Transparency Myanmar

transparency.myanmar@gmail.com

AFP, 24th September 2010

ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခွင့်ပြုမည့် မြန်မာ အစိုးရ၏ ဆုံးဖြတ်ချက်ကို အမေရိကန် ပြည်ထောင်စုက သောကြာနေ့တွင် ဝေဖန် ကန့်ကွက်လိုက်ပြီး မြန်မာ အစိုးရ အနေဖြင့် ဤသို့ ပြုလုပ်မည့် အစား သူမအား လွှတ်ပေးကာ စစ်မှန်သော ဒိုင်ယာလော့ကို စတင်သင့်သည်ဟု ပြောကြားခဲ့သည်။

ကမ္ဘာတွင် Burma ဟု လူသိများသော မြန်မာနိုင်ငံမှ စစ်ဖက် အုပ်ချုပ်သူများသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သည့် သူမ၏ NLD ပါတီကို ဖျက်သိမ်းခဲ့သော်လည်း သူမအား နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးခွင့်ပြုရန် သဘောတူခဲ့သည်။

အဆိုပါ သဘော တူညီမှုနှင့် ပတ်သက်၍ "ဒါက ပြောပလောက်တဲ့ ကိစ္စ တစ်ခုလို့ ကျွန်တော်တို့ မယူဆပါဘူး" ဟု အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့် ရှိသူ Mark Toner က ပြောဆိုခဲ့သည်။

"မြန်မာနိုင်ငံက ဖိနှိပ် ချုပ်ချယ်လွန်းတဲ့ နိုင်ငံရေး လောကနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အကြီးအကျယ် စိုးရိမ် ပူပန်နေတုန်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်" ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲများ လွတ်လပ်၊ မျှတမည် မဟုတ်ဟု ပြောကြားခဲ့သော Toner က မြန်မာ အစိုးရအား အမျိုးသား ပြန်လည် ရင်ကြားစေ့ ပေါင်းစည်းရေးကို ဦးတည်သည့် ပထမ အဆင့် အနေဖြင့် တိုင်းရင်းသား အုပ်စု ခေါင်းဆောင်များ အပါအဝင် အတိုက်အခံ ဒီမိုကရေစီ အင်အားစုများနှင့် စစ်မှန်သော နိုင်ငံရေး ဒိုင်ယာလော့ကို စတင် ပြုလုပ်ရန် တိုက်တွန်းလိုက်သည်။

စစ်အုပ်ချုပ်ရေးကို တရားဝင်စေရန် ရည်ရွယ်သည့် အတုအယောင် လှည့်စားမှု တစ်ခုဟု အနောက်နိုင်ငံများ နည်းတူ ယုံကြည်ထားသော ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက လာမည့် ရွေးကောက်ပွဲများကို သပိတ်မှောက်ထားသည်။

မြန်မာနိုင်ငံ ကိစ္စ အပေါ် စိုးရိမ် ပူပန်မှုများ ရှိနေသော်လည်း သမ္မတ အိုဘားမား အစိုးရက လွန်ခဲ့သည့်နှစ်က စတင်ခဲ့သော စစ်အစိုးရနှင့် ညှိနှိုင်း ဆွေးနွေးမည့် မူဝါဒကို ဆက်လက် ကျင့်သုံးရန် စီစဉ်လျက် ရှိပြီး မြန်မာနိုင်ငံ၏ အနာဂတ်ကို လွှမ်းမိုး ထိန်းချုပ်ရန် အတွက် ဒိုင်ယာလော့သည်သာ အကောင်းဆုံး နည်းလမ်းဟု ယုံကြည်ထားကြောင်း ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment