Transparency Myanmar

transparency.myanmar@gmail.com

၂၀၁၀ ပြည့်နှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို အစိုးရ ဆန့်ကျင်ရေးသမား Liu Xiaobo အား ချီးမြှင့်လိုက်မှုနှင့် ပတ်သက်၍ နော်ဝေနိုင်ငံအား တရုတ်အစိုးရက အောက်တိုဘာလ ၁၃ ရက်နေ့တွင် ပြစ်တင် ဝေဖန်လိုက်သည်။

မစ္စတာ Liu Xiaobo သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေးအတွက် ထပ်ခါ တလဲလဲ တောင်းဆိုခဲ့သောကြောင့် ယခုအခါ ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ် ကျခံနေရသည်။

"နော်ဝေနိုင်ငံ အခြေစိုက် နိုဘယ်လ်ဆု ရွေးချယ်ရေး ကော်မရှင်က Liu Xiaobo အား နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်တာဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက် ပျက်စီးစေပါတယ်။ တရုတ်လူမျိုးတိုင်း စိတ်မချမ်းမမြေ့ ဖြစ်အောင် လုပ်ဖို့ အကြောင်းအရင်း ရှိနေတာကို တွေ့ရပါတယ်" ဟု တရုတ်အစိုးရ ပြောရေးဆိုခွင့် ရှိသူ Ma Zhaoxu က ပြောကြားသည်။

"ကျွန်တော်တို့ရဲ့ အနေအထားကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ထားပြီးပါပြီ။ တရုတ် နိုင်ငံဟာ ပြုပြင် ပြောင်းလဲမှုနဲ့ ပွင့်လင်းမှုတွေ လုပ်ပေးခဲ့တဲ့ အချိန်က စပြီး သိသာ ထင်ရှားတဲ့ တိုးတက် ဖြစ်ထွန်းမှုတွေ အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ ပြစ်ဒဏ် ကျခံနေရတဲ့သူ တစ်ယောက်ကို နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်တဲ့ ကိစ္စဟာ တရုတ်နိုင်ငံရဲ့ တရားစီရင်ရေး မဏ္ဍိုင်ကို မထီမဲ့မြင် လုပ်ရာ ရောက်ပါတယ်" ဟု ၎င်းက ပြောသည်။

"အခုကိစ္စဟာ တရုတ်နိုင်ငံကို မထီမဲ့မြင် လုပ်ရုံတင် မကပါဘူး။ သူတို့ရဲ့ စစ်မှန်တဲ့ ရည်မှန်းချက်ကို ထုတ်ဖော် ပြသလိုက်ရာလည်း ရောက်ပါတယ်။ ခင်ဗျားတို့ အနေနဲ့ အပြင်ကနေပြီး တရုတ်နိုင်ငံရဲ့ ပြည်တွင်း နိုင်ငံရေးစနစ်ကို ပြောင်းလဲပစ်ဖို့ ကြိုးစားမယ်ဆိုရင်၊ ဒါမှမဟုတ် တရုတ်ပြည်သူတွေ ရှေ့ဆက် မသွားနိုင်အောင် ရပ်တန့်ဖို့ ကြိုးစားမယ်ဆိုရင် အမှားကြီး တစ်ခု လုပ်မိသလို ဖြစ်သွားမှာပါ" ဟု Ma Zhaoxu က ဆက်လက် ပြောဆိုသည်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မစ္စတာ Liu Xiaobo ၏ ဇနီးဖြစ်သူ Liu Xia နှင့် ပတ်သက်၍ CNN သတင်းဌာနက မေးမြန်းရာတွင် ၎င်းက "ခင်ဗျားတို့ ဘယ်သူ့အကြောင်း ပြောနေတယ် ဆိုတာကို ကျွန်တော်မသိပါဘူး။ အဲဒီတစ်ယောက် အကြောင်း ကျွန်တော် ကောင်းကောင်း မသိပါဘူး" ဟု ဖြေကြားသည်။

မစ္စ Liu Xia သည် ၎င်း၏ ခင်ပွန်းဖြစ်သူအား နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိသည့် သတင်းစကား ပြောရန် သွားရောက် တွေ့ဆုံပြီးနောက် နေအိမ် အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်း ခံလိုက်ရခြင်း ဖြစ်ကြောင်း Freedom Now အဖွဲ့မှ ဥပဒေ အကြံပေး Beth Schwanke က ပြောကြားသည်။ Freedom Now အဖွဲ့၏ အဆိုအရ မစ္စတာ Liu Xiaobo သည် ၎င်း ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရသည့် သတင်း ကြားရသောအခါ မျက်ရည်ကျ ငိုကြွေးခဲ့ကြောင်း၊ ထို့နောက် ယင်းဆုသည် ၁၉၈၉ ခုနှစ် တန်ယန်မင်ရင်ပြင် ဆန္ဒပြပွဲ၌ ပါဝင်ခဲ့သူ အာဇာနည် သူရဲကောင်းများအတွက် ဖြစ်သည်ဟု ညွှန်းဆိုခဲ့ကြောင်း သိရသည်။

ဟောင်ကောင် အခြေစိုက် Inormation Center for Human Rights and Democracy အဖွဲ့က "မစ္စတာ Liu တို့ ဇနီးမောင်နှံသည် အောက်တိုဘာလ ၁၀ ရက် နေ့ခင်းပိုင်းတွင် တွေ့ဆုံခဲ့ကြကြောင်း" မစ္စ Liu ၏ မိခင်ဖြစ်သူ ပြောဆိုချက်ကို ကိုးကား၍ သတင်း ထုတ်ပြန်သည်။ မစ္စ Liu သည် ခင်ပွန်းဖြစ်သူ၏ ပြစ်ဒဏ်အတွက် အယူခံဝင်ရန် ဥပဒေသမားများနှင့် တိုင်ပင်လျက် ရှိကြောင်း ရှေ့နေ Shang Baojun က CNN သို့ ပြောကြားသည်။ "မစ္စ Liu ဟာ အကျဉ်းထောင်မှာ ခင်ပွန်းဖြစ်သူနဲ့ သွားရောက် တွေ့ဆုံဖို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ညှိနှိုင်းနေပါတယ်" ဟု ၎င်းဆိုသည်။

ရှေ့နေ Shang Baojun ၏ အဆိုအရ မစ္စတာ Liu Xiaobo သည် သူ၏ ဇနီးဖြစ်သူအား လာမည့် ဒီဇင်ဘာလ နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ကျင်းပ ပြုလုပ်မည့် နိုဘယ်လ်ဆု ချီးမြှင့်ပွဲ အခမ်းအနားသို့ ၎င်းကိုယ်စား သွားရောက်စေလိုကြောင်း သိရသည်။ "အခု လောလောဆယ်မှာ မစ္စ Liu ကိုယ်တိုင် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံထားရတော့ အော်စလိုကို ခင်ပွန်း ကိုယ်စားသွားပြီး ဆုယူမယ့်ကိစ္စကို စဉ်းစားဖို့ စောလွန်းပါသေးတယ်" ဟု ရှေ့နေ Shang Baojun က ပြောကြားသည်။

မစ္စတာ Liu Xiaobo လွတ်မြောက်ရေးအတွက် အမေရိကန် သမ္မတ အိုဘားမား၏ တိုက်တွန်း ပြောဆိုချက်နှင့် ပတ်သက်၍ တရုတ်အစိုးရ ပြောရေးဆိုခွင့် ရှိသူက "ဒီလို အရေးကိစ္စ တစ်ရပ် ဖြစ်အောင် လုပ်တဲ့ မည်သူ့ကိုမဆို ကျွန်တော်တို့ အစိုးရက ဆန့်ကျင်ပါတယ်။ နောက်ပြီး တရုတ်ပြည်ရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်လိုတဲ့သူ မည်သူကိုမဆို ဆန့်ကျင်ပါတယ်" ဟု ဆိုသည်။ အော်စလိုသို့ သွားရောက်ပြီး မစ္စတာ Liu Xiaobo အနေဖြင့် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရယူခွင့်ရှိမည်၊ မရှိမည် ဟူသောကိစ္စနှင့် ပတ်သက်၍ မေးမြန်းရာတွင် ၎င်းက ပြစ်မှုကျူးလွန်သူ တစ်ဦး ယင်းသို့ အခွင့်အရေး ရရှိမည်၊ မရရှိမည် ဟူသော ကိစ္စကို တရုတ် တရားဥပဒေ စနစ်ကသာ အဆုံးအဖြတ် ပေးမည် ဖြစ်ကြောင်း တုံ့ပြန် ပြောဆိုသည်။

CNN သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment