Transparency Myanmar

transparency.myanmar@gmail.com

AP, 10th December 2010

အကြီးတန်း အမေရိကန် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်သည် သောကြာနေ့က ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ စစ်အစိုးရအပေါ် ချမှတ်ထားသော အရေးယူမှုများ ကိစ္စ ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ ဝါရှင်တန် အနေဖြင့် အထီးကျန် ပြုထားမှုကို ဖြေလျော့ပေးရန် စဉ်းစား သင့်မသင့် ဆွေးနွေးကြသည်။

ယမန်နှစ်က သမ္မတ Barack Obama က ဆယ်စုနှစ် များစွာ ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများသည် မြန်မာနိုင်ငံ ပြောင်းလဲရေးအတွက် မအောင်မြင်သောကြောင့် တွေ့ဆုံ ဆွေးနွေးခြင်းသည် ပို၍ ရလဒ် ကောင်းမည်လားဟု ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း ယမန်နှစ်က သူမ အနေနှင့် နှစ်ရှည်လများ ထောက်ခံခဲ့သော အရေးယူမှုများ ဖြေလျော့ရေးကို သူမ ကူညီနိုင်မည် ဖြစ်ကြောင်း အကြံပြုခဲ့သည်။

သို့သော် ပြီးခဲ့သည့် လက ပြီးစီးခဲ့သော ကျယ်ပြန့်စွာ လိမ်ညာထားသော ရွေးကောက်ပွဲ အပြီးတွင်၊ အမေရိကန်ရော ဒီမိုကရေစီ ဘက်တော်သားများကပါ ၎င်းတို့၏ ရပ်တည်ချက်ကို ပြန်လည် စဉ်းစားလာခဲ့သည်။

အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Joseph Y.Yun က သောကြာနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ နေအိမ်တွင် တွေ့ဆုံ ဆွေးနွေးမှုမှာ အကျိုးများစွာ ရှိကြောင်း ပြောခဲ့သည်။

"ကျွန်တော် အများကြီး သိခဲ့ရတယ်။ ဝါရှင်တန် ရောက်ရင် ဒီမှာ သုံးရက် ဆွေးနွးခဲ့တာတွေ ကျေညက်အောင် လုပ်ရပါမယ်" ဟု၎င်းက သတင်းထောက်များသို့ ပြောကြားခဲ့သည်။ Yun သည် ၎င်း၏ ခရီးစဉ်အတွင်း နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းနှင့် အခြား အစိုးရ တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီ အချို့မှ အဖွဲ့ဝင်များနှင့် ကုလ သမဂ္ဂ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။

၎င်း၏ ခရီးစဉ်မှာ အများက စစ်တပ် အမြစ်တွယ်ရေးဟု ဝေဖန်ကြသော နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲ အပြီးတွင် လာရောက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်မှာလည်း ရွေးကောက်ပွဲ အပြီးတွင် ခုနှစ်နှစ်ခန့် ထိန်းသိမ်းထားခြင်းမှ ပြန်လည် လွှတ်ပေးခြင်း ခံခဲ့ရသည်။ သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မရှိပဲ၊ အစိုးရ၏ ဖျက်သိမ်းခြင်းကို ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များသို့ ပြောကြားရာတွင် သူမနှင့် Yun သည် အရေးယူ ပိတ်ဆို့မှု အပါအဝင် ကိစ္စရပ် အတော်များများကို ဆွေးနွေးခဲ့သည်ဟု ပြောကြားခဲ့ပြီး၊ အကျယ်တဝင့် ပြောကြားခဲ့ခြင်းမူ မရှိပေ။

မြန်မာနိုင်ငံနှင့် အမေရိကန်တို့၏ ဆက်ဆံရေးမှာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ ဆန္ဒပြုမှုများ စစ်တပ်က နှိပ်ကွပ် အပြီးတွင် အေးခဲသွားခဲ့ခြင်း ဖြစ်သည်။ ထိုစဉ် ကတည်းက ဝါရှင်တန်သည် မြန်မာနိုင်ငံအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်သူ ဖြစ်ခဲ့ပြီး၊ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဒီမိုကရေစီသို့ ပြောင်းလဲခြင်း မရှိသဖြင့် နိုင်ငံရေးနှင့် စီးပွားရေးအရ အရေးယူမှုများ ချမှတ်ခဲ့သည်။

သို့သော်လည်း ပြီးခဲ့သည့်နှစ်က Obama သည် မြန်မာနိုင်ငံနှင့် ပိုမိုဆက်ဆံခြင်းက ပိုကောင်းမည်ဟု အကြံပြုခဲ့ပြီး အရေးယူမှုများကမူ ယခင်အတိုင်း ဆက်ရှိနေမည်ဟု ဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကာလရှည်ကြာကပင် အရေးယူမှုများကို ထောက်ခံ ခဲ့သော်လည်း မကြာသေးမီက ပြောင်းလဲမည့် သဘော ပြခဲ့သည်။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက သူမသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေးသားခဲ့ပြီး နိုင်ငံတကာ အရေးယူမှုများ ရုတ်သိမ်းရေးအတွက် သူမက ပူးပေါင်း ဆောင်ရွက်လိုကြောင်း ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်လ သူမ လွတ်မြောက်ပြီး နောက်တွင်မူ မြန်မာပြည်သူများက ရုတ်သိမ်း ပေးစေလိုလျှင် စဉ်းစားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တိကျ ရေရာသော စကား ပြောခဲ့ခြင်းကား မရှိပေ။

အနောက်နိုင်ငံ အတော် များများကမူ ဒဏ်ခတ်ခြင်းဖြင့် ရလဒ် အနည်းငယ်သာ ရကြောင်း၊ သဘာဝ ဓါတ်ငွေ့ ပေါကြွယ်သော မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယနှင့် အခြား ကုန်သွယ်ဖက် နိုင်ငံများနှင့် အားကောင်းသော ဆက်ဆံရေးကို ဖြစ်စေကြောင်း ယုံကြည်နေကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment