Transparency Myanmar

transparency.myanmar@gmail.com

Global Post, By Stephanie Kleine-Ahlbrandt, 3rd October 2010

အနောက် ကမ္ဘာက နိုဝင်ဘာလတွင် ကျင်းပမည့် မြန်မာ နိုင်ငံ၏ ရွေးကောက်ပွဲများသည် ဒီမိုကရေစီအတွက် ဦးတည်သည်ဟု ဆိုကြသော်လည်း တရုတ်ကမူ တည်ငြိမ်ရေး အတွက်သာ ရိုးရိုးလေး စဉ်းစားလျက် ရှိသည်။

ပြီးခဲ့သည့်လ အစောပိုင်းက မြန်မာအစိုးရ ခေါင်းဆောင် သန်းရွှေသည် Beijing သို့ သွားရောက်၍ ရွေးကောက်ပွဲကြောင့် ၂၁၉၂ ကီလိုမီတာ ရှည်သော တရုတ်-မြန်မာ နယ်စပ်တွင် ရန်ပွဲများ ဖြစ်လာလိမ့်မည် မဟုတ်ဟု တရုတ် ခေါင်းဆောင်များကို ပြောကြားခဲ့ပုံ ရသည်။

မြန်မာ နိုင်ငံတွင် နယ်စပ် ပဋိပက္ခများသည် လွတ်လပ်ရေးလွန် ကာလမှ စ၍ နှစ်ရှည်လများ ကြာရှည်သည့် လက္ခဏာ ရှိပြီး၊ တိုင်းရင်းသား အုပ်စုများသည် ယင်းတို့၏ နယ်မြေကို လက်နက်ကိုင်၍ ထိန်းချုပ်ထားသည်။

၂၀၀၉ ခုနှစ် သြဂုတ်လက မြန်မာ စစ်တပ်သည် အပစ်အခတ် ရပ်စဲထားမှုအား ချိုးဖျက်၍ ကိုးကန့် ဒေသအား နှိမ်နှင်းခဲ့ခြင်းကြောင့် Beijing အား စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ထိုအဖြစ် အပျက်ကြောင့် ဒုက္ခသည် (၃၀၀၀၀) ကျော် တရုတ် ယူနန်ပြည်နယ်သို့ ထွက်ပြေးခဲ့ရသည်။

အဆိုပါ စစ်ဆင်ရေးက Beijing ကို အံ့အားသင့်စေခဲ့သည်။ ယင်းတို့၏ ပြည်နယ် ခေါင်းဆောင်များကမူ ကြိုတွက်ဆမိလိမ့်မည်ဟု ယူဆရသည်။ ယခု အဓိက တိုင်းရင်းသား အုပ်စု ဖြစ်သော ကချင် နိုင်ငံရေး ပါတီအား ပါတီအဖြစ် မှတ်ပုံတင်ခြင်းကို ခွင့်မပြုဘဲ ယင်း၏ တသီးပုဂ္ဂလ အမတ်များကိုလည်း အစိုးရက ရွေးကောက်ပွဲ ၀င်ရန် ခွင့်မပြုခဲ့ခြင်းကြောင့် နယ်စပ်တွင် တင်းမာမှုများ မြင့်တက်လျက် ရှိသည်။

နိုင်ငံရေးနှင့် ပတ်သက်သော အဖြေကို တရားဝင် နည်းလမ်းဖြင့် ရှာဖွေနိုင်ခြင်း မရှိပါက စစ်ဖြစ်ရန် ပိုမို နီးစပ်လာကြောင်း ကချင် ခေါင်းဆောင် တစ်ဦးက သတိပေးသည်။ နေပြည်တော်ရှိ စစ်အစိုးရ၏ အထက်ပါ ဆုံးဖြတ်ချက် ခိုင်မာမှုသည် အိမ်ဖြူတော်ထက် စာလျှင် ပေါ်လစ်ဗျူရိုကို ပိုစိုးရိမ် ပူပန်မှုများ ဖြစ်စေသည်။

ဝါရှင်တန်၏ သတိဖြင့် ဆက်ဆံသော ဆက်ဆံရေးနှင့် မတူပဲ Beijing သည် ယခု ကိစ္စများတွင် ကိုယ်တိုင် ကိုယ်ကျ ၀င်ရောက် ကိုင်တွယ်လျက် ရှိသည်။ ကိုးကန့် အရေးအခင်း အပြီးတွင် ဗဟို အစိုးရသည် ယူနန်ပြည်နယ်အပေါ် အချိန်မီ သတင်း မပို့နိုင်ခြင်း၊ သတင်း အတိအကျ မပေးနိုင်ခြင်းကြောင့် ယုံကြည်မှု ပျောက်ဆုံးပြီး၊ ထောက်လှမ်းရေး သတင်းများ စုဆောင်းရန် တာဝန်ရှိသူများ စေလွှတ်ခဲ့သည်။

Beijing သည် နယ်စပ်ရှိ တိုင်းရင်းသား အုပ်စုများနှင့် တိုက်ရိုက် ဆက်ဆံခဲ့သည်။ မြန်မာ အစိုးရနှင့် တိုင်းရင်းသား အုပ်စုများ ကြားတွင် စကားပြောနိုင်ရေး၊ ပဋိပက္ခ မဖြစ်ရေးတို့အတွက် ကြားခံ ပွဲစားသဖွယ် ဆောင်ရွက်ပေးလျက် ရှိသည်။

ယခုနှစ် အစောပိုင်း ကတည်းက တရုတ်သည် "၀" ခေါင်းဆောင်အား ယင်း ငြင်းဆန်နေသည့် ကြားမှ မြန်မာ အစိုးရနှင့် ညှိနှိုင်းမှုတွင် တက်ရောက်ရန် အတင်းအကျပ် ခိုင်းစေခဲ့သည်။

လွတ်လပ်တရား မျှတလိမ့်မည် မဟုတ်ဟု မျှော်လင့်ထားသော ရွေးကောက်ပွဲများသည် ဆုံးရှုံးမှုများကိုသာ ပိုမိုဖြစ်စေမည် ဖြစ်သည်။ Beijing အနေဖြင့် ရွေးကောက်ပွဲကို အများ လက်ခံလာရေးနှင့် ထိပ်တိုက် ရင်ဆိုင်မှု အန္တရာယ် လျော့ပါးရေးအတွက် တိုင်းရင်းသား အုပ်စုများ ရွေးကောက်ပွဲတွင် ကျယ်ကျယ်ပြန့်ပြန့် ပါလာရေးကို မျှော်လင့်ထားခဲ့သည်။ သို့သော် "၀" ကလည်း သူ့နယ်မြေတွင် ရွေးကောက်ပွဲ ကျင်းပခြင်း မပြုသကဲ့သို့ ကချင်မှာလည်း ရွေးကောက်ပွဲတွင် ပါဝင် ဆင်နွှဲခွင့် ငြင်းပယ်ခံခဲ့ရသည်။

အဆိုပါ အချက်သည် ရေရှည်တွင် နေပြည်တော်နှင့်တိုင်းရင်းသား အုပ်စုများ ကြားတွင် အခြေအနေ ပိုမို ဆိုးရွားလာစေနိုင်သည်။ နေပြည်တော်က တိုင်းရင်းသား လက်နက်ကိုင်များကို စစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေးခဲ့သော်လည်း အဖြေ မထွက်သည့် အတွက် နောက်ထပ် စစ်ပွဲများ၊ ဖြစ်လာနိုင်ချေ တိုးလျက် ရှိသည်။

Beijing သည် ထိုသို့ ဖြစ်လာမည့် အရေးကို ရှောင်ရှားနိုင်ရေးအတွက် ငွေမည်မျှ ကုန်ကုန် ဟူသော ဆန္ဒ ရှိသည်။ သို့သော် Beijing ၏ နေပြည်တော်နှင့် သော်လည်းကောင်း၊ တိုင်းရင်းသား အုပ်စုများနှင့် သော်လည်းကောင်း ဆက်ဆံရေးကို စီမံခန့်ခွဲရာတွင် အခက်အခဲများစွာ ရှိနေသည်။ နှစ်ဖက်စလုံးက တရုတ်ကို သံသယ ရှိနေကြသည်။ မြန်မာ အစိုးရက တရုတ်သည် နယ်စပ်ရှိ တိုင်းရင်းသား အုပ်စုများကို နှစ်ရှည်လများ ထောက်ပံ့ပေးခဲ့ခြင်းကြောင့် မယုံရဲ ဖြစ်နေသည်။

တိုင်းရင်းသား အုပ်စုများကလည်း Beijing ကို နေပြည်တော်အား စစ်ရေးအရ မဖြေရှင်းရန် အကြံပြုမှုအတွက် အသိအမှတ် ပြုကြသော်လည်း ယင်းတို့အား စေ့စပ် ညှိနှိုင်းရေး စားပွဲသို့ အတင်းအကျပ် သွားခိုင်းနေခြင်းသည် ယင်းတို့၏ လုံခြုံရေးနှင့် စီးပွားရေး အကျိုးစီးပွားကို စွန့်လွှတ် ခိုင်းနေသည်နှင့် တူသည်ဟု ဆိုနေကြပါသည်။

တရုတ်၏ ကချင်၊ ရှမ်းနှင့် ရခိုင်ဒေသများတွင် ရင်းနှီး မြှုပ်နှံမှုများ အတွက် တိုင်းရင်းသားများက မကျေနပ်ကြပေ။ အဆိုပါ စီမံကိန်း အများစုသည် အကျိုးအမြတ် ခွဲဝေမှု မညီမျှခြင်း၊ ပတ်ဝန်းကျင် ဆိုင်ရာ ပျက်စီးမှုများ ရှိခြင်းနှင့် အဆိုပါဒေသရှိ လူများ၏ ရိုးရာ နေထိုင်မှု ဘ၀များအပေါ် များစွာ ပျက်စီးစေမှုများကြောင့် တရုတ်အပေါ် မကျေနပ်မှုများမှာ တိုးပွားလျက် ရှိသည်။

ထို့ကြောင့် ၂၀၁၀ ဧပြီလက တရုတ်၏ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းတွင် ဗုံးကွဲမှုများသည် ထိုမကျေနပ်မှုများကြောင့်ဟု အများက ယုံကြည်ကြသည်။ နိုင်ငံရေး လှုပ်ရှားသူများက တိုင်းရင်းသား နယ်မြေများတွင် တရုတ်၏ ရင်းနှီး မြှုပ်နှံမှုများသည် မြန်မာအစိုးရ၏ တိုင်းရင်းသား နယ်မြေများတွင် ပိုမို ချုပ်ကိုင်လာနိုင်ရေး မဟာဗျူဟာတွင် တရုတ်နိုင်ငံ ပါဝင်လာခြင်းပင် ဖြစ်သည်ဟု ဆိုသည်။ အထူးသဖြင့် သယံဇာတ ပေါသော ကချင်ပြည်နယ်တွင် ပိုမို ၀င်ရောက်လာသည်။

Beijing အတွက်မူ မသေချာသော အခြေအနေများက အန္တရာယ် များလှပေသည်။ တရုတ်က မြန်မာနိုင်ငံတွင် နယ်စပ် တည်ငြိမ်ရေးကို တွန်းအား ပေးနေချိန်တွင် ရွေးကောက်ပွဲတွင် ၀ နှင့် ကချင် ကဲ့သို့သော အဓိက တိုင်းရင်းသားများ မပါဝင်မှုကြောင့် ပဋိပက္ခများ ဖြစ်ရန် အလားအလာများ ဖြစ်လျက် ရှိပေသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment