Transparency Myanmar

transparency.myanmar@gmail.com

Reuters, By Fredrik Dahl, 23rd Sept 2010

မြန်မာနိုင်ငံသည် ၎င်း၏ နျူကလီယာ ရည်မှန်းချက်များမှာ ငြိမ်းချမ်းရေး ဦးတည်ချက်များသာ ရှိပြီး၊ နျူကလီယာဗုံး ပြုလုပ်ရန် ကြိုးစားနေကြောင်း စွပ်စွဲချက်များသည် အခြေအမြစ် မရှိကြောင်း ကြာသပတေးနေ့က ကုလသမဂ္ဂ နျူကလီယာ စောင့်ကြည့်ရေး အဖွဲ့သို့ ပြောကြားခဲ့သည်။

နော်ဝေး အခြေစိုက် ပြင်ပရောက် အုပ်စုတစ်စုမှ ဇွန်လက ပြောကြားခဲ့ရာတွင် မြန်မာနိုင်ငံသည် နျူကလီယာ လက်နက် ပိုင်ဆိုင်ရန် လှ်ျို့ဝှက် အစီအစဉ်များ ရှိကြောင်း ဆိုသည်။ အဆိုပါ သတင်းမှာ မြန်မာနိုင်ငံမှ ထွက်ပြေးသူ တစ်ဦး၏ အလားတူ စွပ်စွဲချက်များ၏ နောက်ဆက်တွဲ ဖြစ်သည်။

နိုင်ငံတကာ အက်တမ်မစ် စွမ်းအင် အေဂျင်စီ (IAEA) က ပြောကြားရာတွင် ၎င်းအနေဖြင့် အစီရင်ခံစာအား ကြည့်ရှုခဲ့သည်ဟု ဆိုသည်။ မြန်မာနိုင်ငံသည် နျူကလီယာ မပြန့်ပွားရေး စာချုပ် အဖွဲ့ဝင် နိုင်ငံ ဖြစ်သည့် နည်းတူ  ဗီယင်နာ အခြေစိုက် ကုလသမဂ္ဂ အေဂျင်စီ ဖြစ်သော IAEA ၏ အဖွဲ့ဝင် နိုင်ငံလည်း ဖြစ်သည်။ IAEA သည် ယခု ၎င်း၏ (၁၅၁) နိုင်ငံ နှစ်ပတ်လည် အစည်းအဝေးကို ကျင်းပလျက် ရှိသည်။

"မြန်မာနိုင်ငံဟာ နျူကလီယာ လက်နက် အစီအစဉ်များအတွက် ကြိုးပမ်းနေကြောင်း အခြေအမြစ် မရှိသော စွပ်စွဲချက်များကို နိုင်ငံတကာ မီဒီယာတွေမှာ တွေ့နေရပါတယ်'' ဟု မြန်မာ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဦးတင်ဝင်းက IAEA  အထွေထွေ ကွန်ဖရင့်တွင် မိန့်ခွန်း ပြောကြားရာ၌ ထည့်သွင်း ပြောကြားသွားသည်။

"ကျွန်တော် ထပ်လောင်း ပြောကြားလိုတာကတော့ မြန်မာနိုင်ငံရဲ့ နျူကလီယာ သိပ္ပံနဲ့ နည်းပညာတွေဟာ ငြိမ်းချမ်းစွာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်ရွယ်တာ ဖြစ်ပြီး၊ မြန်မာနိုင်ငံဟာ နျူကလီယာ လက်နက် ပြန့်ပွားရေးနဲ့ ထုတ်လုပ်ရေးကို ဘယ်တော့မှ ပတ်သက်မှာ မဟုတ်ဘူး ဆိုတာပါပဲ'' ဟု မြန်မာ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က ပြောကြားခဲ့သည်။

ပြည်ပရောက်များက စစ်အစိုးရအား စွပ်စွဲချက်

ပြီးခဲ့သည့် ဇွန်လက ပြည်ပရောက် အစိုးရ ဆန့်ကျင်ရေး အုပ်စုတစ်စုက ပြောကြားရာတွင် ၎င်းတို့၏ စုံစမ်း စစ်ဆေးချက်များအရ မြန်မာ စစ်အစိုးရသည် နျူကလီယာ လက်နက် အစီအစဉ်များကို လျှို့ဝှက်စွာ လုပ်ဆောင်နေသည်ဟု ညွှန်ပြနေကြောင်း ဆိုသည်။

နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က ၎င်း၏ ငါးနှစ်တာ စုံစမ်း စစ်ဆေးချက်များအရ မြန်မာနိုင်ငံသည် နျူကလီယာ လက်နက် ထုတ်လုပ်ရန် အလှမ်းဝေး နေသေးသော်လည်း နျူကလီယာ နည်းပညာ လေ့လာ သင်ယူမှု အပိုင်းတွင် အတော်အတန် ခရီး ရောက်ခဲ့ပြီ ဖြစ်ကြောင်း ကောက်ချက် ဆွဲထားသည်။

အကယ်၍ အဆိုပါ ကောက်ချက်သာ မှန်ကန်ခဲ့ပါက မြန်မာနိုင်ငံသည် နျူကလီယာ ရည်မှန်းချက် ရှိသော ပထမဦးဆုံး အရှေ့တောင် အာရှ နိုင်ငံ ဖြစ်လာမည် ဖြစ်သည်။ ထို့အပြင် အမေရိကန်၏ မဟာမိတ်များ ဖြစ်သော အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့ ပါဝင်သော လျင်မြန်စွာ တိုးတက်နေသော ဒေသတွင်း မဟာဗျူဟာ အခင်းအကျင်းကို ပြောင်းလဲပစ်ရမည် ဖြစ်သည်။

DVB ၏ အစီရင်ခံစာသည် မြန်မာနိုင်ငံမှ ထွက်ပြေးလာသော စစ်တပ် အင်ဂျင်နီယာ စိုင်းသိန်းဝင်း၏ အထောက်အထားများကို အမေရိကန် နျူကလီယာ သိပ္ပံပညာရှင်က အကဲဖြတ်ချက် အပေါ် အခြေခံ ဖော်ပြထားခြင်း ဖြစ်သည်။

စိုင်းသိန်းဝင်း၏ ပြောကြားချက်တွင် ၎င်းသည် လူအမြောက်အများ သေစေနိုင်စေ လက်နက် ထုတ်လုပ်သည့် စက်ရုံ ဆောက်လုပ်ရေးတွင်  လုပ်ကိုင်ခဲ့ပြီး ထွက်ပြေးလာသူ ဖြစ်ကြောင်း ပါဝင်သည်။

ပြီးခဲ့သည့်နှစ်က ဝါရှင်တန်သည် အချိန် အတန်ကြာ အေးစက်နေသော ဆက်ဆံရေးကို တိုးတက်ရေးအတွက် အသစ်တဖန် ဆက်ဆံရေး စတင်ရန် အဆိုပြုခဲ့သည်။ သို့သော် အမေရိကန် အစိုးရ တာဝန်ရှိသူများသည် စစ်အစိုးရ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ အပါအဝင် အဓိက အချက်များ ပြုလုပ်ရန် ငြင်းဆန်ခြင်း၊ မြန်မာနိုင်ငံ၏ နျူကလီယာ ရပ်တည်ချက်အပေါ် စိုးရိမ်မှု တိုးပွားလာရခြင်းတို့ကြောင့် စိတ်ပျက်လက်ပျက် ဖြစ်ကြရသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက မြန်မာ နိုင်ငံခြားရေး ဝန်ကြီးက ဂျပန် နိုင်ငံခြားရေး ဝန်ကြီးသို့ ပြောကြားရာတွင် မြန်မာနိုင်ငံသည် ရုရှားထံမှ နျူကလီယာ ပညာများ လေ့လာခဲ့ကြောင်း၊ သို့သော် ပြည်သူများ အတွက် အရပ်သုံး နျူကလီယာ စွမ်းအင်အတွက်သာ ဖြစ်ကြောင်း ဆိုခဲ့သည်။

ဆင်းရဲပြီး အထီးကျန် မြန်မာနိုင်ငံ အပေါ် အနောက်နိုင်ငံများက အရေးယူမှုများ ပြုလုပ်ခဲ့သည်မှာ ဆယ်စုနှစ် နှစ်စုခန့် ရှိပြီဖြစ်သည်။ လေ့လာသူများက ပြောကြားရာတွင် အကယ်၍ မြန်မာနိုင်ငံသည် နျူကလီယာ လက်နက် တပ်ဆင်ခဲ့ပါက ဒေသတွင်း လက်နက် ပြိုင်ဆိုင်မှုကို ဖြစ်စေမည် ဖြစ်ကြောင်း ပြောခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က ပြီးခဲ့သည့်နှစ် ထိုင်းနိုင်ငံတွင် ပြုလုပ်သော လုံခြုံရေး ဆိုင်ရာ ဖိုရမ်တစ်ခုတွင် ပြောကြားခဲ့ရာ၌ မြန်မာနိုင်ငံသည် နျူကလီယာ မပြန့််ပွားရေး စာချုပ်ကို ကျောခိုင်းပြီး၊ နျူကလီယာ စမ်းသပ်မှု နှစ်ခု ပြုလုပ်ခဲ့သော မြောက်ကိုးရီးယားထံမှ နျူကလီယာ နည်းပညာများ လွှဲပြောင်းမှုအတွက် ဖြစ်နိုင်ခြေကို သူမအနေဖြင့် စိုးရိမ် ပူပန်မိကြောင်း ပြောခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment