Transparency Myanmar

transparency.myanmar@gmail.com

ယခုအခါ တရုတ်နိုင်ငံသည် ကမ္ဘာ့ ဒုတိယ စီးပွားရေး အကြီးဆုံး နိုင်ငံအဖြစ် ထိုးထွက် လာသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံ အဖြစ်သာ ဆက်လက် တည်ရှိနေဆဲပင် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် ဥက္ကဌ Robert B Zoellick က သုံးသပ် ပြောဆိုသည်။ တရုတ် နိုင်ငံသည် ကျေးလက်ဒေသ ဆင်းရဲ နွမ်းပါးမှု ပပျောက်ရေး အပါအဝင် များစွာသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

"တရုတ်နိုင်ငံဟာ ဆယ်စုနှစ် သုံးခု အတွင်းမှာ အင်မတန် ထူးခြားတဲ့ စီးပွားရေး အောင်မြင် ဖြစ်ထွန်းမှုတွေ ရရှိခဲ့ပါတယ်။ အဲလို အောင်မြင်တဲ့ နေရာမှာ တိုးတက်မှုနှုန်း မြင့်တက်လာတယ် ဆိုတာတင် မကပါဘူး၊ ဆင်းရဲ မွဲတေမှု လျှော့ချရေး ကိစ္စလည်း ပါဝင်ပါတယ်" ဟု မစ္စတာ Zoellick က တရုတ် နိုင်ငံသို့ သီတင်း တစ်ပတ်ကြာ သွားရောက် လည်ပတ်မှု မပြုမီ Xinhua သတင်းဌာနသို့ ပြောကြားသည်။

သို့သော် "တရုတ်နိုင်ငံဟာ ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်နိုင်ငံအဖြစ် ဆက်လက် တည်ရှိနေဆဲ ဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

တရုတ် နိုင်ငံသည် လွန်ခဲ့သည့် ဆယ်စုနှစ် များအတွင်း ကြီးမားသော အပြောင်းအလဲများ တရုတ် နိုင်ငံတွင်း ဖြစ်ပေါ်ခဲ့သော်လည်း လျှပ်စစ်မီး အလင်းရောင် မရရှိဘဲ ဖြစ်နေသည့် ဆင်းရဲ နွမ်းပါးသော ကျေးလက် ဒေသများတွင် နေထိုင်သူပေါင်း မြောက်မြားစွာ ရှိနေဆဲပင် ဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ တိုင်းတာ ခန့်မှန်းချက်အရ တရုတ်နိုင်ငံရှိ ကျေးလက် ဒေသတွင် နေထိုင်သူ လူဦးရေ ၂၀၈ သန်းခန့်သည် အိန္ဒိယ ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး ဆင်းရဲ နွမ်းပါးသည့် အမျိုးသား စုစည်းမှု တစ်ရပ်ပင် ဖြစ်သည်။

ယခုနှစ် လေးလပတ်တွင် တရုတ်နိုင်ငံက ကမ္ဘာ့စီးပွားရေး ဒုတိယ အကြီးဆုံး ဂျပန်ကို သာလွန်သည့် အဆင့်သို့ ရောက်ရှိခဲ့မှုနှင့် ပတ်သက်၍ မစ္စတာ Zoellick က "ရေမြေ ရပ်ခြားမှာ ရောက်ရှိနေတဲ့ တရုတ် လူမျိုးတွေက တရုတ်ပြည်ထဲမှာ ဆင်းရဲ နွမ်းပါးတဲ့ သူတွေ အများကြီး ရှိနေသေးတယ် ဆိုတဲ့ အချက်ကို မသိကြပါဘူး။ သူတို့ အနေနဲ့ တရုတ်နိုင်ငံဟာ ဖွံ့ဖြိုးနေဆဲ ဖြစ်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တယ် ဆိုတာကို သိဖို့ လိုအပ်ပါတယ်" ဟု ဆိုသည်။

လာမည့် နှစ်များအတွင်း ဖြစ်ပေါ်လာမည့် တရုတ်နိုင်ငံ၏ စိန်ခေါ်မှုများ အပေါ် တရုတ် အစိုးရ အနေဖြင့် ဆက်လက် အာရုံစိုက်ပါမှ ပြည်တွင်း ဖွံ့ဖြိုး တိုးတက်မှု ဟန်ချက်ကို ပြန်လည် ထိန်းညှိနိုင်မည် ဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။ "အဲဒီလို ဟန်ချက် ပြန်ညှိတဲ့ နေရာမှာ ငွေစုဆောင်းမှုနဲ့ စားသုံးမှု၊ သုံးစွဲမှု စတာတွေကို ညှိနေတဲ့ ကိစ္စသာ မကပါဘူး။ ကျေးလက်နဲ့ မြို့တွင်း အရေးကိစ္စတွေ၊ ဝင်ငွေ တိုးမြင့်လာရေးနဲ့ လူနေမှု အဆင့်အတန်း ကောင်းမွန်ရေးတို့ပါ ပါဝင်ပါတယ်" ဟု ဆိုသည်။

ထို့ပြင် တရုတ် နိုင်ငံ အနေဖြင့် သဘာဝ ပတ်ဝန်းကျင် ကာကွယ် စောင့်ရှောက်ရေး ကိစ္စ၊ ဘဏ် အကြွေးကိစ္စ အပါအဝင် နိုင်ငံတကာ စီးပွားရေး ကိစ္စများတွင် ပြဿနာများ ကြုံတွေ့ရမှု အစရှိသော အန္တရာယ်များမှ ရှောင်ကွင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေသင့်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံသို့ မစ္စတာ Zoellick ယခုတစ်ကြိမ် တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်မှုသည် ၂၀၀၇ ခုနှစ် ကမ္ဘာ့ဘဏ် ဥက္ကဌ တာဝန် စတင် ရယူပြီးချိန် နောက်ပိုင်း လေးကြိမ်မြောက် ဖြစ်ပြီး တရုတ် နိုင်ငံနှင့် ကမ္ဘာ့ဘဏ် မိတ်ဖွဲ့ ပူးပေါင်း ဆောင်ရွက်မှု နှစ် ၃၀ ပြည့်သည့် အထိမ်းအမှတ်လည်း ဖြစ်သည်။ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုသည် လွန်စွာ အောင်မြင် ဖြစ်ထွန်းသော အကြောင်းအရာ တစ်ရပ်ဖြစ်ပြီး တရုတ် နိုင်ငံနှင့် မိတ်ဖွဲ့ ပူးပေါင်း ဆောင်ရွက်ရမှု အပေါ် လွန်စွာ ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း ၎င်းက ဆိုသည်။

PTI သတင်းဌာနမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment