Transparency Myanmar

transparency.myanmar@gmail.com

လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲ မတိုင်မီ မြန်မာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီ အချို့အား ဖျက်သိမ်း ပစ်လိုက်မှုကို ကြည့်လျှင် မြန်မာ့ နိုင်ငံရေး ဖြစ်စဉ်သည် ဟာသ ဆန်သော အရေးကိစ္စ တစ်ခုသာ ဖြစ်သည် ဟူသော အချက်ကို ဖော်ပြရာ ရောက်ကြောင်း အမေရိကန် အစိုးရ အရာရှိကြီး တစ်ဦးက ပြောကြားသည်။

မြန်မာ စစ်အစိုးရ ထိန်းချုပ်ထားသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီ ၁၀ ပါတီအား ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံပိုင် ရုပ်သံမီဒီယာက ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပါတီ သက်တမ်းတိုးရန် မှတ်ပုံတင်ခြင်း မရှိခဲ့သောကြောင့် တရားဝင် ပါတီအဖြစ်မှ ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သတင်း ထုတ်ပြန် ကြေညာသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ် Mark Toner က မြန်မာနိုင်ငံတွင် ဒီမိုကရေစီ နည်းလမ်းတကျ နိုင်ငံရေး ဖြစ်စဉ် ပေါ်ပေါက်ခြင်း မရှိကြောင်း ပုံမှန် ပြုလုပ်နေကျ ဖြစ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ "မြန်မာ နိုင်ငံရေးမှာ နောက်ထပ် စိတ်ပျက် အားလျော့စရာ အရိပ် လက္ခဏာတွေ ရှိနေတယ်လို့ပဲ ပြောချင်ပါတော့တယ်။ ရွေးကောက်ပွဲက လွဲရင် ဒီမိုကရေစီ ဆိုတာ ဖြစ်ထွန်းလာမှာ မဟုတ်ပါဘူး" ဟု ၎င်းက ဆိုသည်။

မြန်မာ စစ်ဗိုလ်ချုပ်ကြီးများက နိုဝင်ဘာလ ရွေးကောက်ပွဲသည် စစ်ဘက် အုပ်ချုပ်ရေးမှ အရပ်ဘက် အုပ်ချုပ်ရေးသို့ လွှဲပြောင်းပေးမည့် နိုင်ငံရေး ဖြစ်စဉ်ဟု သတ်မှတ် ပြောဆိုသည်။ ယခု လပိုင်းများအတွင်း ထွက်ပေါ်လာသော သတင်းများအရ မြန်မာစစ်တပ်မှ စစ်ဗိုလ်ချုပ်ကြီး အတော် များများမှာ ရွေးကောက်ပွဲ၌ ပါဝင် ယှဉ်ပြိုင်နိုင်ရေး အလို့ငှာ စစ်ဘက်ရာထူးမှ အငြိမ်းစား ယူခဲ့ကြသည်။

အနောက်နိုင်ငံ အတော်များများက မြန်မာ ဒီမိုကရေစီ ရွေးကောက်ပွဲသည် ရှက်စရာ ကောင်းသော ဖြစ်စဉ်တစ်ခုသာ ဖြစ်လာမည်ဟု သုံးသပ်ကြသည်။ အကြောင်းမှာ စစ်ခေါင်းဆောင်များက ရွေးကောက်ပွဲ ကော်မရှင်ကို တင်းတင်းကြပ်ကြပ် ချုပ်ကိုင် ထားသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

UPI သတင်းဌာနမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment