Transparency Myanmar

transparency.myanmar@gmail.com

ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲတွင် အနိုင် ရရှိသွားသော စစ်အစိုးရ ကျောထောက် နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)သည် လာမည့် အစိုးရ အဖွဲ့သစ်တွင် ထိပ်ပိုင်း ခေါင်းဆောင် ခန့်အပ်ရေးအတွက် ဒီဇင်ဘာလ ၂၂ ရက်နေ့က နေပြည်တော်၌ တံခါးပိတ် အစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်း ရင်းမြစ်များက ဆိုသည်။

ရွေးကောက်ပွဲတွင် ပါလီမန် လွှတ်တော် နေရာ စုစုပေါင်း ၇၇ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သော USDP ပါတီ ကိုယ်စားလှယ်များသည် နေပြည်တော်၌ အစိုးရ အဖွဲ့သစ် ရာထူးများ ခန့်ရေးအတွက် သုံးရက်တာ တံခါးပိတ် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

"ဒီဆွေးနွေးပွဲဟာ မကြာမီ ပေါ်ပေါက်လာမယ့် ပါလီမန် လွှတ်တော် အတွက် ပြင်ဆင်မှု တစ်ခု ဖြစ်ပါတယ်။ အဲဒီ အစည်းအဝေးမှာ အစိုးရသစ်ရဲ့ ထိပ်ပိုင်း ရာထူးတွေ အတွက် လူရွေးချယ်တာတွေ လုပ်ကြမယ်လို့ ထင်ပါတယ်" ဟု အမည် မဖော်လိုသူ အစိုးရ အရာရှိကြီး တစ်ဦးက ပြောကြားသည်။

မြန်မာ စစ်အစိုးရသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲတွင် လွှတ်တော် သုံးရပ်အတွက် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကြီးကို ကျင်းပပေးခဲ့သည်။ ထိုရွေးကောက်ပွဲသည် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲလည်း ဖြစ်သည်။

စစ်အစိုးရ၏ ကိုယ်စားလှယ် ပါတီ ဖြစ်သော USDP က လွှတ်တော်ကြီး သုံးရပ်၌ အမတ် နေရာ စုစုပေါင်း ၈၄၂ နေရာ ရရှိခဲ့သည်။ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရွေးကောက် တင်မြှောက်ခံရသူ ပါလီမန် အမတ်များ အနေဖြင့် သမ္မတနှင့် ဒုတိယ သမ္မတ ရာထူးနေရာ ရယူမည့် သူများ နာမည်ကို ရွေးကောက်ပွဲ ကျင်းပပြီး သုံးလအတွင်း ဆန္ဒပြု ရမည် ဖြစ်သည်။ ထိုနောက် သမ္မတ နှင့် ဒုတိယ သမ္မတ တို့က အစိုးရ အဖွဲ့သစ် ဝန်ကြီးများကို ရွေးချယ်ပြီး ပါလီမန် ခေါ်ယူရမည် ဖြစ်သည်။

ယင်းသို့ ရွေးချယ် ခန့်အပ်မည့် လုပ်ငန်းစဉ်သည် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော USDP ပါတီ၏ ဦးဆောင်မှု အောက်တွင် ရှိမည် ဖြစ်သည်။ USDP ပါတီသည် စစ်ဘက် အရာရှိ ဟောင်းကြီးများ၊ စစ်အစိုးရအဖွဲ့ ဝန်ကြီးများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

အကယ်၍ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် USDP ပါတီ ကိုယ်စားလှယ် လောင်းများ အများအပြား အနိုင် မရရှိခဲ့လျှင် သော်လည်း အသစ် ဖြစ်ပေါ်လာမည့် ပါလီမန် လွှတ်တော် သုံးရပ်သည် စစ်တပ်၏ ထိန်းချုပ်မှု အောက်မှ ကင်းလွတ်မည် မဟုတ်ပေ။ အကြောင်းမှာ စစ်အစိုးရ ဦးဆောင် ရေးဆွဲခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ပါလီမန် လွှတ်တော်၏ အမတ် နေရာ ၂၅ ရာခိုင်နှုန်းကို စစ်ဘက်မှ တိုက်ရိုက် ခန့်အပ်မည် ဖြစ်၍ ဖြစ်သည်။ အဆိုပါ ၂၅ ရာခိုင်နှုန်းသည် ပါလီမန် လွှတ်တော်တွင်း မည်သို့သော သဘော မတူညီမှုမျိုး ကိုမဆို ဗီတိုအာဏာ သုံးနိုင်သည့် အခြေအနေတွင် ရှိသည်။

မြန်မာ ရွေးကောက်ပွဲသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပြစ်တင် ဝေဖန်မှု များစွာ ရရှိခဲ့သည်။ အကြောင်းမှာ ရွေးကောက်ပွဲ၌ နိုဗယ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရရှိခြင်း၊ လွတ်လပ်ပြီး မျှတမှု မရှိသော ရွေးကောက်ပွဲ ဖြစ်ခြင်း တို့ကြောင့် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၇ နှစ် ဆက်တိုက် နေအိမ် အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရပြီးနောက် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။

Monster and Critics မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment