်နဲ့ မြန်မာနှစ်နိုင်ငံဟာ ချစ်ကြည်ရင်းနှီးမှုရှိတဲ့ အိမ်နီးချင်း နိုင်ငံတွေဖြစ်ကြပြီး ဒီနှစ်ဆိုရင် နှစ်နိုင်ငံသံတမန် ဆက်ဆံရေး ထူထောင်တာ နှစ် ၆၀ ပြည့်ပြီဖြစ်ပါတယ်" ဟု
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Jiang Yu က စက်တင်ဘာလ ၇ ရက်နေ့တွင် ပြောကြားသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျင်းပမည့် မြန်မာဒီမိုကရေစီ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မေးမြန်းရာတွင် ၎င်းက အဆိုပါကိစ္စသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးဖြစ်သည်ဟု ဆိုသည်။

China Institutes of Contemporary International Relations မှ သုတေသီ Song Qingrun က မြန်မာနိုင်ငံရွေးကောက်ပွဲဖြစ်စဉ် အဆင်ချောမွေ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အကျိုးအမြတ် ဖြစ်ထွန်းစေနိုင်ရန် တရုတ်နှင့် အခြားသော အာရှနိုင်ငံများ အားလုံးက မျှော်လင့်လျက်ရှိကြောင်း ပြောကြားသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ရှန်ဟိုင်းမြို့တွင် ကျင်းပသည့် ရှန်ဟိုင်းကုန်စည်ပြပွဲနှင့် ရှန်ကျန်းမြို့ရှိ ကုန်ထုတ်လုပ်ရေးလုပ်ငန်းများကို သွားရောက် ကြည့်ရှုလေ့လာမည်ဟုဆိုသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် တရုတ်ပြည်၏ အောင်မြင်သော စီးပွားရေး ပြုပြင်ပြောင်းလဲမှု နှင့် စီးပွားရေး ပွင့်လန်းလာမှုတို့ကို ကြည့်ရှုလေ့လာရန်မျှော်လင့်နေကြောင်း မစ္စတာ Song က ပြောသည်။

မြန်မာခေါင်းဆောင်ကြီးသည် ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိရေး နှင့် လူမှု တည်ငြိမ်ရေး မြှင့်တင်ရန်ဆန္ဒရှိကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ပြီး သုံးလအကြာတွင် တရုတ်ပြည်သို့ ချစ်ကြည်ရေးခရီးအဖြစ် သွားရောက်ခြင်းဖြစ်သည်။

မစ္စတာ ဝမ်ကျားပေါင်၏ မြန်မာနိုင်ငံခရီးစဉ်တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် စာချုပ် ၁၅ ခုကို လက်မှတ်ရေးထိုးခဲ့သည်။

China Daily မှသတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment