Transparency Myanmar

transparency.myanmar@gmail.com

နှစ်နိုင်ငံ နယ်စပ်ဒေသ အဓိက ဝင်ပေါက် ပိတ်ပင်ရန် စစ်အစိုးရက ဆုံးဖြတ်ခဲ့မှုကြောင့် ထိုင်း-မြန်မာ ကုန်သွယ်ရေးမှာ ယခုနှစ်အတွင်း ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်း အထိ ကျဆင်းမည်ဟု ခန့်မှန်းရကြောင်း မီဒီယာများက ရေးသား ဖော်ပြသည်။

ထိုင်းနိုင်ငံသည် နယ်စပ်ဒေသရှိ သောင်ရင်းမြစ် ရေကြောင်း စီးဆင်းမှု ပြောင်းလဲအောင် တမင်သက်သက် ပြုလုပ်ခဲ့သည်ဟု စွပ်စွဲ ပြောဆိုပြီးနောက် မြန်မာ စစ်အစိုးရက နှစ်နိုင်ငံ ကုန်သွယ်မှုအတွက် လွန်စွာ အရေးပါသော မြဝတီ-မဲဆောက် နယ်စပ် တံတားကို ပိတ်ပင်ရန် ဇူလိုင်လ ၁၂ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

အဆိုပါ တံတားကြီးသည် ရန်ကုန်နှင့် မန္တလေး ကဲ့သို့သော မြို့ကြီးများ အတွက် ထိုင်းနိုင်ငံမှ ကုန်စည်များ တင်ပို့ရာတွင် အချက်အချာ ကျသည့် ကုန်းလမ်း ၀င်ပေါက် တစ်ခုလည်း ဖြစ်သည်။  "မနှစ် (၂၀၀၉ ခုနှစ်) နဲ့ ယှဉ်ကြည့်မယ် ဆိုရင် ဒီနှစ် ထိုင်း-မြန်မာ ကုန်သွယ်ရေးဟာ ၂၀ ရာခိုင်နှုန်း ကနေ ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းလာဖွယ် ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နယ်စပ်ဝင်ပေါက် ပိတ်ပင်ခံ လိုက်ရတဲ့ ကိစ္စဟာ စီးပွားရေး လုပ်ငန်းတိုင်းကို ထိခိုက်စေခဲ့လို့ပါပဲ" ဟု ရန်ကုန် အခြေစိုက် ထိုင်းစီးပွားရေး အတိုင်ပင်ခံ ပုဂ္ဂိုလ် Prajuab Supinee က Myanmar Times သို့ ပြောကြားသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးခဲ့သည့် ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် အတွင်း ထိုင်း-မြန်မာ အပြန်အလှန် ကုန်သွယ်မှု တန်ဖိုးမှာ ၃ ဒဿမ ၅ ဘီလီယံ ဒေါ်လာအထိ ရောက်ရှိခဲ့ကြောင်း အစိုးရက ထုတ်ပြန်သော သတင်းများအရ သိရသည်။

မြန်မာနိုင်ငံက ထိုင်းနိုင်ငံသို့ နှစ်စဉ် သဘာဝ ဓာတ်ငွေ့ ၂ ဘီလီယံ ဒေါ်လာဖိုး တင်ပို့လျက် ရှိသည်။ အဆိုပါ သဘာဝ ဓာတ်ငွေ့ တင်ပို့မှုသည် မြန်မာ စစ်အစိုးရအတွက် ပို့ကုန် တင်ပို့မှု ရှယ်ယာ အများဆုံး ရသည့် ပမာဏ တစ်ခုလည်း ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလမှ သြဂုတ်လ အတွင်း နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုမှာ ၁ ဒဿမ ၃ ဘီလီယံထိ ရှိခဲ့ကြောင်း Prajuab Supinee ကပြောပြသည်။ လက်ရှိ အနေအထားတွင် မြဝတီ မဲဆောက် နယ်စပ် တံတားအား နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ မတိုင်မီ ကာလအထိ ဖွင့်လှစ်ပေးဖွယ် မရှိဟု ကောလာဟလများ ထွက်ပေါ်လျက် ရှိသည်။

"နှစ်ဖက်စလုံးက ကုန်သွယ်ရေး လုပ်လိုကြတယ်" ဟု ၎င်းက ဆိုသည်။ နှစ်နိုင်ငံ ကုန်သွယ်မှု၏ ၆၀ ရာခိုင်နှုန်းသည် မြဝတီ-မဲဆောက် စစ်ဆေးရေးဂိတ်မှ ဖြတ်သန်း ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း Prajuab Supinee ၏ အဆိုအရ သိရသည်။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ဘက် နိုင်ငံတစ်ခု ဖြစ်ပြီး တရုတ်မှာ ဒုတိယ နေရာတွင် ရှိသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံ ထုတ်ကုန် ပစ္စည်းများ ဝင်ရောက်မှုမှာ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း Prajuab Supinee က ဆက်လက် ပြောဆိုသည်။

"မြန်မာပြည်က ဖောက်သည်တွေက ထိုင်းနိုင်ငံ ထုတ်ကုန် ပစ္စည်းတွေကို သဘောကျ ကြပါတယ်။ ဒါပေမဲ့ တခါတလေ သူတို့ လိုချင်တိုင်း ဝယ်လို့ မရကြပါဘူး" ဟု ဆိုသည်။

Monster Sand Critics မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment