Transparency Myanmar

transparency.myanmar@gmail.com

Reuters, 27th November 2010

ကုလသမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ်သည်  မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စနေနေ့က တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း မြန်မာနိုင်ငံ၏ အိမ်တွင်းပုန်း စစ်ဖက် အုပ်ချုပ်သူများကမူ ၎င်းနှင့် လိုလို လားလား တွေ့ဆုံလိုသည့် လက္ခဏာ မရှိပါ။

ဗီဂျေး နမ်ဘီယာသည် မြန်မာနိုင်ငံတွင် ၇ နှစ်ကြား နေအိမ် အကျယ်ချုပ် ထိန်းသိမ်းခံရခြင်းမှ နိုဝင်ဘာ ၁၃ ရက်တွင် လွတ်မြောက်လာသူ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တွင် ၂ နာရီ နီးပါးမျှ တွေ့ဆုံခဲ့သော်လည်း ၎င်း၏ ခရီးစဉ်တွင် စစ်ဗိုလ်ချုပ်ကြီးများနှင့် အစိုးရဝန်ကြီးများ ရုံးစိုက်ရာ နေပြည်တော်သို့ သွားရောက်မည့် အစီအစဉ် မပါဝင်ပါ။

နမ်ဘီယာ အနေဖြင့် မြန်မာနိုင်ငံမှ ရွေးကောက်ပွဲများ အပြီး သီတင်းပတ် အနည်းငယ် အကြာ၊ အရပ်ဖက် အစိုးရသစ် မဖွဲ့စည်းခင် စပ်ကြား ၎င်း၏ ပထမဆုံး ခရီးစဉ်တွင် စစ်ဖက် အစိုးရနှင့် တွေ့ဆုံရန် မအောင်မြင် ခဲ့ခြင်းသည် စစ်ဖက် ခေါင်းဆောင်များနှင့် တွေ့ဆုံ ညှိနှိုင်းမည့် အနောက် နိုင်ငံများ၏ အားထုတ်မှုများတွင် အခက်အခဲ များစွာ ရှိနေနိုင်သည်ကို ညွှန်ပြနေသည်ဟု သံတမန်များက ပြောဆိုသည်။

ယခုနှစ် အစောပိုင်းတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် အဖြစ် ခန့်အပ်ခြင်း ခံရသူ နမ်ဘီယာသည် ယခု သီတင်းပတ်ကုန် ရုံးပိတ်ရက်တွင် သံတမန်များ၊ လတ်တလော ရွေးကောက် တင်မြှောက်ခံ အမတ်များနှင့် တွေ့ဆုံရန် စီစဉ်ထားပြီး တနင်္လာနေ့တွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည်ဟု သိရသည်။

စစ်ဖက် အာဏာရှင်များကို ဆန့်ကျင်မှုကြောင့် လွန်ခဲ့သော ၂၁နှစ်အတွင်း ၁၅ နှစ်ခန့် ပုံစံ အမျိုးမျိုးဖြင့် ထိန်းသိမ်းခြင်း ခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဖက် ခေါင်းဆောင်များက ပြစ်ဒဏ် လျှော့ပေါ့ လွတ်ပေးခဲ့ခြင်း ဖြစ်ကာ သူမအား လွှတ်ပေးချိန်မှ စ၍ စစ်ဗိုလ်ချုပ်များ၏ ရည်ရွယ်ချက်များ အပေါ် အများစုက သံသယ ရှိခဲ့ကြသည်။

သူမက ကုလသဂ္ဂ သံတမန်၏ ခရီးစဉ်ကို ကြိုဆိုလိုက်ပြီး ကုလ သမဂ္ဂနှင့် ပိုမို တွေ့ဆုံ ဆွေးနွေးရန် တောင်းဆိုခဲ့သည်။

"ကျွန်မတို့ လုပ်ချင်တဲ့ ကိစ္စကို သူ့ကို ပြောပြခွင့် ရတဲ့အပြင် ကုလ အထွေထွေ အတွင်းရေးမှူးရဲ့ ခံစားချက်တွေကို သိဖို့ အခွင့်အရေး ရခဲ့ပါတယ်" ဟု သူမက သတင်းထောက်များအား ပြောကြားခဲ့သည်။

"အားလုံးအတွက် အကျိုး ရှိတဲ့ တွေ့ဆုံမှုပါ၊ ကျွန်မတို့ ဒီထက် ပိုပြီး တွေ့ဆုံဖို့ လိုအပ်ပါတယ်" ဟုလည်း သူမက ဆိုသည်။

စစ်ဖက် ဗိုလ်ချုပ်ကြီးများ၏ ရိုင်းပြမှုသည် ကုလသမဂ္ဂနှင့် နှစ်အတန်ကြာ ဆက်ဆံရေး တန်းနေခဲ့ပြီးနောက် ယခုဆိုင် ပူးပေါင်း ဆောင်ရွက်ရန် မလိုလားသည့် လက္ခဏာပင် ဖြစ်သည်ဟု အမည် မဖော်လိုသူ အငြိမ်းစား မြန်မာ ပညာရှင် တစ်ဦးက ပြောကြားလိုက်သည်။

"ဒါဟာ ဇာတ်ကွက် အသစ်ရဲ့ အစပိုင်းလို့ ပြောလို့ ရပါတယ်၊ ကုလသမဂ္ဂ ကိုယ်စားလှယ် အသစ်၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်မှု၊ အရွေးချယ်ခံ ပါတီနှင့် ကိုယ်စားလှယ်လောင်း အသစ်တွေ အစ ရှိသဖြင့် ပေါ့ဗျာ၊ ဒါပေမယ့် အဓိက သော့ချက်က ပလေယာ ပျောက်နေသေးတယ်" ဟု ၎င်းက ပြောကြားသည်။

"ထိပ်ပိုင်း အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခြင်း မရှိတဲ့ အတွက် သူ့ရဲ့ ခရီးစဉ်ကနေ သိသာ ထင်ရှားတဲ့ ရလဒ်ကို မမျှော်လင့်နိုင်ပါဘူး" ဟု ၎င်းက မှတ်ချက် ပေးသည်။

နမ်ဘီယာသည် ယခင်က တရုတ်နိုင်ငံ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး ဖြစ်သောကြောင့် မြန်မာ စစ်အစိုးရ၏ အဓိက မဟာမိတ် ဖြစ်သော ဘီဂျင်းနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသည်ဟု ယုံကြည်ရသည်။ ၎င်းသည် မြန်မာနိုင်ငံ အကြောင်း တိုင်းပြည်၏ နိုင်ငံရေး လုပ်ငန်းစဉ်တို့နှင့် ဆက်စပ် ပတ်သက်သော ကိစ္စရပ်များကို ဆွေးနွေးရန် အတွက် အိန္ဒိယ၊ တရုတ်နှင့် စကာင်္ပူ နိုင်ငံများသို့ လတ်တလော သွားရောက်ခဲ့သည်။

နမ်ဘီယာသည် ဘန်ကီမွန်း၏ ရုံးအဖွဲ့ အကြီးအကဲ ဖြစ်ပြီး အီဘရာဟင် ဂမ်ဘာရီ၏ နေရာကို အစား ဝင်ရောက်လာသူ ဖြစ်သည်။ ယခင်က မြန်မာနိုင်ငံ ဆိုင်ရာ ဂမ်ဘာရီမှာ ထိရောက်စွာ တာဝန် ထမ်းဆောင်နိုင်ခြင်း မရှိသဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင် ဝေဖန်ခြင်း ခံခဲ့ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment