Transparency Myanmar

transparency.myanmar@gmail.com

Weekly Business Roundup, By Willian Boot, 11th Sept 2010

မြန်မာနိုင်ငံ အနောက်ဖက် ကမ်းရိုးတန်း စစ်တွေ ဆိပ်ကမ်းကို ပြုပြင် တည်ဆောက်ရန်နှင့် ကုလားတန် မြစ်ကြောင်းကို အဓိက ကူးသန်း ရောင်းဝယ်ရေး လမ်းကြောင်း အဖြစ် ပြောင်းလဲရန် မြန်မာ အစိုးရနှင့် သဘော တူညီချက် ရရှိထားသည့် အပေါ်တွင် အိန္ဒိယနိုင်ငံက ပုံအော၍ လောင်းကြေး ထပ်လျက် ရှိသည်။

"ဒီစီမံကိန်း ပြီးတာနဲ့ တပြိုင်နက် အပြန်အလှန် ကုန်သွယ်ရေးဟာ နည်းလမ်းပေါင်းစုံနဲ့ ကြီးထွားလာမှာပါ။ အိန္ဒိယ အရှေ့မြောက်ဒေသ၊ အထူးသဖြင့် မီဇိုရမ်လို ကုန်းတွင်းပိတ် ပြည်နယ်တွေရဲ့ ဘက်ပေါင်းစုံ  တိုးတက်ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေမှာပါ'' ဟု အိန္ဒိယ အရှေ့မြောက် ဒေသ ဆိုင်ရာ ဌာန ဝန်ကြီး BK Handique က ပြောကြားသည်။

"ကျွန်တော်တို့ ပုံအောပြီး လောင်းနေတာပါ'' ဟု Handique က Press Trust of India နှင့် ယခု အပတ် အင်တာဗျူးတွင် ပြောကြားလိုက်သည်။

အဆိုပါ စီမံကိန်းကြောင့် အိန္ဒိယ၏ ဝေးလံ ခက်ခဲသော အရှေ့မြောက် ဒေသမှ အာဆီယံ နိုင်ငံများသို့ တံခါးပွင့် သွားစေမည် ဖြစ်သလို အိန္ဒိယနိုင်ငံ အနေဖြင့်လည်း အဆိုပါ အရှေ့မြောက် ဒေသသို့ ကူးသန်း ရောင်းဝယ်မှု လက်လှမ်း မီနိုင်ရန် ပို၍ အခွင့်အရေး ရလာမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဒေါ်လာ သန်းပေါင်း များစွာ ကုန်ကျမည့် စီမံကိန်း ပြီးစီးသည်နှင့် ကုန်သင်္ဘောများသည် အိန္ဒိယ အဓိက ဆိပ်ကမ်း ကာလကတ္တားမှ ကုန်စည်များကို ကုလားတန် မြစ်ကြောင်း၊ ၎င်း၏ အပြိုင် ဖောက်လုပ်နေသော ကားလမ်း စသည်တို့မှ တဆင့် စစ်တွေ ဆိပ်ကမ်းသို့ ပို့ဆောင်နိုင်လိမ့်မည်ဟု Handique က ပြောကြားသည်။

အိန္ဒိယ နိုင်ငံတွင်း ကူးသန်း ရောင်းဝယ်မှုအတွက် သယ်ယူ ပို့ဆောင်ရေး ဆိပ်ကမ်းအဖြစ် မြန်မာ ဆိပ်ကမ်းကို အသုံးပြု နိုင်လိမ့်မည် ဆိုသော အချက်ကို အိန္ဒိယက ပြောကြားခြင်းမှာ ယခု ပထမဆုံး အကြိမ် ဖြစ်သည်။

ကာလကတ္တားနှင့် စစ်တွေ အကြား ပင်လယ်ပြင် အကွာအဝေးမှာ ၅၃၀ ကီလိုမီတာ မျှသာ ရှိရာ အဆိုပါ အကွာအဝေးမှာ ကာလကတ္တားနှင့် အိန္ဒိယ အရှေ့မြောက် ဒေသအကြား အကွာအဝေး၏ သုံးပုံတစ်ပုံသာ ရှိသည်ဟု သိရသည်။

ကုလားတန် မြစ်ကြောင်း ဘက်စုံ ဖွံ့ဖြိုးရေးနှင့် စစ်တွေ ဆိပ်ကမ်း ပြုပြင် တည်ဆောက်ခြင်း လုပ်ငန်းကို ၂ နှစ်ခန့် ကြန့်ကြာနေပြီးမှ ပြီးခဲ့သော မေလက ပြန်လည် စတင်ခဲ့ရာ ကြန့်ကြာခဲ့သော အချိန်အတွင်း ကုန်ကျစရိတ် ခန့်မှန်းခြေ ဒေါ်လာသန်း ၁၀၀ မှ သန်း ၁၃၀ အထိ မြင့်တက် သွားခဲ့သည်ဟု အိန္ဒိယ ပို့ဆောင်ရေး ဝန်ကြီး Kamal Nath က ဧပြီလတွင် ထုတ်ဖော် ပြောကြားခဲ့သည်။

ယခု စီမံကိန်းကို အိန္ဒိယ၏ အဓိက အင်ဂျင်နီယာ လုပ်ငန်း Essar က အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပြီး ၂၀၁၃ ခုနှစ် တိုင်အောင် ပြီးစီးရန် မသေချာသေးဟု သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment