Transparency Myanmar

transparency.myanmar@gmail.com

နျူကလီယာ လုပ်ဆောင်ချက်များ လျှော့ချရေး ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပလိုသည့် ဆန္ဒ ထုတ်ဖော် ပြသမှု မရှိပါက မြောက်ကိုရီးယား နိုင်ငံနှင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ပြန်လည် ကျင်းပမည် မဟုတ်ကြောင်း အမေရိကန် ပြည်ထောင်စုက ပြောကြားသည်။

ပြုံယမ်း ကွန်မြူနစ် အစိုးရ အနေဖြင့် ရန်စလိုသော အပြုအမူများနှင့် လုပ်ဆောင်ချက်များကို မဖြစ်မနေ ရပ်တန့်ရမည် ဖြစ်သည်ဟု အိမ်ဖြူတော်က ဆိုသည်။

အမေရိကန် နိုင်ငံရေးသမား Bill Richardson မြောက်ကိုရီးယားသို့ သွားရောက် လည်ပတ်ပြီးနောက် အိမ်ဖြူတော် အစိုးရက ယင်းသို့ သုံးသပ်ချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ မစ္စတာ Bill Richardson ၏ မြောက်ကိုရီးယား ခရီးစဉ်သည် တရားဝင် ခရီးစဉ် တစ်ခု မဟုတ်ပေ။ မြောက်ကိုရီးယား အစိုးရသည် ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး အဖွဲ့များ ကြည့်ရှုနိုင်ရန် နျူကလီယာ လုပ်ငန်းခွင်များ အားလုံးကို ပြန်လည် ဖွင့်လှစ် ပြသလိမ့်မည် ဖြစ်သည်ဟု Bill Richardson က ပြောဆိုသည်။

သို့သော် မြောက်ကိုရီးယားက အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အတည်ပြု ပြောကြားမှု မရှိသေးပေ။ ထို့အတူ ကုလသမဂ္ဂ နျူကလီယာ စောင့်ကြည့် လေ့လာရေး အဖွဲ့ကလည်း ထင်မြင် သုံးသပ်ချက် တစ်စုံတစ်ရာ ပေးခြင်း မရှိသေးပေ။

မစ္စတာ Bill Richardson သည် အမေရိကန် ပြည်ထောင်စု၊ နယူးမက္ကဆီကို ပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်ပြီး မြောက်ကိုရီးယားသို့ ဒီဇင်ဘာလ ဒုတိယ ပတ်ခန့်တွင် သွားရောက် လည်ပတ်ခဲ့သည်။

ခရီးစဉ် ပြီးဆုံးပြီးနောက် ၎င်းက မြောက်ကိုရီးယားသည် နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့များအား လာရောက် ကြည့်ရှု စစ်ဆေးစေလိုသည့် ဆန္ဒမျိုး ထုတ်ဖော် ပြသခဲ့ပြီး တောင်ကိုရီးယား စစ်ရေး လေ့ကျင့်မှုကိုလည်း လက်တုံ့မပြန် လိုသည့် သဘောမျိုး ပြသခဲ့ကြောင်း၊ ဤသို့သော သဘောထားများက ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင် နိုင်မည့် လမ်းစများ ဖြစ်လာနိုင်ကြောင်း ပြောဆိုသည်။

သို့သော် အိမ်ဖြူတော် ပြောရေး ဆိုခွင့် ရှိသူ မစ္စတာ Robert Gibbs က မြောက်ကိုရီးယားသည် ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်ရန် အသင့် မဖြစ်သေးဟု ပြောကြားသည်။ "လက်တွေ့ လုပ်ဆောင်ချက်တွေ ဖြစ်လာဖို့ သူတို့ စကားတွေ ပြောနေလို့ပဲ မရဘူး။ စိတ်ပါလက်ပါ လုပ်ကိုင်ပြမှသာ ဖြစ်လာမှာပါ" ဟု ၎င်းက ပြောသည်။ မြောက်ကိုရီးယားက ၎င်း၏ အပြုအမူများ အားလုံးကို ပြောင်းလဲလိုသည့် ဆန္ဒ ထုတ်ဖော်ပြသည့် အခါတွင်မှ ခြောက်နိုင်ငံ ဆွေးနွေးပွဲ စတင်နိုင်မည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

"ခြောက်နိုင်ငံ ဆွေးနွေးပွဲ ကျင်းပရင် ကောင်းမှာပဲ ဆိုတဲ့ စိတ်ခံစားချက် တစ်ခု သက်သက် အတွက်တော့ ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ပြန်လည် ကျင်းပမှာ မဟုတ်ပါဘူး" ဟု ဆိုသည်။ အမေရိကန် ပြည်ထောင်စု အနေဖြင့် တောင်ကိုရီးယား နိုင်ငံနှင့် လက်ချင်းတွဲကာ ဆက်လက် အလုပ် လုပ်သွားမည် ဖြစ်သည်ဟုလည်း မစ္စတာ Robert Gibbs က ပြောသည်။

ကိုရီးယား ကျွန်းဆွယ်ဒေသ၌ တင်းမာမှုများ အထွတ် အထိပ်သို့ ရောက်ရှိနေချိန်တွင် အိမ်ဖြူတော်က မြောက်ကိုရီးယားနှင့် ပတ်သက်၍ ယင်းသို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မြောက်ကိုရီးယားက တောင်ကိုရီးယားပိုင် ကျွန်းတစ်ခုပေါ်သို့ အမြောက်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ လူလေးဦး သေဆုံးခဲ့ရသည်။ အလားတူ တိုက်ခိုက်မှုများ ပြုလုပ်ပါက မိမိတို့ကလည်း လေကြောင်းဖြင့် တိုက်ခိုက်သွားမည် ဖြစ်သည်ဟု တောင်ကိုရီးယားက ဆိုသည်။ သို့အတွက်ကြောင့် ကိုရီးယား ကျွန်းဆွယ် ဒေသတွင် တင်းမာမှုများ အဆက်မပြတ် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

မြောက်ကိုရီးယားသို့သွားရောက်လည်ပတ်ခဲ့သည့် မစ္စတာ Bill Richardson နှင့် အမေရိကန် သမ္မတ အိုဘားမားတို့ တွေ့ဆုံ ဆွေးနွေးမှု ပြုမည် မဟုတ်ကြောင်း မစ္စတာ Gibbs က ဆိုသည်။

တည်ငြိမ်သော တုံ့ပြန်ချက်

မြောက်ကိုရီးယားနှင့် အနီးကပ် မဟာမိတ် နိုင်ငံကြီး ဖြစ်သော တရုတ်က တောင်ကိုရီးယား၊ အမေရိကန်၊ ရုရှားနှင့် ဂျပန်တို့ အနေဖြင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ပြန်လည် စတင်သင့်ကြောင်း တိုက်တွန်း ပြောဆိုသည်။

မည်သို့ပင် ဆိုစေကာမူ ပြုံယမ်း ဘက်ကသာ နျူကလီယာ လက်နက် ဖျက်သိမ်းပါမည် ဟူသော ဆုံးဖြတ်ချက် မပြုလုပ်သေးသရွေ့ ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ပြန်လည် စတင်နိုင်မည် မဟုတ်ဟု တောင်ကိုရီးယားနှင့် မဟာမိတ် နိုင်ငံများက ဆိုသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဧပြီလတွင် ခြောက်နိုင်ငံ ဆွေးနွေးပွဲမှ နုတ်ထွက်ခဲ့သလို နိုင်ငံတွင်း တာဝန် ထမ်းဆောင်လျက် ရှိသော ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး အဖွဲ့များကိုလည်း ပြည်နှင်ခဲ့သည်။ နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီ (IAEA) မှ စုံစမ်း စစ်ဆေးရေး အဖွဲ့များသည် မြောက်ကိုရီးယား၊ ယုံဗြွန် နျူကလီယာ စက်ရုံကို လေ့လာ စောင့်ကြည့် ခဲ့ကြကြောင်း သတင်း ရင်းမြစ်များက ဆိုသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment