Transparency Myanmar

transparency.myanmar@gmail.com

Reuters, 16th Sept 2010

စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံမှ ရွေးကောက်ပွဲ ကော်မရှင်သည် အဓိက တိုင်းရင်းသား အုပ်စု တစ်စုမှ ခေါင်းဆောင်ဟောင်းများအား ကိုယ်စားလှယ်လောင်း အဖြစ်မှ ပယ်ချခဲ့ကြောင်းနှင့် လာမည့် ရွေးကောက်ပွဲတွင် တိုင်းရင်းသားများ ဝင်ရောက် ယှဉ်ပြိုင်ခွင့်နှင့် ပတ်သက်၍ သံသယများ ကြီးထွားလာကြောင်း ကြာသပတေးနေ့တွင် ရရှိသော သတင်းတစ်ရပ်က ဆိုလာသည်။

တရုတ်နှင့် နယ်စပ်၊ ကချင်ပြည်နယ်မှ နိုင်ငံရေးသမားများအား ဒေသကြီးနှင့် အမျိုးသား လွှတ်တော်များအတွက် ပြုလုပ်မည့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲတွင် လွတ်လပ်သော တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရှင်းလင်း ပြောကြားခြင်း မရှိပါ။

ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရန်  ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားနေကြသော လက်နက်ကိုင် တိုင်းရင်းသား အုပ်စုများအား ရွေးကောက်ပွဲ မတိုင်မီ တိုင်းပြည်ကို စုစည်းရန် ရည်ရွယ်သည့် နိုင်ငံရေး လုပ်ငန်းစဉ်သို့ ပူးပေါင်းကြရန် စစ်ဖက် အုပ်ချုပ်သူများက ဖိအားပေးခဲ့ပြီးနောက် ထုတ်ပြန် ကြေညာခြင်း မပြုသေးသည့် အထက်ပါ ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ်ကို ကိုယ်စားပြုရန် နိုင်ငံရေးပါတီ ၃ ခု ဖွဲ့စည်းခဲ့ကြသော်လည်း  ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ရာတွင် ၎င်းတို့အားလုံး ပယ်ချခံရသည့်အတွက် မြန်မာနိုင်ငံမှ အဓိက တိုင်းရင်းသား ၈ အုပ်စုတွင် ပါဝင်သည့် ကချင် ကိုယ်စားလှယ်များမှာ လာမည့် အငြင်းပွားဖွယ် ရွေးကောက်ပွဲတွင် ကိုယ်စားပြု ပါဝင်ခွင့် ရမည်မဟုတ် ဟူသော အဓိပ္ပာယ် သက်ရောက်နေသည်။

ယခုကဲ့သို့ ကချင် နိုင်ငံရေးသမားများအား ရွေးကောက်ပွဲ ဝင်ခွင့် ပိတ်ပင်ခဲ့ခြင်းမှာ အစိုးရ ဦးဆောင်သည့် နယ်ခြားစောင့် တပ်ဖွဲ့သို့ လက်နက်ချ ပူးပေါင်းရန် ငြင်းဆန်ခဲ့သည့် ကချင် လွတ်မြောက်ရေး တပ်မတော် KIA  ကို ခြိမ်းခြောက်သည့် လက္ခဏာ ဖြစ်ဖွယ် ရှိသည်ဟု ကချင် နိုင်ငံရေးသမားများနှင့် အဆက်အသွယ် ရှိသည့် ရန်ကုန် အခြေစိုက် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

စစ်ဖက် အုပ်ချုပ်သူများ၏ လက်တုန့်ပြန်မှုကို ကြောက်ရွံ့၍ အမည် မဖော်လိုသော သတင်းပေးသူက "ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဘာအကြောင်းပြချက်မှ မပေးပါဘူး၊ အစိုးရရဲ့ နယ်ခြားစောင့် တပ်ဖွဲ့ (BGF)  အစီအစဉ်ကို ငြင်းပယ်ခဲ့တာကြောင့် ဆိုတာကတော့ သေချာပါတယ်'' ဟု ပြောကြားခဲ့သည်။

ကချင် လွတ်မြောက်ရေး တပ်မတော် KIA  ကို ၁၉၆၁ တွင် စတင် တည်ထောင်ခဲ့ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိရေးအတွက် ၁၉၉၄ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ် မထိုးမီအထိ လက်ရှိ အာဏာရ စစ်ဖက်အစိုးရကို ဆန့်ကျင် တိုက်ခိုက်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment