Transparency Myanmar

transparency.myanmar@gmail.com

BBC News, 4th November 2010

စကာၤပူ နိုင်ငံသည် စီးပွားရေး လုပ်ငန်း ဆောင်ရွက်ရန် အကောင်းဆုံး နိုင်ငံ ဖြစ်နေဆဲဟု ကမ္ဘာ့ဘဏ် နှစ်ပတ်လည် အစီရင်ခံစာ အရ သိရှိရသည်။

ကုမ္ပဏီများ စီးပွားရေး လုပ်ရန် ဖြေလျှော့ပေးမှု အပေါ် နိုင်ငံပေါင်း ၁၈၃ နိုင်ငံအား အဆင့် သတ်မှတ်သည့် ကမ္ဘာ့ဘဏ် ၂၀၁၁ စီးပွားရေး အစီရင်ခံစာတွင် စကာင်္ပူနိုင်ငံက ထိပ်ဆုံးမှ ရပ်တည်ခြင်း ဖြစ်သည်။

စီးပွားရေး လုပ်ငန်း စတင်ရန် လွယ်ကူမှု ချေးငွေ ရရှိနိုင်မှု အပေါ် မှတ်ကျောက် တင်သည့် အနေဖြင့် နိုင်ငံများကို အဆင့် သတ်မှတ်ရာတွင် ဗြိတိန်နိုင်ငံက အဆင့် (၄) နေရာနှင့် ချပ်ဒ် နိုင်ငံက အောက်ဆုံး အဆင့်တွင် ရှိနေသည်။

ကာဇက်စတန်ကမူ ပြီးခဲ့သော တစ်နှစ်လုံး အတိုးတက်ဆုံး ပြသခဲ့သည်။

ဂျော်ဂျီယာ ကမူ လွန်ခဲ့သော ၅နှစ်အတွင်း ကြီးကြီးမားမား တိုးတက်မှု ရှိခဲ့ကြောင်း တွေ့မြင်ရသည်။

ကုမ္ပဏီ တည်ထောင်ရန် အကောင်းဆုံး နိုင်ငံများ-

Source: ကမ္ဘာ့ဘဏ် ၂၀၁၁ စီးပွားရေး အစီရင်ခံစာ

(၁) စကာၤပူ

(၂) ဟောင်ကောင်

(၃) နယူးဇီလန်

(၄) ယူနိုက်တက် ကင်းဒမ်း(ဗြိတိန်)

(၅) အမေရိကန် ပြည်ထောင်စု

(၆) ဒိန်းမတ်

(၇) ကနေဒါ

(၈) နော်ဝေး

(၉) အိုင်ယာလန်

(၁၀) ၾသစေၾတးလ်

၂၀၀၄ နောက်ပိုင်း ထုတ်ပြန်ခဲ့သော နှစ်ပတ်လည် စီးပွားရေး အစီရင်ခံစာသည် စံညွှန်း မှတ်ကျောက် (၉) ခု အပေါ်တွင် လေ့လာ တင်ပြခြင်း ဖြစ်သည်။

အကဲဖြတ်ရာတွင် လေ့လာသည့် အခြားအချက် ၇ ချက်မှာ အခွန် ပေးဆောင်မှု၊ နယ်စပ် ကုန်သွယ်ရေး၊ ပိုင်ဆိုင်မှု မှတ်ပုံ တင်ခြင်း၊ ဆောက်လုပ်ရေး ပါမစ် ရရှိနိုင်မှု၊ စီးပွားရေး လုပ်ငန်း ပိတ်သိမ်းမှု၊ ကန်ထရိုက် စာချုပ်ပါ အချက်များ လိုက်နာရန် ဖိအား ပေးနိုင်မှု၊ ရင်းနှီး မြှုပ်နှံသူများ အကာအကွယ် ပေးမှုတို့ ဖြစ်သည်။

အစီရင်ခံစာတွင် တိုင်းပြည်၏ အခြေခံ အဆောက်အဦး၊ လုပ်သား အင်အားစု ကျွမ်းကျင်မှု စွမ်းရည်နှင့် လုံခြုံရေး စသော ကျယ်ပြန့်လွန်းသည့် အခြေအနေ များကိုမူ လေ့လာခြင်း မပြုပါ။

ဟောင်ကောင်က အဆင့်(၂)၊ နယူးဇီလန်က အဆင့်(၃)၊ အမေရိကန် ပြည်ထောင်စုက ဗြိတိန်၏ နောင်တွင် အဆင့် (၅) အသီးသီး ရပ်တည်နေကြပြီး ထိပ်ဆုံးမှ ၅ နိုင်ငံ စလုံးမှာ ယခင်နှစ်က အဆင့်အတိုင်း အလားတူ ပြန်လည် ရရှိကြခြင်း ဖြစ်သည်။

၁၈၃ နိုင်ငံ လေ့လာမှု စစ်တမ်းတွင် ၁၁၇ နိုင်ငံမှာ ၂၀၀၉ ဇွန်လမှ ၂၀၁၀ မေလ အကြား စီးပွားရေး ဦးစားပေး ဥပဒေသစ်များ အကောင်အထည် ဖော်ခဲ့ကြသောကြောင့် ၂၀၁၁ အစီရင်ခံစာတွင် အကြုံး ဝင်ခဲ့ကြသည်ဟု ကမ္ဘာ့ဘဏ်က ပြောကြားသည်။

အစိုးရ အဖွဲ့များက ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေး ကိစ္စရပ်များကို တုန့်ပြန် ဆောင်ရွက် ခဲ့ကြသည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

ကမ္ဘာလုံး ဆိုင်ရာ ငွေကြေးနှင့် စီးပွားရေး အကြပ်အတည်းကို တွန်းလှန်သည့် အနေဖြင့်  ကမ္ဘာတလွှားမှ မူဝါဒ ချမှတ်သူ အစိုးရများက ပြည်တွင်း ကုမ္ပဏီများ စတင်မှုနှင့် လည်ပတ်မှု လွယ်ကူစေရန် ပြီးခဲ့သော တစ်နှစ်လုံး အဆင့်ဆင့် ဆောင်ရွက် နိုင်ခဲ့ကြသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အချို့ စီးပွားရေး နိုင်ငံများ အခြားသူများထက် ပိုမို ပြင်းထန်စွာ ထိခိုက်ခဲ့ချိန်တွင် စီးပွားရေး ကုမ္ပဏီ လုပ်ငန်းများ စတင်ရန်၊ နှင့် လည်ပတ်ရန် လွယ်ကူမှု (သို့) ခက်ခဲမှု ရှိ/မရှိ၊ ထိရောက်သော တရား စီရင်ရေးနှင့် ကြွေးမြီမဆပ်မှု အရေး ယူခြင်းများ ရှိ/မရှိ၊ ယင်းအချက်များက ကုမ္ပဏီများ၏ အကျပ်အတည်း ကျော်လွှားနိုင်မှုနှင့် အခွင့်အလမ်း သစ်များကို လျင်မြန်စွာ ဖမ်းဆုပ်မှုအပေါ် လွှမ်းမိုးနိုင်မှု စသည်တို့ကို လေ့လာခဲ့သည်ဟု အစီရင်ခံစာတွင် ဆက်လက် ဖော်ပြထားသည်။

ယခု နောက်ဆုံး စီးပွားရေး အစီရင်ခံစာ၌ ဒေသအလိုက် ပိုင်းခြား လေ့လာထားရာ၊ အရှေ့ ဥရောပနှင့် ဗဟိုအာရှဒေသမှ တိုင်းပြည်များသည် ပြီးခဲ့သော ၁၂ လအတွင်း စီးပွားရေး လုပ်ငန်းများ လွယ်ကူစေရန် အများဆုံး လုပ်ဆောင်ခဲ့ကြပြီး တိုင်းပြည်အားလုံး၏ ၈၄ % မှာ စီးပွားရေး ဦးစားပေး ပြုပြင် ပြောင်းလဲမှု အနည်းဆုံး တစ်ခုကို လုပ်ဆောင် နိုင်ခဲ့ကြသည်ကို တွေ့ရှိရသည်။

ကမ္ဘာတလွှား တိုးတက်မှု အရှိဆုံး မှတ်တမ်း ဝင်ခဲ့သည့် ကာဇက်စတန်သည် ၎င်း၏ ကုမ္ပဏီ ဆိုင်ရာ ဥပဒေများ ပြင်ဆင်ခြင်း၊ ကုမ္ပဏီ လုပ်ငန်း စတင်ရန် လုပ်ထုံး လုပ်နည်းများ ဖြေလျှော့ခြင်း၊ ဆောက်လုပ်ခွင့် ပါမစ် ရရှိမှု လွယ်ကူ ရိုးရှင်းစေခြင်းတို့ အပါအဝင် ဆောင်ရွက်ချက် များစွာကို ပြုလုပ်ခဲ့သည်။

အရှေ့ အာရှနှင့် ပစိဖိတ် ဒေသသည်လည်း ဒေသတွင်း နိုင်ငံ လေးပုံ သုံးပုံခန့်က ကုမ္ပဏီများ၏ ရှင်သန် နိုင်မှု လွယ်ကူစေရန် အနည်းဆုံး ပြုပြင် ပြောင်းလဲမှု တစ်ခုစီ ပြုလုပ်ကြခြင်းဖြင့် အကောင်းဆုံး စွမ်းဆောင် နိုင်ခဲ့သော နောက်ထပ် ဒေသ တစ်ခု အဖြစ် ရပ်တည်ခဲ့သည်။

လက်တင် အမေရိကန်နှင့် ကာရစ်ဘီယန် နိုင်ငံများမှာမူ စီးပွားရေး ဦးစားပေး ပြုပြင် ပြောင်းလဲမှု တစ်ခုစီ (သို့) ပို၍ ပြုလုပ်သော နိုင်ငံ ၄၇ % သာ ရှိသောကြောင့် တိုးတက်မှု အနည်းဆုံး နိုင်ငံအဖြစ် မြင်တွေ့ကြရသည်။

စကာင်္ပူ၏ အရည်အချင်း

စကာင်္ပူ နိုင်ငံ ထိပ်ဆုံးမှ ဦးဆောင်နေခြင်းမှာ အကြောင်းရင်း များစွာ ရှိသည်ဟု အစီရင်ခံစာ ပူးတွဲ ရေးသားသူ ဒါလီယာ ခါလီဖာက BBC သို့ ပြောကြားသည်။

"စကာင်္ပူဟာ ပြီးခဲ့တဲ့ ၅ နှစ်လုံးလုံး ကျွန်မတို့ရဲ့ အစီရင်ခံစာမှာ ထိပ်ဆုံးက ရပ်တည်ခဲ့ပါတယ်" ဟု သူမက ဆိုသည်။

"စကာင်္ပူဟာ ပို့ကုန်နဲ့ သွင်းကုန် လုပ်ငန်းအတွက် စွမ်းဆောင်ရည် အကောင်းဆုံး နေရာ အဖြစ် ရိုးရိုးလေး ရပ်တည်နေပါတယ်။ ဥပမာ ပြောရရင် ရှင့်အနေနဲ့ ကုန်စည်တွေ တင်ပို့ဖို့နဲ့ တင်သွင်းဖို့ အတွက် အထောက်အထား ၄ ခုပဲ လိုပါတယ်။ ဒီအချက်ဟာ ကမ္ဘာ့ အကောင်းဆုံး လုပ်ထုံးလုပ်နည်း တစ်ခု ဖြစ်နေဆဲ ပါပဲ။ ရင်းနှီး မြှုပ်နှံသူတွေနဲ့ လူနည်းစု ရှယ်ယာစုတွေကို အကာအကွယ် ပေးရာမှာလည်း စကာင်္ပူက ဦးဆောင် နိုင်ငံတစ်ခုပါ" ဟု သူမက ဆက်လက် ပြောဆိုသည်။

လတ်တလော ကမ္ဘာဒုတိယ အကြီးဆုံး စီးပွားရေး အင်အားကြီး ဖြစ်လာသော တရုတ်မှာမူ စကာင်္ပူနှင့်များစွာ ပြတ်ကျန်ရစ်ကာ အဆင့် (၇၉) တွင် ရပ်တည်နေသည်။

ဗြိတိန်၏ ချီးမွမ်းစရာ

ဗြိတိန်နှင့် ပတ်သက်၍ ခါလီဖာက ပြောကြားရာတွင် ၎င်းနိုင်ငံ၌ ကုမ္ပဏီများ ချေးငွေရရှိရန် လွယ်ကူမှုနှင့် စီးပွားရေး လုပ်ငန်းရှင်များ အတွက် ခိုင်မာသော ဥပဒေကြောင်း အခွင့်အရေးများ ရှိနေမှုကြောင့် အစီရင်ခံစာတွင် ချီးကျူး ဂုဏ်ပြုထားသည်ဟု ဆိုသည်။

ချေးငွေ သတင်း အချက်အလက် ဆိုင်ရာ ဗြိတိန်၏ ထိရောက်သော စနစ်နှင့် ကုန်သွယ်ရေး အငြင်းပွားမှုများကို တရားရုံးများတွင် ကိုင်တွယ်ဖြေရှင်းမှု မြန်ဆန်ခြင်းတို့ကို အစီရင်ခံစာ ထုတ်ဖော် ရည်ညွှန်းထားသည်။

အာဖရိက တိုက်တွက် စွမ်းဆောင်ရည် အကောင်းဆုံးမှာ မောရစ်သျှ နိုင်ငံဖြစ်၍ ကမ္ဘာ့အဆင့် သတ်မှတ်ချက် (၂၀) တွင် ရှိနေသည်ဟု သိရသည်။

အဆင့် ၂၂ ဂျာမဏီ၊ အဆင့် ၂၅ ဘယ်လ်ဂျီယံ၊ အဆင့် ၂၆ ပြင်သစ်၊ အဆင့် ၂၇ ဆွစ်ဇာလန်၊ အဆင့် ၃၀ နယ်သာလန် တို့ ပါဝင်သည့် အနောက်ဥရောပ တိုင်းပြည်များကို မောရစ်သျှက အနိုင်ယူ သွားခြင်းပင် ဖြစ်သည်။

အဆင့်ကောင်း ရရှိသော အခြား အာဖရိက နိုင်ငံများမှာ တောင်အာဖရိက (၃၄) နှင့် ဘော့ဆွာနာ (၅၂) တို့ဖြစ်သည်။ အဆင့် ၅၈ ရရှိသည့် ရဝမ်ဒါမှာ ယခင်နှစ် အဆင့် ၇၀ မှ တက်လာခြင်း ဖြစ်ပြီး၊ လွန်ခဲ့သော ၁၂ လနှင့် ၅ နှစ်အတွင်း ဒုတိယ တိုးတက်မှု အရှိဆုံး တိုင်းပြည် ဖြစ်သည်။

ချဒ် နိုင်ငံကမူ စွမ်းဆောင်ရည် အဆိုးဝါးဆုံး အဖြစ် ၂ နှစ် ဆက်တိုက် ရပ်တည်ခဲ့သည်။

ကျယ်လောင်သော အသိပေးမှု

စီးပွားရေး လုပ်ရန် အကောင်းဆုံး တိုင်းပြည်များ စာရင်းတွင် မက္ကဆီကိုက အဆင့် ၃၅၊ ပီရူးက ၃၆ ရရှိကြပြီး အဆင့် ၃၉ သို့ တဆင့် ကျသွားသော ကိုလံဘီယာကို ကျော်တက်ခဲ့ခြင်း ဖြစ်သည်။

လက်ဝဲယိမ်း သမ္မတ ဟူရိုချားဗက်စ် ဗင်နီဇွဲလားမှာမူ ဒေသတွင်း စီးပွားရေး လုပ်ကိုင်ရန် အဆိုးဝါးဆုံး နိုင်ငံအဖြစ် ဆက်လက် ရပ်တည်ကာ ကမ္ဘာ့အဆင့် ၁၇၂ တွင် ရှိနေသည်။ အရှေ့ အလယ်ပိုင်းမှ ဆော်ဒီ အာရေဗီယားကမူ စွမ်းဆောင်ရည် အကောင်းဆုံး အဆင့် (၁၁) ရရှိပြီး ၎င်း၏ နောက်မှ ဘာရိန်းက ၂၈၁ အစ္စရေးက ၂၉ ဖြင့် အသီးသီး ရပ်တည်နေသည်။

"ကုမ္ပဏီတွေ စီးပွားရေး လုပ်လို့ လွယ်ကူအောင် ပြုလုပ်နေတဲ့ နိုင်ငံတွေကို များများ ပိုတွေ့လာရတာ ဝမ်းသာ ကျေနပ်စရာပါ" ဟု ခါလီဖာက ဖြည့်စွက် ပြောကြားသည်။

"အခု အသိပေးမှုက ကျယ်လောင်တယ်၊ ကြည်လင်တယ်၊ နိုင်ငံတွေ အနေနဲ့ အငယ်စားနဲ့ အလတ်စား ကုမ္ပဏီတွေ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်နိုင်ရေးနဲ့ အလုပ်အကိုင် ဖန်တီးရေးဟာ သိပ်ကို အရေးကြီးတယ် ဆိုတာကို သိရှိသွားကြပါပြီ" ဟု သူမက ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment