Transparency Myanmar

transparency.myanmar@gmail.com

AFP, By Jo Biddle, 20th November 2010

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် ပြည်ထောင်စု၏ မြန်မာ နိုင်ငံအပေါ် ဆက်ဆံရေး မူဝါဒသစ်ကို ကြိုဆိုလိုက်ပြီး အရှိ တရားထက် ပို၍ အပေါင်း လက္ခဏာ ဆောင်သော ရှုမြင်မှုများ အတွက် သတိပေးထားခဲ့ပြီး၊ တိုင်းပြည်တွင် လူ့အခွင့်အရေး ကိစ္စများနှင့် စီးပွားရေး တိုးတက်မှုများ လိုအပ်လျက် ရှိနေသေးကြောင်း ပြောကြားခဲ့သည်။

"လူအများကြီး ရှိတယ်။ သူတို့က ပြောကြတယ်။ အခု အမေရိကန်က စစ်အစိုးရနဲ့ ဆက်ဆံဖို့ ဆုံးဖြတ် လိုက်ပြီလို့ ပြောတယ်။ သူတို့က ကျွန်မတို့ အပေါ် တာဝန်တွေ ပုံချခဲ့ကြတယ်။" ဟု ဒေါ်အောင်ဆန်းစုကြည်က သူမ လွတ်မြောက် လာပြီးနောက် CNN သို့ ပြောကြားခဲ့သည်။

"ကျွန်မက အဲ့ဒီလို မဖြစ်စေချင်ပါဘူး။ ဆက်ဆံရေး ပြုလုပ်တာ ကောင်းတယ်လို့ ကျွန်မ ထင်ပါတယ်" ဟု သူမက မှတ်ချက် ပြုသည်ကို သောကြာနေ့က US  television network က လွှင့်ထုတ်ခဲ့သည်။

"သူတို့ ဆက်ဆံရေးမှာ အရှိ တရားထက် ကျော်လွန်ပြီး အကောင်း မြင်ပြီး ဆက်ဆံတာ မဖြစ်စေလိုပါဘူး။ သူတို့ကို လက်တွေ့ ကျစေလိုပါတယ်" ဟု သူမက သတိပေးသည်။

အမေရိကန်၏ မြန်မာ နိုင်ငံကို အထီးကျန် ပစ်ထားရေး ဝါဒသည် မည်သည့် ရလဒ်မျှ ဆောင်ကြဉ်း နိုင်ခြင်း မရှိတော့သည့် အတွက် ယမန်နှစ်က Obama အစိုးရသည် မြန်မာ နိုင်ငံနှင့် ဆက်ဆံရေး ပြုလုပ်ရန် အစ ပြုခဲ့သည်။

အမေရိကန် အစိုးရ တာဝန်ရှိသူများ အနေဖြင့် မြန်မာ နိုင်ငံ၏ အမှန်တကယ် ဖြစ်ပျက် နေမှုများကို ထင်ယောင် ထင်မှား ဖြစ်မနေသင့်ကြောင်း သူမက ပြောကြားခဲ့သည်။

ဝါရှင်တန် အနေဖြင့် မြန်မာ နိုင်ငံတွင် အမှန်တကယ် ဖြစ်ပျက် နေသည်များ အပေါ် အသင့် အနေအထားဖြင့် မျက်ခြေမပြတ် ကြည့်နေသင့်ပြီး၊ ဆက်ဆံရေးသည် မည်သည့် နေရာကို ရောက်နေသနည်း။ အမှန်တကယ် ပြောင်းလဲရန် လိုအပ်သည်များ ဆောင်ယူနိုင်ခြင်း ရှိမရှိ စောင့်ကြည့် သင့်သည်ဟု သူမက ဆိုသည်။

"ကျွန်မ ထင်တယ်။ မြန်မာ နိုင်ငံမှာ လူ့အခွင့်အရေး ကိစ္စကို အခုထက် ပိုပြီး အလေးထား စေလိုတယ်။ စီးပွားရေး တိုးတက်မှုလည်း ရှိစေလိုပါတယ်။ ဒါပေမယ့် တာဝန်ရှိမှုနဲ့ ပြန်လည် ထိန်းကျောင်း ထားရမှာ ဖြစ်ပါတယ်" ဟု သူမက ဖြည့်စွက် ပြောသည်။

မြန်မာ နိုင်ငံနှင့် တွေ့ဆုံ ဆွေးနွေးမှုကို အရှေ့အာရှ ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က ဦးဆောင်ပြီး၊ ယခုအထိ ရလဒ်မှာ စိတ်ပျက်ဖွယ် ဖြစ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလက ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဌာန တာဝန်ရှိသူ တစ်ဦးက သောကြာနေ့က ပြောကြားရာတွင် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည် ပြီးခဲ့သည့် ရက်များ အတွင်းက ဒေါ်အောင်ဆန်းစုကြည် ထံသို့ စာတစ်စောင် ပေးပို့ ခဲ့သည်ဟု ဆိုခဲ့ပြီး၊ တယ်လီဖုန်းဖြင့်လည်း ဆက်သွယ်ကောင်း ဆက်သွယ်လိမ့်မည်ဟု ဆိုသည်။

"မြန်မာ နိုင်ငံမှာ အပြောင်းအလဲ လုပ်ပေးဖို့တော့ လိုမယ်ဆိုတဲ့ ခိုင်မာ အားကောင်းတဲ့ မက်ဆေ့ခ်ျမျိုး လိုအပ်တယ်လို့ ကျွန်တော် ယုံတယ်" ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Phillip Crowley က ဆိုသည်။

၎င်းက အလေးပေး ပြောကြားရာတွင် ဝါရှင်တန် အနေဖြင့် ဒေါ်အောင်ဆန်း စုကြည်သည် ၎င်းပါတီအား ပြန်လည် စုစည်းခြင်းနှင့် သူမ၏ အကြံပေးများဖြင့် တွေ့ဆုံခြင်းများ အတွက် လုံခြုံမှု ရှိစေရေး အတွက် မြန်မာ အစိုးရက အာမခံရန် ပြုလုပ် ပေးရေး အတွက် အထူး တာဝန် ယူရပေမည်ဟု ဆိုသည်။

"နောက်ဆုံးတော့ မြန်မာနိုင်ငံဟာ အပြောင်းအလဲ လုပ်ပေးရမှာ ပါပဲ။ ပိုမို ကျယ်ပြန့်တဲ့ နိုင်ငံရေး ကွက်လပ်တွေ ရှိရပါမယ်။ တိုင်းရင်းသား အုပ်စုတွေနဲ့ အဓိပ္ပာယ် ရှိတဲ့ ဆွေးနွေးမှုတွေ ရှိရမယ်။ ဒါသည်သာ မြန်မာနိုင်ငံ အတွက် အစွန့်ပစ်ခံ ဘဝက လွတ်မြောက်ဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါတယ်" ဟု Crowley က ပြောသည်။

အမေရိကန် အစိုးရသည် မြန်မာ အာဏာပိုင်များအား နိုင်ငံရေး အကျဉ်းသား (၂၁၀၀) ခန့်အား လွှတ်ပေးရန် ထပ်မံ တောင်းဆိုခဲ့သည်။

CNN က ဒေါ်အောင်ဆန်းစုကြည်အား ထပ်မံ ဖမ်းဆီးခံရမည်ကို မကြောက်ရွံ့ ဘူးလားဟု မေးမြန်းခဲ့ရာ သူမက ပြောကြားရာတွင် "လူတိုင်းကလည်း ကျွန်မကို အဲဒီ မေးခွန်းပဲ မေးပါတယ်။ ကျွန်မ ပြောနိုင် တာကတော့ မသိပါဘူးလို့ ပြောရမှာပဲ။ အမြဲတမ်း ဖြစ်နိုင်ခြေတော့ ရှိတာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ ခဏ ခဏ ဖမ်းခဲ့ပြီး ပြီလေ" ဟုပြောသည်။

"သူတို့ ကျွန်မကို ထပ်မဖမ်း တော့ဘူးလို့ မပြောနိုင်ပါဘူး။ ဒါပေမယ့် ဒါကို ဘယ်သူမှ အမြဲတမ်း မစဉ်းစားနိုင်ပါဘူး၊ ကိုယ့်အလုပ်ကိုပဲ အာရုံပြု နေကြရတာကိုး" ဟု သူမက ပြောသည်။

CNN က ပြောကြားရာတွင် ရွေးကောက်ပွဲ ကာလ အတွင်း အစိုးရက မြန်မာ နိုင်ငံသို့ တရားဝင် လာရောက်ခွင့် မပေးသော်လည်း ၎င်း၏ သတင်းထောက်သည် မြန်မာ နိုင်ငံတွင် (၁၆) ရက်ခန့် ပုန်းလျှိုး ကွယ်လျှိုး ဖြင့် နေထိုင်ခဲ့ရသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံထားသော ဓါတ်ပုံများကို CNN သတင်းထောက် ဘန်ကောက်သို့ ပြန်ရောက်ပြီး သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။

သူမသည် လွတ်လပ်ရေး၏ ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ သမီး အဖြစ် သူမ၏ နောက်လိုက် နောက်ပါများ၏ လှပသော အနာဂတ်အတွက် မျှော်လင့်ချက်များကို ထမ်းပိုးထားရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ရုန်းကန် လှုပ်ရှားမှုများတွင် ကိုယ်ရေး လှုပ်ရှားမှုများတွင် ကိုယ်ရေး ကိုယ်တာများ တန်ဖိုး ကြီးကြီး ပေးဆပ်ခဲ့ရသည်။ သူမ၏ ဗြိတိသျှ လူမျိုး အမျိုးသားမှာ ၁၉၉၉ တွင် ကွယ်လွန်ခဲ့ပြီး၊ ၎င်းကင်ဆာ ရောဂါ ခံစားနေရချိန်တွင် သူမအား လာရောက် တွေ့ဆုံရန် အစိုးရက ငြင်းပယ်ခဲ့သည်။ သူမသည် ယခု အထိ သူမ၏ မြေးများကို တွေ့ဖူးခြင်း မရှိသေးပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment