Transparency Myanmar

transparency.myanmar@gmail.com

ထိုင်းတပ်ဖွဲ့ဝင်များနှင့် မြန်မာ တိုင်းရင်းသား လက်နက်ကိုင် အုပ်စု ဖြစ်သော ညီညွတ်သည့် ဝ ပြည်နယ် တပ်ဖွဲ့ (UWSA) အကြား ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားရာ ထိုင်းစစ်သား တစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ဝ တပ်ဖွဲ့မှ တပ်သား ခြောက်ဦးက မူးယစ်ဆေးဝါးများ ပါဝင်သည်ဟု ယူဆရသော အိတ်များကို သယ်ဆောင်ပြီး နယ်စပ်ဒေသမှ တစ်ဆင့် ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းရိုင်ပြည်နယ်၊ ဒေါင်လန်းသို့ ဖြတ်သန်း ဝင်ရောက်စဉ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းစစ်တပ်မှ ဗိုလ်မှူးကြီး Somsak Nin-ubon ၏ ပြောကြားချက်ကို ကိုးကားပြီး Bangkok Post သတင်းစာက ရေးသား ဖော်ပြသည်။

ထိုင်း-မြန်မာ နယ်စပ်ဒေသ အများစုမှာ လုံခြုံရေး အားနည်းချက် ရှိပြီး တည်ငြိမ်မှု မရှိပေ။ အထူးသဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသများသည် ထိုင်းနိုင်ငံဘက်သို့ မူးယစ်ဆေးဝါး မှောင်ခို တင်သွင်းရာ လမ်းကြောင်းတစ်ခု ဖြစ်သည်ဟု သတ်မှတ်ခံထားရသည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးသော တိုင်းရင်းသား လက်နက်ကိုင် အုပ်စု ဖြစ်သည့် အဆိုပါ UWSA အဖွဲ့က ထိုင်းနိုင်ငံနှင့် ထိစပ်လျက် ရှိသော နယ်မြေဒေသများကို ထိန်းချုပ်ထားပြီး ယင်းအဖွဲ့သည် မြန်မာနိုင်ငံတွင်း ဘိန်းနှင့် မီသာအဖက်တမင်း စိတ်ကြွ ရူးသွပ် ဆေးပြားများ အဓိက ထုတ်လုပ်သူ ဖြစ်သည်ဟု ယူဆရသည်။

Bangkok Post သတင်းစာ ရေးသားချက်အရ ထိုင်းနယ်စပ် ဒေသ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့က 'ဝ' တပ်သားများအား ရှာဖွေ စစ်ဆေးမှု ခံယူရန် အမိန့်ပေးခဲ့ရာမှ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုင်းစစ်တပ် ဘက်မှ ကျဆုံးသွားသူ တပ်သားမှာ Manit Boonthep ဟုသိရသည်။ ဝ တပ်ဖွဲ့များက နယ်စပ်ဒေသ ဘက်သို့ ပြန်လည် ထွက်ပြေးသွားခဲ့ကြောင်း၊ ဝ ဘက်မှ ကျဆုံးသူ တပ်သား နှစ်ဦး၏ ရုပ်အလောင်းကို ထိုင်းနိုင်ငံထဲတွင် ထားရစ်ခဲ့ကြကြောင်း Bangkok Post က ရေးသား ဖော်ပြသည်။

မြန်မာနိုင်ငံသည် ၁၉၉၀ ပြည့်နှစ်များ အတွင်း ကမ္ဘာပေါ်တွင် ဘိန်းဖြူ အများဆုံး ထုတ်လုပ်သည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်ခဲ့သည်။ သို့သော် နောက်ပိုင်း ကာလများတွင် မူးယစ် ဈေးကွက်အတွင်း မီသာ အဖက်တမင်း ကဲ့သို့သော စိတ်ကြွ ဆေးပြားများ ဝယ်လိုအား တက်လာသောကြောင့် ဘိန်းဖြူ ထုတ်လုပ်မှု ကျဆင်းခဲ့သည်။

မြန်မာနိုင်ငံတွင် ယခုနှစ် နိုဝင်ဘာလ ၇ ရက်တွင် ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ရန် စီစဉ်ထားလျက် ရှိရာ UWSA ကဲ့သို့သော အုပ်စုများ၏ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချမှုများ နယ်စပ်ဒေသတွင် မြင့်တက်လာနိုင်ကြောင်း၊ အကြောင်းမှာ ရွေးကောက်ပွဲ မတိုင်မီ မြန်မာစစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်လာမည်ကို တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများက စိုးရိမ်နေ ကြသောကြောင့် ဖြစ်ကြောင်း ကျွမ်းကျင်သူများ အဆိုအရ သိရသည်။

ထိုင်းနိုင်ငံတွင် ယခုနှစ်အတွင်း ရာဘ ဟု ခေါ်သည့် မီသာအဖက်တမင်း စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှု မြင့်တက်လာသည်ကို တွေ့ရသည်။ မြန်မာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ၎င်းတို့ အနေဖြင့် စစ်အစိုးရ ဖိအားပေးမှုမှ ဆက်လက် ရပ်တည်နိုင်ရန် မူးယစ်ဆေးဝါးများ ထုတ်လုပ် ရောင်းချ ကုန်ကူးနေခြင်း ဖြစ်သည်ဟု လေ့လာ အကဲခတ်သူများက ဆိုသည်။

DVB သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment