Transparency Myanmar

transparency.myanmar@gmail.com

ယခု ၂၀၁၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့သည် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ (အာဆီယံ) ကို စတင် ထူထောင်သော နိုင်ငံ ခြောက်နိုင်ငံ အကြား လွတ်လပ်စွာ ကုန်သွယ်မှု စတင် အကျုံးဝင်သည့် နေ့တစ်ရက် ဖြစ်သည်။ အာဆီယံ စတင် ထူထောင်သည့် ခြောက်နိုင်ငံတွင် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ ပါဝင်သည်။

လွတ်လပ်စွာ ကုန်သွယ်မှု အစီအစဉ်အရ သွင်းကုန်ပစ္စည်းများ၏ ၉၀ ရာခိုင်နှုန်းအပေါ် အခွန် ကောက်ခံမှု ဖယ်ရှားပေးရမည် ဖြစ်သည်။

အဆိုပါ အစီအစဉ်ကြောင့် ကုန်သွယ်မှု စရိတ်စက လျော့ကျသွားမည် ဖြစ်ပြီး နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများလည်း ပိုမို ကျယ်ပြန့်လာဖွယ် ရှိသည်။

လူဦးရေဟူသော အကြောင်းကိစ္စအရဖြင့် ပြောပါက အဆိုပါ ကုန်သွယ်မှုသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ကုန်သွယ်မှု ဧရိယာတစ်ခု ဖြစ်လာပေမည်။ ထို့ပြင် ပို့ကုန် တင်ပို့မှုကို အဓိက အားပြုသော စီးပွားရေး လုပ်ငန်းများလည်း အင်အားကြီးမား လာမည် ဖြစ်သည်။

ဈေးချိုသာသော ကုန်ပစ္စည်းများ

အဆိုပါ လွတ်လပ်စွာ ကုန်သွယ်မှု အစီအစဉ်ကြောင့် တရုတ်နိုင်ငံမှ ကုန်ထုတ်လုပ်သူများ အနေဖြင့် အရှေ့တောင် အာရှဒေသ ပို့ကုန် တင်ပို့သူများ ထံမှ ကုန်ကြမ်းများကို ဈေးပေါပေါဖြင့် ရရှိနိုင်မည် ဖြစ်သလို ထိုနိုင်ငံများ အနေဖြင့်လည်း တရုတ်ပြည်မှ ကုန်ပစ္စည်းများ၊ စက်ပစ္စည်း အစိတ်အပိုင်းများကို ဈေနှုန်းသက်သက် သာသာ ရရှိနိုင်မည် ဖြစ်ပါသည်။

သို့သော် အရှေ့တောင် အာရှ ဒေသမှ အချို့သော စီးပွားရေး လုပ်ငန်းကြီးများ အနေဖြင့် တရုတ်ပြည်မှ လုပ်ငန်းကြီးများနှင့် စီးပွားရေးအရ ယှဉ်ပြိုင်ရန် အသင့် အနေအထားတွင် မရှိသေးကြောင်း၊ အလုပ်အကိုင်များလည်း လက်လွတ် ဆုံးရှုံးမှု ရှိနိုင်ကြောင်း သတိပေးချက်များ ထွက်ပေါ်ခဲ့သည်ကို တွေ့ရပါသည်။

ဗီယက်နမ်နှင့် ကမ္ဘောဒီးယား အပါအဝင် အခြားသော အာဆီယံနိုင်ငံများ အနေဖြင့်လည်း နောင်လာမည့် ငါးနှစ်တွင် အဆိုပါ လွတ်လပ်စွာ ကုန်သွယ်မှုတွင် ပါဝင်လာမည်ဟု သိရသည်။ ဒေသတွင်း နိုင်ငံများ အချင်းချင်း အပြန်အလှန် ကုန်သွယ်မှု သဘောတူညီချက် စာချုပ်ပေါင်း များစွာလည်း ချုပ်ဆိုပြီး ဖြစ်သည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အဆိုအရ ၂၀၁၀ ပြည့်နှစ်တွင် ကုန်သွယ်ရေး သဘောတူညီချက် ၄၀၀ ခန့်ကို စတင် အကောင်အထည် ဖော်မည် ဖြစ်သည်။

BBC သတင်းဌာန၏ China and ASEAN Trade Deal Begins ကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Agence France Presse, 31st December 2009

စစ်ဖက်အုပ်ချုပ်သော မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်၌ ပြည်တွင်း တယ်လီဖုန်း ခေါ်ဆိုခ နှုန်းထားများကို နှစ်ဆ ပိုမိုကောက်ခံမည် ဖြစ်ကြောင်း ယနေ့ ယုံကြည်ရသော သတင်းများအရ သိရှိရပါသည်။ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန၏ ဈေးနှုန်း မြှင့်တင်မှုသည် ဇန်နဝါရီလ (၁) ရက်နေ့တွင် စတင် သက်ရောက်မည် ဖြစ်သည်။

ပြည်တွင်းခေါ်ဆိုခ အားလုံးကို တစ်မိနစ်လျှင် ၅ဝ ကျပ်သို့ တိုးမြှင့်ကောက်ခံမည်ဟု တယ်လီဖုန်း ဆက်သွယ်ရေးဌာန အရာရှိက ပြောကြားပါသည်။ လက်ရှိ ကောက်ခံနေသော နှုန်းတားများမှာ ကြိုးဖုန်းများအတွက် တစ်မိနစ်လျှင် ၁၅ ကျပ် ဖြစ်၍ မိုဘိုင်းဖုန်းများအတွက် တစ်မိနစ်လျှင် ၂၅ ကျပ် ဖြစ်ပါသည်။

ပြည်ပခေါ်ဆိုခ နှုန်းထားများကိုမူ ပြောင်းလဲမည် မဟုတ်ဟု ဆိုပါသည်။ ယခုကဲ့သို့ ဈေးတက်မည့်သတင်းကို မြန်မာအစိုးရ သတင်းဌာနများက ယခုထိ ကြေညာခြင်း မရှိသေးပါ။ "တကယ်လို့ ဒီသတင်းသာ မှန်ခဲ့ရင်တော့ ကျွန်မရဲ့ မိုဘိုင်းဖုန်းကို ခဏခဏ မသုံးဖြစ်အောင် ကြိုးစားရတော့မယ်" ဟု အသက် ၂၅ နှစ်အရွယ် အိမ်ရှင်မတစ်ဦး ဖြစ်သူ စိုးစိုးက ပြောကြားပါသည်။

ဆင်းရဲနွမ်းပါးသော မြန်မာနိုင်ငံတစ်ဝှမ်းတွင် တယ်လီဖုန်း ဧရိယာ ကွန်ရက်များ တိုးချဲ့ခြင်းဖြင့် တယ်လီဖုန်း ဆက်သွယ်မှုများ တိုးတက်လာအောင် ကြိုးစားနေသည်ဟု မြန်မာအာဏာပိုင်များက ပြောကြားပါသည်။

အောက်တိုဘာလ အစောပိုင်းက မြို့တော်သစ် နေပြည်တော်တွင် လုံခြုံရေး အကြောင်းပြချက်ဖြင့် ပိတ်ပင်ထားခဲ့သော မိုဘိုင်းဖုန်းများကို အစိုးရက သုံးစွဲခွင့်ပြုခဲ့ပါသည်။

ဆင်းရဲနွမ်းပါးနေသော မြန်မာနိုင်ငံကို ၁၉၆၂ ခုနှစ်မှစ၍ တပ်မတော်က အုပ်ချုပ်ခဲ့ခြင်း ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

foreignaffairs.com, By Andrew J. Nathan, 1st January 2010

မြန်မာနိုင်ငံကို ဒုက္ခပေးနေသော အကြောင်းအရာများနှင့် ပတ်သက်၍ Steinberg က အသေးစိတ် ထောက်ပြ ရှင်းလင်းခဲ့ပြီး အဓိက အကြောင်းရင်းများကို ရာဇဝင် သမိုင်းထဲတွင် အများဆုံး တွေ့ရှိရသည်ဟု ၎င်းက ဆိုပါသည်။

အတိတ် ဘုရင်စနစ်က အမွေပေးခဲ့သော အကြွင်းမဲ့ အာဏာချုပ်ကိုင်မှု၊ ထို့နောက် ကိုလိုနီခေတ်၊ ထို့နောက် ကျိုးကြောင်း ဆီလျော်မှု မရှိသော နယ်မြေ ပိုင်းခြားမှုများ၊ နိုင်ငံကို အဆိပ်အတောက်သဖွယ် အန္တရာယ်ပြုခဲ့သော တိုင်းရင်းသား လူမျိုးစုများအကြား မညီမျှသည့် ကြွယ်ဝချမ်းသာမှုများနှင့် လွတ်လပ်ရေး ရပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးစနစ် တို့ကြောင့် နိုင်ငံ၏ စွမ်းဆောင်ရည် ကျဆင်းခဲ့ရပြီး ကြီးနိုင်ငယ်ညှင်း သမိုင်းဦးခေတ်သို့ ပြန်ရောက်သွားခဲ့ရခြင်း ဖြစ်သည်။

ပတ်ဝန်းကျင် နိုင်ငံတကာ အနေအထားကလည်း နိုင်ငံကို ထိခိုက်စေခဲ့ပါသည်။ ယခင် ဝန်ကြီးဟောင်း ဦးနု၏ ပြောစကားအရဆိုလျှင် မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယနှင့် ဝေးသော်လည်း ကြောက်ရသည့် အမေရိကန်တို့အကြား ပိတ်မိနေ၍ ထိန်းချုပ်ခြင်း ခံနေရပြီး "ဆူးကြားက ဘူးခါးသဖွယ်" ဖြစ်နေခဲ့ပါသည်။

အထက်ပါ အချက်သည် အာဏာရ ခေါင်းဆောင်များအား အနောက်နိုင်ငံများနှင့် တံခါးပိတ်၍ တရုတ်ကို မှီခိုခြင်းဆီသို့ ဦးတည်စေခဲ့ခြင်း ဖြစ်ပါသည်။

အခြားသော ကြီးနိုင်ငယ်ညှင်း အာဏာရှင် နိုင်ငံများကဲ့သို့ပင် အခွင့်ရ တပ်မတော် လူတန်းစားအလွှာတစ်ခု ပေါ်ထွန်းလာပြီး ၎င်းတို့သည် တိုင်းပြည် လူဦးရေ၏ ၄ ရာခိုင်နှုန်းခန့် ရှိကာ ပြည်သူများထံမှ ကုတ်သွေးစုတ်နေခဲ့ခြင်း ဖြစ်ပါသည်။ တပ်မတော် လူတန်းစားအလွှာ သို့ ဝင်ရောက်လိုသူများစွာ ရှိသော်လည်း အနည်းငယ်သာ ရွေးချယ်ခြင်း ခံကြရပြီး ရှင်သန်နိုင်မှုအတွက် ပေးဆပ်ရသည့် တန်ဖိုးမှာ သစ္စာရှိမှုပင် ဖြစ်သည်။

တိုင်းရင်းသား လူမျိုးစု ပြဿနာများ၊ စီးပွားရေး ပြဿနာများ၊ ဥပဒေအရ တရားဝင်အစိုးရ ဖြစ်လိုသော ပြဿနာများသည် အချိန်တိုအတွင်း ထွက်ပေါက်မရှိသည့် ကြေကွဲဝမ်းနည်းဖွယ် ထောင်ချောက်အတွင်း မြန်မာနိုင်ငံကို ပိတ်မိစေခဲ့ပြီး အကျိုးရလဒ် မရရှိသော မရုတ်သိမ်းသေးသည့် အရေးယူ ပိတ်ဆို့မှုများ ချမှတ်စေခဲ့သည့် အမေရိကန် မူဝါဒကို ပေါ်ပေါက်လာစေခဲ့ခြင်း ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

CNN News, 1st January 2010

မြောက်ကိုရီးယား အနေဖြင့် ငြိမ်းချမ်းရေး အဓွန့်ရှည် တည်တံ့ရေးနှင့် ကိုရီးယား ကျွန်းဆွယ်အား နျူကလီးယား ကင်းမဲ့ဇုန် ဖြစ်ရေးအတွက် ၎င်း၏ ကတိပြုမှုများကို နှစ်သစ်ကူးနေ့တွင် ထုတ်ဝေသော နိုင်ငံပိုင် မီဒီယာများ၏ ခေါင်းကြီးပိုင်းတွင် ဖော်ပြထားသည်။

ကိုရီးယား အလုပ်သမား ပါတီနှင့် အစိုးရသည် အိမ်နီးချင်းကောင်း ပီသစွာ ဆက်ဆံရေးနှင့် အခြား တိုင်းပြည်များနှင့် ချစ်ကြည်ရေးကို တိုးတက်စေရန် လုပ်ဆောင်သွားမည် ဖြစ်ပြီး လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး အလံအောက်တွင် ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်ရေးအတွက် ကြိုးပမ်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း KCNA ၏ သတင်း ပေးပို့ချက်အရ သိရှိရပါသည်။

အဆိုပါ ခေါင်းကြီးပိုင်းသည် နိုင်ငံတကာ အသိုင်းအဝိုင်းက မြောက်ကိုရီးယား၏ နျူကလီယာ အစီအစဉ်များ ရပ်ဆိုင်းရေးအတွက် ခြောက်နိုင်ငံ ညှိနှိုင်းပွဲ ပြန်လည် ကျင်းပနိုင်ရန် ကြိုးပမ်းမှုအား မျှော်လင့်ချက်များ ရရှိစေပါသည်။

မြောက်ကိုရီးယားသည် အမေရိကန်အစိုးရနှင့် တိုက်ရိုက် စကားပြောရန်သာ တောင်းဆိုနေပြီး ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ငြင်းဆန်လျက် ရှိပါသည်။

ပြီးခဲ့သည့် ဧပြီလက ပြုံးယမ်းသည် နိုင်ငံတကာ အသိုင်းအဝိုင်းက ၎င်း၏ နျူကလီယားနှင့် ဒုံးကျည် စမ်းသပ်မှုကို ယမန်နှစ်က ဝေဖန်ခဲ့မှုကြောင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲမှ ထွက်ခွာ လာခဲ့ပါသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြားခဲ့ရာတွင် အမေရိကန်တို့သည် မြောက်ကိုရီးယားနှင့် နှစ်နိုင်ငံ တွေ့ဆုံရန် ဆန္ဒရှိကြောင်း၊ သို့သော် ခြောက်နိုင်ငံ ဆွေးနွေးပွဲ ခေါင်းစဉ်အောက်တွင်သာ တွေ့ဆုံလိုကြောင်း ဆိုခဲ့ပါသည်။ မြောက်ကိုရီးယားအနေဖြင့် ၎င်း၏ နျူကလီယား အစီအစဉ် ဖျက်သိမ်းရေးနှင့် ပတ်သက်၍ ခိုင်မာသော ခြေလှမ်းများ မပြုလုပ်မချင်း အမေရိကန် ပြည်ထောင်စု အနေဖြင့် ပြုံးယမ်းနှင့် ပုံမှန်ဆက်ဆံရေးများ ပြုလုပ်လိမ့်မည် မဟုတ်ကြောင်း၊ အရေးယူ ပိတ်ဆို့မှုများကိုလည်း ရုတ်သိမ်းပေးလိမ့်မည် မဟုတ်ကြောင်း ကလင်တန်က သတိပေးခဲ့ပါသည်။

ကိုရီးယား ကျွန်းဆွယ်နှင့် အာရှတခွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အခြေခံအကျဆုံး လုပ်ဆောင်ရမည့် အချက်မှာ မြောက်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုကြား ရန်သူသဖွယ် ဆက်ဆံရေးကို အဆုံးသတ်ရေးပင်ဖြစ်ကြောင်း သောကြာနေ့က ထုတ်ဝေသော ခေါင်းကြီးပိုင်းတွင် ဖော်ပြထားပါသည်။ ကိုရီးယားကျွန်းဆွယ်တွင် ငြိမ်းချမ်းရေး တည်တံ့ ခိုင်မြဲရေး ဖြစ်တည်မှုမှာ မြောက်ကိုရီးယား၏ ခိုင်မာသော ရပ်တည်ချက် ဖြစ်ပြီး တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုဖြင့် နျူကလီယား ကင်းမဲ့ရေးကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အချို့လေ့လာသူများက မြောက်ကိုရီးယားသည် အမေရိကန် ပြည်ထောင်စုနှင့် သဘောတူ ဆက်ဆံရေးအတွက် အချိန်ဆွဲလျက် ရှိသည်ဟု ယူဆရကြောင်း ဆိုပါသည်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှ လာသော သတင်းများအရ ပြုံးယမ်းသည် ခြောက်နိုင်ငံ ဆွေးနွေးပွဲမှ ၎င်း မထွက်ခွာမီက ရပ်ဆိုင်းရန် ပြင်ဆင်နေသော Yongbyon နျူကလီယာ စက်ရုံအား ပြန်လည် လည်ပတ်ရန် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရှိရပါသည်။ သို့သော် ၎င်းသတင်းကို အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

၂ဝဝ၉ ခုနှစ်အတွင်း ပြုံးယမ်း၏ နျူကလီယာနှင့် ဒုံးကျည် စမ်းသပ်မှုများကြောင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ ပိုမို တင်းကြပ်သော အရေးယူမှုများ ချမှတ်ခဲ့ရာ မြောက်ကိုရီးယားသည် သံတမန် ရေးရာအရ အထီးကျန် ဆန်လာမှု၊ စီးပွားရေးအရ ချွတ်ခြုံကျမှုများကို စိတ်ပျက်စပြုလာပြီဟု ယူဆရကြောင်း လေ့လာသူများက ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.