Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ နိုင်ငံ အနေဖြင့် ငြိမ်းချမ်းရေး နှင့် တိုင်းရင်းသား လူမျိုးများ အကြား အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည် ဖော်သွားနိုင် လိမ့်မည်ဟု တရုတ် နိုင်ငံက ယုံကြည်ပါကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်သည်။

အဆိုပါ ကြေညာချက်သည် မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် မြန်မာ နိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ပထမဆုံးသော သဘောထား တုံ့ပြန်ချက် တစ်ရပ် ဖြစ်သည်။

"မြန်မာနိုင်ငံ အနေနဲ့ အဆင့် ၇ ဆင့်ပါ နိုင်ငံရေး လမ်းပြ မြေပုံအတိုင်း ဆက်လက် အကောင်အထည် ဖော်သွားနိုင်ပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်မှု ရှိရေး၊ တိုင်းရင်းသား ပြန်လည် သင့်မြတ်ရေး၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်ရေး စတာတွေကို ဆက်လက် ထိန်းသိမ်း သွားနိုင်မယ်လို့ တရုတ်နိုင်ငံက ယုံကြည် မျှော်လင့်လျက် ရှိပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုနှင့် ပတ်သက်၍ မေးမြန်းရာတွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ် Hong Lei က ပြောကြားသည်။

မြန်မာနိုင်ငံ ရှေ့ဆက်သွားမည့် နိုင်ငံရေး လမ်းပြ မြေပုံကို မြန်မာ အစိုးရက ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး စစ်အုပ်ချုပ်ရေးမှ အရပ်ဘက် အုပ်ချုပ်ရေး စနစ်သို့ လွှဲပြောင်းပေးရန် ဦးတည်ထားခြင်း ဖြစ်သည်။

မကြာသေးမီ ရက်သတ္တပတ်က ကျင်းပ ပြီးစီးသွားသော ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲသည် အဆိုပါ လမ်းပြ မြေပုံတွင် ပါဝင်သော အဆင့်တစ်ခု ဖြစ်သည်။ သို့သော် ယင်းရွေးကောက်ပွဲသည် စစ်အုပ်ချုပ်မှု စနစ်အောက်သို့ အရပ်ဘက် အုပ်ချုပ်ရေးကို သွတ်သွင်းမည့် အတုအယောင် ရွေးကောက်ပွဲ တစ်ရပ်သာ ဖြစ်သည်ဟု လေ့လာ သုံးသပ်သူများက ဆိုသည်။

သတင်းစာ ရှင်းလင်းပွဲ၌ ပြောရေး ဆိုခွင့် ရှိသူ မစ္စတာ Hong Lei အား နိုဗယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု၊ သူမနှင့် မြန်မာ အစိုးရအကြား ဒိုင်ယာလော့ခ် ပြုလုပ်ရန် တရုတ်နိုင်ငံက အားပေး အားမြှောက် ပြုခဲ့ခြင်း ရှိ၊မရှိ ဟူသော အရေး ကိစ္စတို့နှင့် ပတ်သက်၍ မေးမြန်းရာ ၎င်းက ဖြေကြားမှု မပြုခဲ့ပေ။

တရုတ်သည် တောင်ပိုင်း ဒေသဆီမှ အိမ်နီးချင်း မြန်မာနိုင်ငံတွင်း တည်ငြိမ် အေးချမ်းမှုကို လိုလားလျက် ရှိသည်။ အထူးသဖြင့် ဘိန်းဘုရင်များ၊ သူပုန် တပ်ဖွဲ့များ ခြေကုပ်ယူ လှုပ်ရှားလျက် ရှိသော တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ် ဒေသတစ်လျှောက် တည်ငြိမ် အေးချမ်းမှုကို ထိန်းသိမ်း ထားနိုင်ရန် ကြိုးပမ်းလျက် ရှိသည်။ တရုတ် အစိုးရသည် မြန်မာ စစ်အစိုးရနှင့် အနီးကပ် ချစ်ကြည်ရင်းမှုနှင့် ဆက်ဆံမှု ရှိသည့်တိုင် ပြည်တွင်းမှ အစိုးရ အတိုက်အခံ များနှင့်လည်း အဆက်အသွယ်များ ရရှိထားသည်။

နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက်တစ်နေ့ ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရနှင့် အနီးကပ် ချစ်ကြည် ရင်းနှီးမှု ရရှိထားမှုများ ရှိသော်လည်း တရုတ်နိုင်ငံ အပေါ် ရန်သူအဖြစ် ရှုမြင်မှု မရှိပါကြောင်း ထုတ်ဖော် ပြောဆိုသည်။ မြန်မာ စစ်အစိုးရသည် ဒေါ်အောင်ဆန်း စုကြည်အား နှစ်ပေါင်း ၂၀ တာ ကာလ အတွင်း ၁၅ နှစ်တာမျှ ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။

တရုတ် နိုင်ငံသည် လက်ရှိ မြန်မာနိုင်ငံ ဘဏ္ဍာရေး နှစ်အတွင်း အမေရိကန် ဒေါ်လာ ၈ ဒဿမ ၁၇ ဘီလီယံ တန်ဖိုး ဝင်ရောက် ရင်းနှီး မြှုပ်နှံခဲ့ကြောင်း မြန်မာနိုင်ငံပိုင် မီဒီယာက ထုတ်ပြန်သော တရားဝင် စာရင်း ဇယားများက ဆိုသည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံရှိ စွမ်းအင် ထုတ်လုပ်ရေး အခန်းကဏ္ဍတွင် အများဆုံး ရင်းနှီး မြှုပ်နှံထားသည်။ (ရေအား လျှပ်စစ် ထုတ်လုပ်ရေးတွင် ၅ ဘီလီယံ ဒေါ်လာ၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ရေး အခန်းကဏ္ဍတွင် ၂ ဒဿမ ၁၅ ဘီလီယံ ဒေါ်လာ)။ သို့သော် မြန်မာ စစ်အစိုးရက ထုတ်ပြန်သော တရားဝင် စာရင်း ဇယားများသည် ယုံကြည် စိတ်ချရမှု မရှိကြောင်း လေ့လာ သုံးသပ်သူများက ဆိုသည်။

မြန်မာ နိုင်ငံသည် တရုတ် နိုင်ငံအတွက် အိန္ဒိယ ပင်လယ်ပြင် ထွက်ပေါက် တစ်ခု ဖြစ်လျက် ရှိရာ ရေနံ၊ သဘာဝ ဓာတ်ငွေ့များ တင်သွင်းမှုနှင့် တရုတ် အနောက် တောင်ပိုင်း၊ ကုန်းတွင်းပိတ် ဒေသမှ ကုန်ပစ္စည်များ တင်ပို့မှု တို့အတွက် များစွာ အထောက်အကူ ပြုလျက် ရှိရုံသာမက တရုတ် စစ်ဘက် အခြေစိုက် စခန်းများ ထားရှိရေး၊ ကင်းထောက်လှမ်းရေး စခန်းများ ဖွင့်လှစ်ရေး အစ ရှိသည်တို့ အတွက်ပါ အထောက်အကူ ပြုလျက် ရှိသည်။

Reuters သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment