Transparency Myanmar

transparency.myanmar@gmail.com

အိန္ဒိယနိုင်ငံ ကျေးလက်ဒေသရှိ လမ်းပန်း ဆက်သွယ်ရေး မြှင့်တင်နိုင်ရန် ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံ ချေးငွေ ပေးမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က သတင်း ထုတ်ပြန်သည်။ ယင်းသို့ ချေးငွေပေးခြင်းသည် အိန္ဒိယနိုင်ငံ၏ အခြေခံ အဆောက်အအုံများ တိုးတက် ကောင်းမွန်ရေး အတွက် အကူအညီပေးမှု တစ်ရပ်လည်း ဖြစ်သည်ဟု ဆိုသည်။

"ကျေးလက်ဒေသမှာ အရည်အသွေး ကောင်းမွန်တဲ့ လမ်းပန်း ဆက်သွယ်ရေးစနစ် ရှိတာဟာ မဖွံ့ဖြိုးနိုင်ဘဲ ကျန်ရစ်နေတဲ့ ဒေသတွေ ဖွံ့ဖြိုး တိုးတက်ရေးကို မြှင့်တင်ပေးသလိုပါပဲ" ဟု ကမ္ဘာ့ဘဏ်၏ အိန္ဒိယနိုင်ငံဆိုင်ရာ ဒါရိုက်တာ Reberto Zagha က ပြောကြားသည်။

အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် လက်ရှိနှစ်များအတွင်း တိုးတက်လာသည့်တိုင် နိုင်ငံတွင်း အခြေခံ အဆောက်အအုံများသည် ဆိုးဆိုးဝါးဝါးနှင့် ချို့ချို့တဲ့တဲ့ အဆင့်တွင်သာ ရှိနေသေးသည်။ အိန္ဒိယသည် လူဦးရေ အဆမတန် တိုးတက်လာမှုနှင့် ရင်ဆိုင်နေရပြီး စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ခြေလှမ်း ပုံမှန်ဖြစ်အောင်လည်း များစွာ ရုန်းကန်နေရသည်။ ကမ္ဘာ့ဘဏ်၏ အဆိုအရ အိန္ဒိယပြည်သူ ၄၀ ရာခိုင်နှုန်း၊ သို့မဟုတ် သန်း ၃၀၀ ခန့်သည် လမ်းပန်း ဆက်သွယ်မှုကောင်းများ မရရှိသည့် အခြေအနေတွင် ရှိသည်။

ကမ္ဘာ့ဘဏ်၏ ချေးငွေဖြင့် အကောင်အထည် ဖော်မည့် စီမံကိန်းသည် လူဦးရေ လွန်စွာ ထူထပ်များပြားသော Uttar Pradesh၊ Rajasthan ပြည်နယ်များ အပါအဝင် တောင်ထူထပ်သည့် ဒေသတွင် ရှိသော ပြည်နယ်များ ဖြစ်သည့် Uttarakhand၊ Himachal Pradesh နှင့် Meghalaya ပြည်နယ်တို့တွင် အဓိက အကောင်အထည် ဖော်သွားမည် ဖြစ်သည်ဟု ခန့်မှန်းရသည်။ ထို့အတူ Jharkhand နှင့် Punjab ပြည်နယ်တို့တွင်လည်း အကောင်အထည် ဖော်မည်ဟု သိရသည်။

"လာမယ့် ငါးနှစ်အတွင်းမှာ ကီလိုမီတာ စုစုပေါင်း ၂၄၂၀၀(၁၅၀၃၇ မိုင်) ရှည်လျားတဲ့ လမ်းတွေ ဖောက်လုပ်ပြီး လူပေါင်း ၆ ဒဿမ ၁ သန်း အကျိုးအမြတ် ရှိစေမှာ ဖြစ်ပါတယ်" ဟု မစ္စတာ Roberto Zagha က ပြောကြားသည်။

"ဖောက်လုပ်မယ့် လမ်းတွေကို ရေရှည် ဆက်လက် ထိန်းသိမ်းသွားဖို့ ကိစ္စကိုလည်း စီမံကိန်းထဲမှာ ထည့်သွင်းသွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောကြားသည်။ အိန္ဒိယ နိုင်ငံအတွက် ကမ္ဘာ့ဘဏ် ချေးငွေသည် အတိုးနှုန်း ကင်းလွတ်ခွင့်ဖြင့် ဖြစ်ပြီး နှစ်ပေါင်း ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ပြန်လည် ပေးဆပ်ရမည် ဖြစ်သည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment