Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်ပြည်သို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိနေစဉ် အတွင်း တရုတ်နိုင်ငံက အိမ်နီးချင်း မဟာမိတ် မြန်မာနှင့် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှု အတည်ပြု လုပ်ဆောင်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။ စက်တင်ဘာလ ၈ ရက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တရုတ် သမ္မတ ဟူဂျင်တောင်းတို့ တွေ့ဆုံ ဆွေးနွေးရာ၌ ကာကွယ်ရေးနှင့် အခြေခံ အဆောက်အအုံ ကောင်းများ ပေါ်ထွန်းရေး အစရှိသည့် အရေးကိစ္စ များလည်း ပါဝင်ခဲ့သည်။

"ယခု ၂၀၁၀ ပြည့်နှစ်ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ် နေ့ပါပဲ။ အဆွေတော်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ အင်မတန် ထူးခြားတဲ့ အချိန် သမယမှာ ချစ်ကြည်ရေး ခရီးစဉ်နဲ့ ရောက်ရှိလာတာ ဖြစ်တဲ့ အတွက် အလွန်ပဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ယခု ခရီးစဉ်ကို ထောက်ချင့် ကြည့်ခြင်းအားဖြင့် အဆွေတော်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် ကောင်းမွန် လာရေးအတွက် များစွာ အာရုံစိုက် အလေးထားတယ် ဆိုတာ တွေ့ရပါတယ်" ဟု သမ္မတ ဟူဂျင်တောင်းက မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ကြိုဆို ဂုဏ်ပြုသည်။

"အဆွေတော်၏ ခရီးစဉ်သည် တရုတ်-မြန်မာ အိမ်နီးချင်း နှစ်နိုင်ငံ အကြား နှစ်ဦး နှစ်ဖက် ပူးပေါင်း ဆောင်ရွက်မှုနှင့် အပြန်အလှန် ဆက်ဆံမှု ပိုမို မြှင့်တင် ပေးနိုင်လိမ့်မည်ဟု ကျွန်ုပ် ယုံကြည်ပါသည်" ဟု သမ္မတ ဟူကျင်တောင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ဂုဏ်ပြု ကြိုဆိုပွဲ အခမ်းအနားတွင် ပြောကြားသည်။ မကြာသေးခင်က အိန္ဒိယနိုင်ငံသို့ အလားတူ ချစ်ကြည်ရေး ခရီး သွားရောက်ခဲ့သူ မြန်မာ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက "ကျွန်ုပ်၏ ယခု တရုတ်ပြည် ချစ်ကြည်ရေး ခရီးစဉ်၏ အဓိက ကျသော ရည်ရွယ်ချက်မှာ တရုတ်-မြန်မာ အိမ်နီးချင်း နှစ်နိုင်ငံ အကြား ရှိထားပြီး ဖြစ်သော ချစ်ကြည် ရင်းနှီးမှု၊ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုနှင့် နှစ်နိုင်ငံ အကြား ယုံကြည်မှုတို့ကို ပိုမို မြှင့်တင်ရန် ဖြစ်ပါသည်" ဟု ပြောကြားသည်။

Xinhua သတင်းဌာန အဆိုအရ နှစ်နိုင်ငံ ခေါင်းဆောင်များသည် မြန်မာနိုင်ငံတွင်း ကာကွယ်ရေးနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေး အစရှိသည့် နယ်ပယ်များတွင် အပြန်အလှန် ဆက်ဆံရေး ပိုမို အားကောင်းလာအောင် ပြုလုပ်ရန် ဆွေးနွေးကြသည်။ အစောပိုင်း ကာလတွင် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊ ကာကွယ်ရေး ဦးစီးချုပ် Chen Bingde က တရုတ်-မြန်မာ နှစ်နိုင်ငံ အကြား စစ်ရေး ပူးပေါင်း ဆောင်ရွက်မှု လုပ်ကိုင် နိုင်ရေးအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တိုက်တွန်း ပြောဆိုခဲ့သည်။

တရုတ် နိုင်ငံသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အစီအစဉ် ဖြစ်သော မြန်မာ့ ဒီမိုကရေစီ ရွေးကောက်ပွဲ အပေါ် ကျောထောက် နောက်ခံ ပေးမှုကို တိုးမြှင့်လိုက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့်လည်း အဆိုပါ ရွေးကောက်ပွဲကို ထောက်ခံကြရန် တိုက်တွန်းခဲ့သည်။ "နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် လာမည့် မြန်မာ့ ဒီမိုကရေစီ ရွေးကောက်ပွဲအတွက် အပြုသဘော ဆောင်သည့် အကူအညီများ ပေးနိုင်ပြီး မြန်မာ ပြည်တွင်း နိုင်ငံရေး ဖြစ်စဉ်၊ ဒေသတွင်း ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး တို့အပေါ် အန္တရာယ် ဖြစ်စေမည့် အကျိုး သက်ရောက်မှုမျိုး ဖြစ်ပေါ်အောင် မပြုလုပ်ဘဲ နေသွားနိုင်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်သည်" ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Jiang Yu က မီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

မြန်မာ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ပြီး သုံးလ အကြာတွင် တရုတ်ပြည်သို့ ချစ်ကြည်ရေး သွားရောက်ခဲ့ခြင်း ဖြစ်သည်။ မစ္စတာ ဝမ်ကျားပေါင်၏ ခရီးစဉ်တွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု သဘော တူညီချက် စာချုပ် ၁၅ ခုတိတိ လက်မှတ် ရေးထိုးခဲ့သည်။

PTI သတင်းဌာနမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment