Transparency Myanmar

transparency.myanmar@gmail.com

အမေရိကန် ပြည်ထောင်စု အနေဖြင့် မြောက်ကိုရီးယားအပေါ် မဟာဗျူဟာ နှစ်မျိုး ကျင့်သုံး၍ ဆက်ဆံသွားမည် ဖြစ်ကြောင်း မြောက်ကိုရီးယား အရေးကိစ္စ ဆိုင်ရာ အမေရိကန် ထိပ်တန်း သံတမန် တစ်ဦးက စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပြောကြားလိုက်သည်။

မဟာဗျူဟာ နှစ်မျိုး ဟူသည်မှာ နျူကလီးယား အစီအစဉ်အတွက် တစ်ဖက်တွင် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ပြီး အခြားတစ်ဖက်က မြောက်ကိုရီးယားနှင့် ဆွေးနွေး ညှိနှိုင်းမည့် နည်းလမ်းရှာခြင်း ဖြစ်သည်ဟု အမေရိကန် သံတမန် Stephen Bosworth က တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့၌ ပြုလုပ်သော တရုတ် အရာရှိကြီးများနှင့် တွေ့ဆုံ ဆွေးနွေးပွဲတွင် ပြောကြားသည်။

တောင်ကိုရီးယား၊ တရုတ်၊ ဂျပန်၊ ရုရှား၊ အမေရိကန်တို့ ပါဝင်သည့် နျူကလီးယား ဆိုင်ရာ ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ မြောက်ကိုရီးယား ပြန်လည် ဝင်ရောက်မည့် အရိပ်အယောင် တစ်ခုမျှ မတွေ့ရကြောင်း ၎င်းက ဆိုသည်။

"အမေရိကန် ပြည်ထောင်စု အနေနဲ့ ဘက်နှစ်ဘက် ပါတဲ့ မဟာဗျူဟာကို အခြေခံပြီး ချဉ်းကပ်သွားမှာပါ။ တစ်ဖက်မှာ ပိတ်ဆို့ အရေးယူမှုတွေ တိုးမြှင့် လုပ်ဆောင်ပြီး နောက်တစ်ဖက်ကနေ အပြုသဘော ဆောင်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေနဲ့ ဒိုင်ယာလော့ခ်တွေ လုပ်ဖို့ တံခါး ဖွင့်ပေးထားမှာ ဖြစ်ပါတယ်" ဟု သံအမတ်ကြီး Stephen Bosworth က ပြောကြားသည်။

မြောက်ကိုရီးယားက တာဝေးပစ် ဒုံးကျည် စမ်းသပ် ပစ်ခတ်မှုအပေါ် နိုင်ငံတကာက ပြစ်တင် ဝေဖန်ခဲ့မှုကို ဆန္ဒပြသည့် အနေဖြင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲမှ ယမန်နှစ်က နုတ်ထွက်ခဲ့သည်။ ယခုနှစ် မတ်လအတွင်း ဖြစ်ပေါ်ခဲ့သည့် ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုကို တောင်ကိုရီးယားက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြန်ရာ ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်နိုင်ရေးမှာ နှောင့်နှေးခဲ့ရသည်။

မြောက်ကိုရီးယား အနေဖြင့် ယခင်က ပေးခဲ့ဖူးသော ကတိကဝတ်များ ဖြစ်သည့် စီးပွားရေး အကူအညီနှင့် သံတမန် ဆက်ဆံမှုများ ရရှိရေးအတွက် နျူကလီးယား အစီအစဉ် အဆုံးသတ်ရန် တစ်ဆင့်ပြီး တစ်ဆင့် လုပ်ကိုင် ဆောင်ရွက် သွားမည် ဟူသည့်အတိုင်း လုပ်ကိုင်သင့်ကြောင်း ၎င်းက ပြောသည်။

"ကျွန်တော်တို့ အရင်က ပြောခဲ့ဖူးသလိုပဲ။ စကားပြောရုံ သက်သက်အတွက် စကားပြောရတာမျိုးကို စိတ်မဝင်စားပါဘူး။ ကျွန်တော်တို့က ရလဒ်တွေ ထွက်ဖို့ပဲ စိတ်ဝင်စားတာပါ" ဟု ၎င်းက ဆိုသည်။

အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယား အရာရှိကြီးများက မြောက်ကိုရီးယား အနေဖြင့် ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုအပေါ် တာဝန်ယူစေလိုသည်။ သို့သော် မြောက်ကိုရီးယားက သင်္ဘာကိစ္စ မိမိတို့နှင့် ပတ်သက်မှု မရှိကြောင်း ငြင်းပယ်ထားသည်။

မစ္စတာ Bosworth က ရုရှားနိုင်ငံသို့လည်း ထပ်မံ သွားရောက်မည် ဖြစ်ကြောင်း၊ သို့သော် လက်ရှိ အာရှခရီးစဉ်၏ တစ်စိတ်တစ်ပိုင်း မဟုတ်ကြောင်း ပြောသည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment