Transparency Myanmar

transparency.myanmar@gmail.com

AFP, 16th Sept 2010

မြန်မာ အစိုးရနှင့် ဆက်ဆံ ဆွေးနွေးရေး ကိစ္စကို ဦးဆောင်နေသော အမေရိကန် အစိုးရ တာဝန်ရှိသူက ၎င်းအနေဖြင့် ဆွေးနွေးမှု ရလဒ်များကြောင့် အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်ရသော်လည်း အဆိုပါ နိုင်ငံတွင် အငြင်းပွားဖွယ် ရွေးကောက်ပွဲများ အတွက် ကြိုတင် ပြင်ဆင်နေသဖြင့် တွေ့ဆုံ ဆွေးနွေးခြင်းသည် အကောင်းဆုံး နည်းလမ်း ဖြစ်သည်ဟု ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

"နေရာတိုင်းမှာ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်လို့ ပြောရင် လွန်မယ် မထင်ပါဘူး" ဟု အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurk Campbell က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

US Institute of Peace  တွင် ပြုလုပ်သော ဖိုရမ်၌ Campbell က "ဒီနေ့အထိ ကျွန်တော်တို့ တွေ့မြင်ခဲ့သမျှ အရကတော့ နိုဝင်ဘာလ ရွေးကောက်ပွဲတွေဟာ နိုင်ငံတကာ အသိအမှတ် ပြုမှုကို ရမှာ မဟုတ်ပါဘူး" ဟု ပြောကြားခဲ့သည်။

ကမ္ဘာတွင် BURMA ဟု သိရှိကြသည့် မြန်မာနိုင်ငံမှ စစ်ဖက် အစိုးရကို ခွဲခြားပစ်ပယ်ထားသည့် မူဝါဒသည် ကောင်းမွန်သော ရလဒ်များ မထွက်ပေါ်ခဲ့ဟု အိုဘားမား အစိုးရက သုံးသပ်ခဲ့ပြီးနောက် တွေ့ဆုံ ညှိနှိုင်းရေး အစီအစဉ်ကို ယမန်နှစ်က စတင်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု၏ ဦးစားပေး ကိစ္စများတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးစေရန်နှင့်၊ မြောက်ကိုးရီးယားနှင့် နျူကလီယာ ပူးပေါင်းဆောင်ရွက်မှု သတင်းများကို ဖြေရှင်းစေရန် စစ်ဖက် အစိုးရအား စည်းရုံးရေး အစီအစဉ် ပါဝင်သည်ဟု Campbell  က ဆိုသည်။ သို့သော်လည်း စစ်ဖက် အစိုးရသည် ရွေးကောက်ပွဲ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တရားဝင် ဖျက်သိမ်းပစ်ခဲ့ပြီး အငြင်းပွားဖွယ် နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲကို ဦးတည် ပြင်ဆင်လျက် ရှိသည်။

NLD ပါတီ အောင်ပွဲခံခဲ့သော ၁၉၉၀ ရွေးကောက်ပွဲများ နောက်ပိုင်းတွင် ပထမဆုံးအကြိမ် အဖြစ် လာမည့် ရွေးကောက်ပွဲကို ပြုလုပ်မည် ဖြစ်သည်။  ထိုစဉ်က အနိုင် ရရှိသည့် အတိုက်အခံ ပါတီမှာ အာဏာ လွှဲပြောင်းယူခွင့် မရရှိခဲ့သကဲ့သို့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာလည်း အကျယ်ချုပ် ဖမ်းဆီးခံခဲ့ရသည်။

သို့သော်လည်း Campbell က "ခက်ခဲတဲ့ နည်းလမ်းတွေ အားလုံးထဲက အကောင်းဆုံး နည်းလမ်းနဲ့ ရှေ့ဆက်နေပါတယ်" ဟု ပြောကြားကာ စစ်အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးရေး မူဝါဒကို ထောက်ခံခဲ့သည်။

"ရွေးကောက်ပွဲ အလွန်ကာလမှာ ပလေယာ အသစ်တွေ၊ အာဏာ ဆက်နွယ်မှု အသစ်တွေ၊ ဖွဲ့စည်းပုံ အသစ်တွေ ပေါ်ထွက်လာနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အဆင်သင့် ရှိနေဖို့ လိုအပ်ပြီး ဘယ်လိုပုံစံနဲ့ ပေါ်လာမလဲဆိုတာကို စောင့်ကြည့်ရမယ်လို့ ထင်ပါတယ်" ဟု Campbell က ဆိုသည်။

မြန်မာနိုင်ငံတွင် တိုးတက်ပြောင်းလဲမှု ဖြစ်ပေါ်စေရန် အတွက် ဖိအားနှင့် အခွင့်အရေး ပေးမှု ပူးတွဲ ကျင့်သုံးသွားရန် အမေရိကန် ပြည်ထောင်စုက အဆင်သင့် ရှိသည်ဟုလည်း Campbell က ပြောကြားသည်။

လက်တွေ့ တိုးတက်မှု အခြေအနေများအရ အထက်ပါအတိုင်း အစီအစဉ် ၂ မျိုး လှုပ်ရှားသွားရန် ပြင်ဆင်ထားသည်ဟု Campbell က ပြောဆိုသည်။

အမေရိကန် ပြည်ထောင်စုက မြန်မာ အစိုးရအပေါ် အရေးယူ ပိတ်ဆို့မှုများ ဆက်လက် ချမှတ်ထားသော်လည်း တိုးတက် ပြောင်းလဲမှုများအတွက် အပြန်အလှန်အားဖြင့် ဖြေလျှော့ပေးရန် ဆန္ဒရှိသည်ဟု ၎င်းက ထုတ်ဖော် ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment