Transparency Myanmar

transparency.myanmar@gmail.com

တရုတ် ယွမ်ငွေကြေး တန်ဖိုး မြင့်တက်အောင် လုပ်ကိုင်လာရေးအတွက် တရုတ် နိုင်ငံအပေါ် ဖိအားပေးရန် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး Tim Geithner က ကွန်ဂရက် လွှတ်တော်ကို တိုက်တွန်း ပြောဆိုလိုက်သည်။ အမေရိကန် အစိုးရ အဖွဲ့သည် ဘေဂျင်း အစိုးရအနေဖြင့် ယင်းသို့ လုပ်ကိုင် ဆောင်ရွက်လာရေးအတွက် နည်းလမ်းများကို လေ့လာ ဆန်းစစ်လျက် ရှိသည်ဟု ဘဏ္ဍာရေး ဝန်ကြီးက ကွန်ဂရက်ကို ပြောကြားလိုက်သည်။

စက်တင်ဘာလ ၁၇ ရက်နေ့ အမေရိကန် ဆီးနိတ်နှင့် လွှတ်တော် ကိုယ်စားလှယ်များ ရှေ့မှောက်တွင် ပြောဆိုရာ၌ ဘဏ္ဍာရေးဝန်ကြီး Tim Geithner က အမေရိကန် ဥပဒေပြုသမားများက တောင်းဆိုထားသည့် အတိုင်း တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ် ပိတ်ပင်မှုများ ပြုလုပ်ရန် ကတိကဝတ် ပြုရုံမှ တစ်ပါး အခြား နည်းလမ်း မရှိကြောင်း ပြောသည်။

ယွမ်ငွေတန်ဖိုး ကျဆင်းအောင် တရုတ်အစိုးရက ကြားဝင် ဆောင်ရွက်နေမှုကြောင့် အမေရိကန် စီးပွားရေး ထိခိုက် နစ်နာရမှုနှင့် ပတ်သက်၍ ကွန်ဂရက်တွင် မကျေမနပ် ဖြစ်လျက် ရှိသည်။ အမေရိကန် ကွန်ဂရက်၏ မကျေမနပ် ဖြစ်မှုများအပေါ် မစ္စတာ Tim Geithner က ယင်းသို့ သုံးသပ် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

တရုတ် အစိုးရကလည်း အမေရိကန်၏ ဝေဖန်ချက်အပေါ် ယခုကဲ့သို့ ထပ်မံ ဝေဖန်သည်။ "ကျွန်တော်တို့ တရုတ်အစိုးရ အနေနဲ့ ပြောချင်တာက ယွမ်ငွေတန်ဖိုး ပြင်ဆင် သတ်မှတ်တဲ့ ကိစ္စကြောင့် အမေရိကန် ပြည်ထောင်စုရဲ့ ဘတ်ဂျက် လိုငွေပြတဲ့ ကိစ္စနဲ့ အလုပ်လက်မဲ့ ပြဿနာတွေကို ဖြေရှင်းလို့ ရမှာ မဟုတ်ဘူး ဆိုတာပါပဲ" ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Jiang Yu က ပြောကြားသည်။

စက်တင်ဘာလ ၁၆ ရက်နေ့တွင် နိုင်ငံခြား ငွေကြေး လဲလှယ်မှု ဈေးကွက်အတွင်း ဂျပန်ယန်းငွေ တန်ဖိုး အဆမတန် မြင့်တက်လာမှုကို ဂျပန်အစိုးရက စတင် ကြားဝင် ဖြေရှင်းရန် ကြိုးပမ်းခဲ့သည်။ တရုတ်ငွေကြေး ဈေးကွက်တွင် ဘေဂျင်းအစိုးရက ကြားဝင် စွက်ဖက်မှုကြောင့် ဖြစ်ပေါ်လာသည့် ဂယက် ရိုက်ခတ်မှုများနှင့် ပတ်သက်၍ စိုးရိမ် ပူပန်မိကြောင်း ထုတ်ဖော် ပြောဆိုပြီးနောက် ခြောက်နှစ်အတွင်း ဂျပန်အစိုးရက ငွေကြေး ဈေးကွက်အတွင်း ဝင်ရောက် လုပ်ကိုင်မှုလည်း ဖြစ်သည်။

ဂျပန်အစိုးရ အနေဖြင့် ယန်းငွေကိစ္စကို ဝင်ရောက် ဖြေရှင်းရန် အသင့် အနေအထားတွင် ရှိကြောင်း ဝန်ကြီးချုပ် နာတိုကန်က စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပြောဆိုသည်။ "ဂျပန် ယန်းငွေ တန်ဖိုး ဇောက်ထိုးမိုးမျှော် ဖြစ်နေတာကို ကျွန်တော်တို့ အစိုးရက လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး" ဟု ၎င်းက ပြောသည်။

ယွမ်ငွေတန်ဖိုးနှင့် ပတ်သက်၍ တရုတ်အစိုးရက လတ်တလော အလျှော့ပေးမှု အချို့ ပြုလုပ်လာခြင်းသည် အမေရိကန် ကွန်ဂရက်၏ ဖိအားပေးမှုကြောင့် ဖြစ်သည် ဟူသော အချက်ကို ဘဏ္ဍာရေး ဝန်ကြီး Tim Geithner က အသိအမှတ်ပြု လက်သင့်ခံသည်။ တရုတ် အစိုးရက ယွမ်ငွေတန်ဖိုးကို ဒေါ်လာထက် လျော့ကျအောင် နှစ်ပေါင်း ၂ နှစ်ခန့် ထိန်းချုပ်ခဲ့ပြီးနောက် ပြီးခဲ့သည့် ဇွန်လတွင် စတင် ဖြေလျှော့ပေးမှုများ ပြုလုပ်ခဲ့သည်။ သို့သော် ယနေ့ အချိန်အထိ ယွမ်ငွေ တန်ဖိုးမှာ ၂ ရာခိုင်နှုန်း အောက်မျှသာ ပြန်လည် မြင့်တက် လာသေးသည်ကို တွေ့ရသည်။

"ဒီကိစ္စမှာ နှစ်ဖက်စလုံးက ဘယ်လောက် အတိုင်းအတာအထိ ရပ်တည်ချက် သဘောထားတွေ ခိုင်မာနေကြတယ် ဆိုတဲ့ အချက်ကို ပြည်သူတွေ သိဖို့ အင်မတန် အရေးကြီးပါတယ်" ဟု မစ္စတာ Tim Geithner က ဆိုသည်။ အမေရိကန် လွှတ်တော် အမတ်နှစ်ဦးက
ယွမ်ငွေကြေးအပေါ် တရုတ်နိုင်ငံ၏ ကိုင်တွယ် ထိန်းချုပ်ထားမှုအား တရားမဝင်သော ပို့ကုန်ငွေကြေး စိုက်ထုတ်ပေးမှု တစ်ရပ်အဖြစ် ကြေညာရန် အဆိုပြု မူကြမ်းတစ်ရပ် တင်သွင်းခဲ့သည်။ မစ္စတာ Geithner ကအဆိုပါ မူကြမ်းကို မိမိအနေဖြင့် လေ့လာခဲ့ပြီး ဖြစ်ကြောင်း၊ သို့သော် ရှုပ်ထွေး နက်နဲသည့် ပုစ္ဆာတစ်ပုဒ် ဖြစ်နေကြောင်း ဆိုသည်။

အမေရိကန် လွှတ်တော်၏ ဥပဒေ လုပ်ထုံးလုပ်နည်း ဆိုင်ရာ ကော်မတီ ဥက္ကဌ Sander Levin က အဆိုပါ မူကြမ်းဖြင့် တရုတ် နိုင်ငံအပေါ် ဖိအားပေးရေး၊ မပေးရေး ကိစ္စကို လာမည့် ရက်သတ္တပတ်တွင် အဆုံးအဖြတ် ပေးမည်ဟု ဆိုသည်။ ထို့ပြင် တရုတ်နှင့် ဖြစ်ပေါ်နေသော ငွေကြေး ပြဿနာအား ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ (WTO) သို့ တင်သွင်းရန်လည်း အကြံပြုသည်။

သို့ရာတွင် မစ္စတာ Tim Geithner က တရုတ်နိုင်ငံ အပေါ် ဖိအားပေးနိုင်သည့် တတိယမြောက် နည်းလမ်းတစ်ရပ်ကို ထုတ်ဖော် ပြောဆိုခဲ့သည်။ ယင်းမှာ နိုင်ငံခြား ငွေကြေး လဲလှယ်မှု အစီရင်ခံစာတွင် တရုတ်နိုင်ငံအား ငွေကြေး ကိုင်တွယ် ထိန်းချုပ်သူအဖြစ် သတ်မှတ် ဖော်ပြရန် ဖြစ်သည်။

အဆိုပါ အစီရင်ခံစာမှာ တောင်ကိုရီးယား နိုင်ငံ၊ ဆိုးလ်မြို့တွင် ကျင်းပမည့် ဂျီ-၂၀ ထိပ်သီး ဆွေးနွေးပွဲ မတိုင်မီ အောက်တိုဘာ လလယ်တွင် ရိုက်နှိပ် ထုတ်ဝေရန် ရှိသည်။

အမေရိကန် ဆီးနိတ်၏ ဘဏ်လုပ်ငန်းများ ဆိုင်ရာ ကော်မတီ အဖွဲ့ဝင် ဖြစ်သည့် Charles Schumer က "ကျွန်တော့် အနေနဲ့ နိဂုံးချုပ် ပြောချင်တာကတော့ ဒီဆွေးနွေးပွဲခန်းထဲမှာ တရုတ်နိုင်ငံဟာ ငွေကြေး ထိန်းချုပ်မှုတွေ လုပ်နေတာ မဟုတ်ဘူးလို့ ယုံကြည်နေတဲ့သူက တစ်ယောက်ပဲ ရှိတယ်။ အဲဒါ ခင်ဗျားပဲ" ဟု ဘဏ္ဍာရေး ဝန်ကြီး Tim Geithner ကို ပြစ်တင် ဝေဖန်လိုက်သည်။

Financial Times မှ သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာ ပြန်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment