Transparency Myanmar

transparency.myanmar@gmail.com

The Straits Times, From AFP, 18th December 2010

ယခင် အမေရိကန် သမ္မတ ကတော်ဟောင်း Laura Bush က သူမသည် မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံးအကြိမ် စကား ပြောဆိုခဲ့ပြီး၊ လူသားတို့၏ လွတ်လပ်ခွင့် အတွက် လှုံ့ဆော် ဦးဆောင်သူဟု ခေါ်ဝေါ် ချီးကျူးခဲ့ကြောင်း သောကြာနေ့က ပြောကြားသည်။

"ဒီနေ့ မနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံးအကြိမ် စကား ပြောခဲ့ရပါတယ်။  ဒီလိုမျိုး လူသားတို့ရဲ့ လွတ်လပ်ခွင့်အတွက် လှုံ့ဆော် ဦးဆောင်သူ တစ်ဦးရဲ့ စိတ်အား ထက်သန်မှုနဲ့ သြဇာ ပြည့်ဝတဲ့ အသံကို ကြားရတာ ကျွန်မ အားတက်မိပါတယ်" ဟု Laura Bush က ကြေညာချက်တွင် ပြောဆိုသည်။

"သူမမှာ မျှော်လင့်ချက် ပျောက်ဆုံးတာမျိုး၊ မြန်မာနိုင်ငံ လွတ်လပ်ခွင့် အတွက် ယုံကြည်နေမှု ရပ်ဆိုင်း သွားတာမျိုး လုံးဝ မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ အတွက် ကျွန်မ အားတက်မိပါတယ်။ သူမနဲ့ သူမချစ်တဲ့ တိုင်းပြည် လွတ်လပ်ခွင့် ရမယ့် ရက်ကို ကျွန်မ မျှော်ကြည့်နေပါတယ်"  ဟု Laura Bush က ဆက်လက် ပြောကြားသည်။

လွန်ခဲ့သော ၂၁ နှစ် အတွင်း ၁၅ နှစ်ခန့် ထိန်းသိမ်းခြင်း ခံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်အား စစ်ဖက် အုပ်ချုပ်သူများက နောက်ဆုံး ၇ နှစ် ဆက်တိုက် ထိန်းသိမ်းထားရာမှ နိုဝင်ဘာ ၁၃ ရက်တွင် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။ အမေရိကန် သမ္မတ ဘားရက် အိုဘားမား အစိုးရက မြန်မာ စစ်အစိုးရကို ပစ်ပယ်ထားရန် အနောက် နိုင်ငံများ၏ ကြိုးပမ်းမှုသည် အနည်းငယ်မျှသာ အောင်မြင်မှုသာ ရရှိကြောင်း ကောက်ချက် ချခဲ့ပြီးနောက် မြန်မာ စစ်ဖက် အုပ်ချုပ်သူများနှင့် တွေ့ဆုံညှိနှိုင်းမှုကို မနှစ်က စတင် ပြုလုပ်ခဲ့သည်။

သို့သော်လည်း ဒီမိုကရေစီ အရေးနှင့် အခြား စိုးရိမ်စရာ ကိစ္စရပ်များတွင် တိုးတက် ပြောင်းလဲမှု ရှိမှသာ အပြန်အလှန် အားဖြင့် ပိတ်ဆို့မှုများကို ရုတ်သိမ်းပေးမည်ဟု အမေရိကန်တို့က ပြောကြားထားသည်။

စစ်ဘက် အုပ်ချုပ်သူများ အပေါ် ဒဏ်ခတ်သည့် ဆောင်ရွက်ချက်များကို နှစ်ပေါင်းများစွာ အားပေး ထောက်ခံခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် သူမလွတ်မြောက်လာပြီးနောက် ၎င်းကိစ္စ အပေါ် အနည်းငယ်မျှသာ ပြောဆိုခဲ့သော်လည်း အဆိုပါ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သူမ၏ ရပ်တည်မှု သဘောထား ပျော့ပြောင်းလာသည့် လက္ခဏာများကို ပြသခဲ့သည်။

မြန်မာ အစိုးရနှင့် အမေရိကန် ပြည်ထောင်စုတို့၏ အသစ်ထပ်မံ တွေ့ဆုံ ညှိနှိုင်းမှုကို ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်သော်လည်း လိုသည်ထက် ပို၍ အကောင်းမြင်မှုကို ကန့်ကွက် သတိပေးခဲ့ပြီး ကြီးမားသော လူ့အခွင့်အရေးနှင့် စီးပွားရေးဆိုင်ရာ တိုးတက် ပြောင်းလဲမှုများ လိုအပ်နေဆဲ ဖြစ်ကြောင်း ပြောကြားလိုက်သည်။ သူမ၏ ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သော်လည်း စစ်ဖက် အုပ်ချုပ်သူများ၏ "အာဏာလွှဲ မပေးနိုင်" ဟု မျက်စိမှိတ် ငြင်းဆိုခြင်းကို ခံခဲ့ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment