Transparency Myanmar

transparency.myanmar@gmail.com


အမျိုးသား ဒီမိုကရေစီပါတီ (NLD) သည် ပါတီတွင်း ပြန်လည် စည်းရုံးရေးနှင့် တိုးချဲ့ ဖွဲ့စည်းရေး အတွက် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ၁၁ ဦး မျက်နှာစုံညီ အစည်းအဝေး ကျင်းပရန် စိတ်အား ထက်သန်လျက် ရှိကြောင်း သတင်း ရရှိသည်။

"ဒီကိစ္စဟာ ကျွန်တော်တို့ ပါတီရဲ့ ရှေ့အနာဂတ် အစီအစဉ်နဲ့ ပတ်သက်ပါတယ်။အဲဒါကြောင့် စစ်အစိုးရက ကျွန်တော်တို့ကို မျက်နှာစုံညီ အစည်းအဝေး ပြုလုပ်ခွင့် ပေးရမှာပါ။ တကယ်လို့ သူတို့ ခွင့်မပြုခဲ့ဘူး ဆိုရင်တောင် နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့် ဥပဒေနဲ့ တခြား ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ထွက်ရှိလာရင် ကျွန်တော်တို့ အစည်းအဝေး လုပ်မှာပါ" ဟု NLD ပါတီမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ဆွေက မဇ္ဈိမသို့ ပြောကြားသည်။

"တကယ်လို့ စစ်အစိုးရက ကျွန်တော်တို့ကို အစည်းအဝေး ပြုလုပ်ခွင့် မပြုဘူးဆိုရင် NLD ရဲ့ လက်ရှိ ဗဟိုကော်မတီ အနေနဲ့ အစီအစဉ်အတိုင်း မဖြစ်မနေ လုပ်ဖြစ်အောင် ကြိုးစားသွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း အကြောင်းကြားမှာပါ" ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက် နိုင်ငံတော် ဧည့်ဂေဟာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့စဉ်အတွင်း NLD ပါတီ၏ သက်ကြီးပိုင်း ခေါင်းဆောင်များ ဖြစ်သော ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင် နှင့် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးလွန်းတင်တို့က လက်ရှိ ကော်မတီကို တိုးချဲ့ဖွဲ့စည်းရန် သဘော တူညီခဲ့ကြသည်။

နှစ်ပေါင်း ၁၄ တာမျှ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ အတွင်း စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေးသား ပေးပို့ခဲ့သည်။ မိမိအနေဖြင့် NLD ပါတီမှ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် ဗဟို အလုပ်အမှုဆောင် ကော်မတီ အဖွဲ့ဝင် ၁၁ ဦးနှင့် တွေ့ဆုံခွင့်ပြုရန် ဒေါ်အောင်ဆန်းစုကြည်က စာဖြင့် ရေးသား တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

သို့သော် စစ်အစိုးရက ယနေ့ အချိန်အထိ တွေ့ဆုံခွင့် မပြုသေးပေ။ ပါတီ ခေါင်းဆောင်ကြီးများ က NLD ဗဟို အလုပ်အမှုဆောင် ကော်မတီကို တိုးချဲ့ ဖွဲ့စည်းရန် သဘော တူခဲ့ပြီ ဖြစ်သော်လည်း ကော်မတီအနေဖြင့် အဖွဲ့ဝင် ၁၁ ဦးစလုံး မျက်နှာစုံညီ အစည်းအဝေး မပြုလုပ်ဘဲ နောက်ဆုံးပိတ် ဆုံးဖြတ်ချက် ချမှတ်၍ မရနိုင်ကြောင်း၊ ယင်းသို့ စုံညီ အစည်းအဝေး ကျင်းပရန် စစ်အစိုးရ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်း နေရဆဲ ဖြစ်ကြောင်း ဦးခင်မောင်ဆွေက ပြောပါသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နေ့တွင် NLD ပါတီက လက်ရှိ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ စာရင်းကို ထုတ်ပြန် ကြေညာခဲ့သည်။ လက်ရှိ အဖွဲ့ဝင်များမှာ ဦးအောင်ရွှေ (ဥက္ကဋ္ဌ)၊ ဦးတင်ဦး (ဒုတိယ ဥက္ကဋ္ဌ)၊ ဒေါ်အောင်ဆန်းစုကြည် (အထွေထွေအတွင်းရေးမှူး)၊ ဦးလွင် (အတွင်းရေးမှူး)၊ ဦးဝင်းတင် (အဖွဲ့ဝင်)၊ ဦးသန်းထွန်း (အဖွဲ့ဝင်)၊ ဦးစိုးမြင့် (အဖွဲ့ဝင်)၊ ဦးလှဖေ (အဖွဲ့ဝင်)၊ ဦးလွန်းတင် (အဖွဲ့ဝင်)၊ ဦးညွန့်ဝေ (အဖွဲ့ဝင်)၊ ဦးခင်မောင်ဆွေ (အဖွဲ့ဝင်) တို့ ဖြစ်ကြသည်။

Mizzima သတင်းဌာနမှ NLD keen on holding CEC plenary meet ကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 30th December 2009

အမေရိကန် ကုန်သွယ်ရေး ကော်မရှင်က တရုတ်နိုင်ငံလုပ် စတီးပိုက် သွင်းကုန်များ အပေါ်တွင် အခွန်ကောက်ခံမည့် အစီအစဉ်ကို သဘောတူလိုက်ပါသည်။

တရုတ်အစိုးရ၏ စီးပွားရေး ထောက်ပံ့ကြေးများ လျော့ပါးသွားစေရန် ရည်ရွယ် ရေးဆွဲထားသည့် အခွန်စနစ်ကို အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ကုန်သွယ်ရေး ကော်မရှင်က တခဲနက် မဲပေး ထောက်ခံခဲ့ကြပါသည်။

အကောက်ခွန်နှုန်းထားကို (၁၀%) မှ (၁၅%) အတွင်း ကောက်ခံရန် စီစဉ်နေပါသည်။

တရုတ်နိုင်ငံသည် မမျှတသော ပံ့ပိုးမှုများနှင့် ဈေးနှုန်းလျော့ချ ပြိုင်ဆိုင်မှုများကို ကျင့်သုံးသည်ဟု စွပ်စွဲထားသော အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံ တို့အကြား လတ်တလော ဖြစ်ပွားနေသော ကုန်သွယ်ရေး အငြင်းပွားမှု တသီတတန်းကြီးတွင် ယခုကိစ္စမှာ နောက်ဆုံး ဖြစ်ပွားခြင်း ဖြစ်သည်။

ပြီးခဲ့သော နိုဝင်ဘာလက တရုတ်နိုင်ငံလုပ် တာယာများ အပေါ်တွင် အမေရိကန်သည် သွင်းကုန်အခွန် (၃၅%) ကောက်ခံခဲ့ပြီး အမေရိကန် ဈေးကွက် အတွင်းသို့ အရေအတွက် ကြီးမားစွာ တင်သွင်းခဲ့ခြင်းကြောင့် ဗရမ်းဗတာ ရလဒ်များ ထွက်ပေါ်စေခဲ့သည်ဟု စွပ်စွဲလိုက်ပါသည်။

နိုဝင်ဘာလကတည်းက စီစဉ်နေခဲ့သော အဆိုပါ တရုတ်စတီးပိုက်များ အပေါ် အခွန် ကောက်ခံမည့် ကုန်သွယ်ရေးဌာနအတွက် ယခု ဆုံးဖြတ်ချက်က လမ်းရှင်း ပေးလိုက်ခြင်းပင် ဖြစ်သည်။

စတီးပိုက် သွယ်တန်းခြင်း လုပ်ငန်းသည် အမေရိကန် ပြည်ထောင်စုတွင် ကြီးမားသော စီးပွားရေးလုပ်ငန်း တစ်ခု ဖြစ်၍ တရုတ်နိုင်ငံမှ စတီးပိုက်များကို ယခင်နှစ်က ဒေါ်လာ (၂.၇၄) ဘီလျံဖိုး တင်သွင်းခဲ့ပါသည်။

၎င်းပိုက်များကို ရေနံတွင်းများတွင် အသုံးပြုခြင်း ဖြစ်ပြီး ရေနံဈေးနှုန်းများ ပြန်တက် လာခြင်းကြောင့် စတီးပိုက် ဝယ်လိုအား မြင့်တက်နေသည်ကို တွေ့ရှိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.theage.com.au, By Hamish McDonald, 5th January 2010

သြစတေးလျနိုင်ငံမှ မြန်မာနိုင်ငံသို့ ရောင်းချခဲ့သော အဆင့်မြင့် ရေဒီယိုစက်များကို စစ်တပ်အတွက် အသုံးပြုလျက် ရှိကြောင်း၊ မြန်မာစစ်တပ် စစ်ရုံးချုပ်နှင့် ဒေသဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ အကြား ဆက်သွယ်ရာတွင် အသုံးပြုကြောင်း မြန်မာနိုင်ငံအား စောင့်ကြည့်နေသူများ၏ အဆိုအရ သိရှိရပါသည်။

အဆိုပါ ရေဒီယိုများကို သြစတြေးလျနိုင်ငံ Perth တွင် အခြေစိုက်သော Barrett Communication က ထုတ်လုပ် ရောင်းချပြီး၊ ပြီးခဲ့သည့်လများ အတွင်းက နေပြည်တော်ရှိ စစ်ရုံးချုပ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် အရှေ့မြောက် ဒေသရှိ လက်နက်ကိုင် တိုင်းရင်းသားများအား တိုက်ခိုက်ရန် စစ်ဆင်ရေးများတွင် အသုံးပြုနေသည်ကို တွေ့ရှိရသည်ဟု ဆိုပါသည်။

မြန်မာအစိုးရသည် လှိုင်းမြင့် Barrelt 2050 ရေဒီယို အလုံး (၅၀) နှင့်အထက်၊ အသံများ၊ အချက်အလက်များ၊ email နှင့် ဖက်စ်များ လုံခြုံစွာ သယ်ပို့နိုင်သော Modems များကို တင်ဒါ ခေါ်ယူနေသည်ဟု သိရှိရပါသည်။

အဆိုပါ ရေဒီယိုများသည် လှိုင်းများ ခုန်နိုင်သော ဆော့ဖ်ဝဲ (frequency – hopping software) ကို အသုံးပြုထားပြီး၊ သတင်း အချက်အလက်များကို frequencies (၅၀၀) ခန့်အတွင်း လျင်မြန်စွာ ပေးပို့နိုင်ပြီး၊ အဆိုပါ အချက်အလက်များကို ကြားဖြတ် ဖမ်းယူခြင်း၊ ဖျက်ဆီးခြင်းများကို မပြုလုပ်နိုင်ကြောင်း သိရှိရပါသည်။ သို့သော် ကြားဖြတ် ဖမ်းယူခြင်း၊ ဖျက်ဆီးခြင်းများကို အဆင့်မြင့် နည်းပညာများ အသုံးပြုနေသော အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီနှင့် သြစတြေးလျ ကာကွယ်ရေးဌာန၏ ဆက်သွယ်ရေး ညွှန်ကြားရေးမှူးရုံး တို့ကသာ ပြုလုပ်နိုင်သည်ဟု ဆိုပါသည်။

Australian National University (ANU) မှ ပါမောက္ခ Desmond Ball က ပြောကြားရာတွင် ၎င်းအား ANU ၏ မဟာဗျူဟာနှင့် ကာကွယ်ရေး လေ့လာရေး ဗဟိုဌာန၏ သုတေသန ပရောဂျက်အတွက် မြန်မာစစ်တပ် ဆက်သွယ်ရေးကို လေ့လာရန်နှင့် Barrett 2050  ကို စစ်သုံးအဖြစ် မိတ်ဆက်ရန် ပြောကြားခဲ့သည်ဟု ဆိုပါသည်။

မြန်မာနိုင်ငံ၏ High Frequency ဆက်သွယ်ရေးကို စောင့်ကြည့်နေသော ရေဒီယို စတေရှင်များ၏ အဆိုအရ အဆိုပါ ရေဒီယိုများကို နေပြည်တော်နှင့် အနည်းဆုံး တိုင်းစစ်ဌာနချုပ် သုံးခုခန့် ဆက်သွယ်ရာတွင် ၂၀၀၉ ခုနှစ် တစ်နှစ်လုံး အသုံးပြုခဲ့သည်ဟု သိရှိရပါသည်။

အောက်ခြေ စစ်တပ် အဖွဲ့အစည်းများတွင် အခြား ရေဒီယိုစနစ်ကို အသုံးပြုလျက် ရှိနေသေးသော်လည်း၊ အဆင့်မြင့် စစ်တပ် အဖွဲ့အစည်းများအတွင်း ဆက်သွယ်ရာတွင် အဆိုပါ Barrett 2050 ရေဒီယိုစနစ်ကို စတင် အသုံးပြုနေသည်မှာ သံသယဖြစ်ဖွယ် မရှိဟု ဆိုပါသည်။

Barrett ၏ မန်နေဂျင်း ဒါရိုက်တာ Phil Bardshaw က ယမန်နေ့က ပြောကြားရာတွင် ၎င်း၏ကုမ္ပဏီသည် သြစတေးလျပွဲစားမှ တဆင့် မြန်မာနိုင်ငံသို့ အရပ်သုံး 2050 မော်ဒယ် ရေဒီယိုများ ရောင်းချခဲ့ဖူးကြောင်း၊ မြန်မာစစ်အစိုးရအား အရေးယူ ပိတ်ဆို့မှုများနှင့် ကိုက်ညီမှု ရှိမရှိ အကောက်ခွန် အရာရှိများ၏ အတည်ပြုချက် ရယူပြီးမှ တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၎င်းတို့ကို စစ်တပ်မှ အသုံးပြုလိမ့်မည်ဟု မထင်ကြောင်း၊ မြန်မာနိုင်ငံတွင်း ဆက်သွယ်ရေးတွင်သာ အသုံးပြုလိမ့်မည် ထင်ကြောင်း ၎င်းက ပြောပါသည်။ မိမိတို့ ရေဒီယိုများသည် စစ်သုံးအတွက် မဟုတ်ကြောင်း၊ နည်းစနစ် ပြည့်စုံသော ရေဒီယိုလည်း မဟုတ်ကြောင်း၊ ပစ္စည်း တင်ပို့သူများ သိရှိကြောင်း ၎င်းက ဆိုပါသည်။

သို့သော် မြန်မာအစိုးရက Barrett 2050 ရေဒီယိုများနှင့် မိုဒမ်းများ အလုံး (၅၀) ကျော် တင်ဒါ ခေါ်ယူသည် ဆိုသည်ကို ဟုတ်မှန်ကြောင်း Bradshaw က ပြောပါသည်။

မြန်မာစစ်တပ်အနေဖြင့် အရပ်သုံး အကြောင်းပြပြီး နှစ်မျိုး သုံးနိုင်သော နည်းပညာ အဆင့်မြင့်များကို ရယူနေသည်မှာ သိပ်မထူးဆန်းကြောင်း ပါမောက္ခ Ball က ပြောပါသည်။

အရပ်သုံး အကြောင်းပြပြီး ၎င်းတို့ အသုံးပြုနေသော fibre-optic gear များကို ဝယ်ယူခဲ့ပြီး ဖြစ်ကြောင်း၊ သို့မဟုတ်လျှင် စစ်တပ်အတွက် ဝယ်ယူ ရရှိလိမ့်မည် မဟုတ်ဟု ပါမောက္ခ Ball က ပြောပါသည်။

ယခု Frequency – hopping စနစ်သည် ကြားဖြတ် ခိုးယူခြင်းများကို မပြုလုပ်နိုင်သဖြင့် အဆိုပါ စနစ်ပါသော ရေဒီယိုများကို စစ်ရေးတွင် များစွာ အသုံးဝင်နိုင်ကြောင်း Ball က ပြောပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

          မြန်မာနိုင်ငံ တစ်လွှားရှိ ပြည်သူလူထု တစ်ရပ်လုံး၏ နေထိုင်မှု အဆင့်အတန်းများ မြှင့်တင်နိုင်ရေးအတွက် ယခုနှစ် ရွေးကောက်ပွဲတွင် အစိုးရသစ် တစ်ရပ် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်တည်း အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း မြန်မာ ထိပ်တန်း ပညာရှင်ကြီး တစ်ဦး ဖြစ်သော ဒေါက်တာ အောင်ထွန်းသက်က တိုက်တွန်း ပြောကြားလိုက်သည်။

          ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ပြီးဆုံးသည်နှင့် ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး နှင့် လူမှု ဖူလုံရေးဆိုင်ရာ ကဏ္ဍများကို ဦးစားပေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်သွားသင့်ကြောင်း ကုလသမဂ္ဂ အကြီးတန်း အရာရှိဟောင်းနှင့် စီးပွားရေးပညာရှင် ဒေါက်တာ အောင်ထွန်းသက်က ပြောကြားသည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး ဖြစ်စဉ်အတွက် ထင်သာမြင်သာရှိမှု(Transparency) များ ပိုမို လိုအပ်မည် ဖြစ်သည်ဟု ဒေါက်တာ အောင်ထွန်းသက်က ဆိုသည်။

          မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ကျင်းပသော "ကျင့်ဝတ်နှင့် ညီသော ခေါင်းဆောင်မှုနှင့် ကျင့်ဝတ်နှင့် ညီသော အဖွဲ့အစည်း"ဟု အမည်ရသည့် ဟောပြောပွဲ၌ ဒေါက်တာ အောင်ထွန်းသက်က ခေါင်းဆောင်မှု အပိုင်းနှင့် စီးပွားရေး အဝန်းအဝိုင်းတို့တွင် ကျင့်ဝတ်နှင့် ကိုက်ညီရန် လိုအပ်သည်ဟု ဆိုသည်။

          "တကယ်လို့ ခေါင်းဆောင်ပိုင်း (ထိပ်ပိုင်း) တွေမှာ  ကျင့်ဝတ်ပိုင်း အားနည်းနေမယ်ဆိုရင် လူ့အဖွဲ့အစည်းရဲ့ အောက်ခြေပိုင်းမှာ ရှိတဲ့ အခြေခံ လူတန်းစားတွေ ဆီကိုလည်း ကူးစက်သွားပါတယ်" ဟု ၎င်းက ပြောသည်။

          မြန်မာနိုင်ငံတွင် လူမှုကျင့်ဝတ် ရှိသော ကော်ပိုရိတ် (CSR) များ ထူထောင်ပေးခြင်းဖြင့် ကျင့်ဝတ်ရှိသော စီးပွားရေး အသိုင်းအဝိုင်းများ ဖြစ်ပေါ်အောင် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံအတွက် CSR မရှိမဖြစ် လိုအပ်ကြောင်း ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က အကြံပေး ပြောကြားသည်။

          မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းကြီး အတော်များများမှာ အဂတိ လိုက်စားသော စစ်အစိုးရနှင့် ဆက်စပ်လျက် ရှိသည်။ မြန်မာ့ စီးပွားရေး အခန်းကဏ္ဍတွင် လူမှုကျင့်ဝတ် သိတတ်သော ကော်ပိုရိတ်ကြီးများ မရှိသလို အဆိုပါ ကော်ပိုရိတ်ကြီးများ ထူထောင်ရန် လိုအပ်သည် ဟူသော အချက်ကိုလည်း အလေးအနက် ထားရှိခြင်း မရှိပေ။

နိုင်ငံခြားမှ လာရောက် ရင်းနှီးမြှုပ်နှံသည့် Total နှင့် Daewoo ကဲ့သို့သော ကော်ပိုရိတ်ကြီးများသာ မြန်မာပြည်တွင် ရှိသည်။

 

လူ့အဖွဲ့အစည်း တစ်ခုတွင် တာဝန် သိတတ်သော ခေါင်းဆောင်များနှင့် စီးပွားရေး လုပ်ငန်းများ ပေါ်ထွန်းရေးအတွက် မီဒီယာဟူသော အခန်းကဏ္ဍသည် လွန်စွာ အရေးကြီးကြောင်း၊ ယနေ့ခေတ်တွင် မီဒီယာများသည် လျှင်မြန်သော နှုန်းဖြင့် လည်ပတ်လျက် ရှိသလို များပြား ကျယ်ပြန့်သော ပရိသတ်ထံသို့လည်း အချိန်တိုတွင်း ရောက်ရှိနိုင်ကြကြောင်း ဒေါက်တာ အောင်ထွန်းသက်က ဆိုသည်။

          မကြာသေးခင်က ဆေးကုသမှုဆိုင်ရာ ကျင့်ဝတ်နှင့် ပတ်သက်ပြီး ဆရာဝန်များအကြား အငြင်းအခုန်ပေါင်း မြောက်မြားစွာ ဖြစ်ပေါ်စေခဲ့သည့် ရွှေဂုံတိုင် အထူးကု ဆေးခန်း(SSC) ကိစ္စကို ဥပမာပေးပြီး ၎င်းက ပြောဆိုသည်။

          လွန်ခဲ့သည့် နှစ်လခန့်က ရွှေဂုံတိုင် အထူးကုဆေးခန်းသို့  တက်ရောက်ကုသသော သွေးလွန်တုပ်ကွေး လူနာတစ်ဦးအား မှားယွင်း ခွဲစိတ် ကုသမှု ပြုလုပ်ရာ သေဆုံးမှု ဖြစ်ပွားခဲ့သည်။ အဆိုပါကိစ္စနှင့် ဆက်စပ်ပြီး ဆေးကုသမှု ဆိုင်ရာ ကျင့်ဝတ်နှင့် ပုဂ္ဂလိက ဆေးခန်းများ၏ အခန်းကဏ္ဍကို ပြည်တွင်း မီဒီယာများက မေးခွန်းထုတ် ရေးသားဖော်ပြမှုများ ပြုလုပ်ခဲ့ရာ အစိုးရက ကြားဝင် ဖြေရှင်းပေးခဲ့ရသည်။

"ဆေးဝါးကုသတဲ့ အလုပ်ပေါ်မှာ ကျင့်ဝတ်တွေ ထားရှိသလို စီးပွားရေးနဲ့ ခေါင်းဆောင်မှု အပိုင်းတွေမှာလည်း ကျင့်ဝတ်တွေ ရှိသင့်ပါတယ်" ဟု ဒေါက်တာ အောင်ထွန်းသက်က ဆိုသည်။

မှန်ကန် တိကျသော သတင်းနှင့် အင်ဖော်မေးရှင်း ရရှိရန် သာမန် လူတန်းစားများ၏ အသံကို ထုတ်ဖော် ပြောဆိုရန်လည်း လိုအပ်သည်ဟု ၎င်းက ပြောသည်။ လူငယ် မျိုးဆက်သစ်များ အနေဖြင့် မိမိ လုပ်ကိုင်နေသော လုပ်ငန်းခွင်တွင် ကျင့်ဝတ်နှင့် ကိုက်ညီအောင် ပြုမူ နေထိုင်သင့်ကြောင်း၊ မိမိ ပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်း စာရိတ္တ မြင့်မားစေရန်အတွက် လေ့လာ သင်ယူမှုများ ပြုလုပ်ရန်လည်း အထူး လိုအပ်ကြောင်း ၎င်းက တိုက်တွန်းခဲ့သည်။

          အဆိုပါ ဟောပြောပွဲကို ဇန်နဝါရီလ ၂ ရက်နေ့တွင် ကျင်းပခဲ့ပြီး ပညာရှင်များ၊ UMFCCI မှ အရာရှိကြီးနှင့် ကျောင်းသားကျောင်းသူများ အပါအဝင် ပရိသတ် ၅၀၀ ကျော် တက်ရောက် ခဲ့ကြကြောင်း သတင်း ရရှိပါသည်။

 Mizzima သတင်းဌာနမှ Economist urges reforms and transparency ကို ဘာသာပြန်ဆိုပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Straits Times, 5th January 2010

          မြန်မာနိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် ရွေးကောက်ပွဲသည် အားလုံး လက်ခံ ယုံကြည်နိုင်ရေး အတွက် သံသယရှိကြောင်း အမေရိကန် ပြည်ထောင်စုက တနင်္လာနေ့က ပြောကြားခဲ့ပြီး၊ စစ်အစိုးရအနေဖြင့် အတိုက်အခံနှင့် တိုင်းရင်းသား အဖွဲ့များနှင့် ဆက်ဆံရေး ပြုလုပ်ရန် တိုက်တွန်းခဲ့ပါသည်။

          မြန်မာအစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက (၆၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား ပေးပို့ရာတွင် မြန်မာပြည်သူများအား ၂၀၁၀ တွင် ကျင်းပ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် မှန်ကန်သော ရွေးချယ်မှုများ ပြုလုပ်ကြရန် တိုက်တွန်းခဲ့ပါသည်။

          အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Ian Kelly က ပြောကြားရာတွင်  အမေရိကန်ပြည်ထောင်စု အနေဖြင့် အတိုက်အခံရော တိုင်းရင်းသားများပါ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက် အတိုင်းအတာ တစ်ခုအထိ ချဉ်းကပ် ကြိုးစားသွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

          သို့သော် ယခုအထိတော့ ယုံကြည်ရသည့် ရွေးကောက်ပွဲ ဖြစ်နိုင်မည့် အဓိပ္ပာယ် ရှိသော ခြေလှမ်းများ မြင်တွေ့ရခြင်း မရှိသေးကြောင်း၊ Mr. Kelly က ပြောပါသည်။ အတိုက်အခံ ခေါင်းဆောင် အတော်များများသည် ထောင်ထဲတွင်ပင် ရှိနေသေးပြီး၊ နိုင်ငံရေးအရ ငြင်းခုံခွင့်လည်း မပေး၊ သတင်းစာ လွတ်လပ်ခွင့်လည်း မရှိသေးကြောင်း ၎င်းက ပြောပါသည်။

          Mr. Kelly က မြန်မာအစိုးရကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနှင့် ပတ်သက်ပြီး အလေးအနက် ဆွေးနွေးစေရန် တောင်းဆိုခဲ့ပါသည်။ သို့မှသာ အားလုံး ပါဝင်နိုင်မည့် ရွေးကောက်ပွဲအတွက် ပထမခြေလှမ်း လှမ်းနိုင်လိမ့်မည် ဖြစ်ကြောင်း ၎င်းက ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

CNN.com, 28th December 2009

          တရုတ်နိုင်ငံ၏ ၂၀၀၈ ဂျီဒီပီ ဒေါ်လာ (၄.၅) ထရီလီယံသို့ ပြန်လည် တိုးတက်လာခြင်းနှင့် အတူ အဆိုပါ နိုင်ငံသည် ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေးနိုင်ငံအဖြစ် ဂျပန်နိုင်ငံကို ကျော်တက်ရန် အဆင်သင့် ဖြစ်နေပေသည်။

          ၂၀၀၉ ခုနှစ်အတွက် ဖွံ့ဖြိုးမှုနှုန်း (၈ %) ရှိနေသော တရုတ်နှင့် ဒုတိယ ကမ္ဘာစစ်အပြီး အဆိုးဝါးဆုံး စီးပွားပျက်ကပ်မှ လွတ်မြောက်လာကာ ယခင်နှစ်က ဂျီဒီပီ (၄.၉) ထရီလီယံ ရှိခဲ့သော ဂျပန်တို့တွင် တရုတ်နိုင်ငံသည် မကြာမီ အမေရိကန် ပြီးလျှင် ဒုတိယ အကြီးဆုံး စီးပွားရေး ထုတ်လုပ်သူအဖြစ် ရပ်တည်တော့မည်ဟု စီးပွားရေး ပညာရှင်များက ခန့်မှန်းထားပါသည်။

          တရုတ်၏ ကျန်းမာသန်စွမ်းသော ကြီးထွား ဖွံ့ဖြိုးမှုကြောင့် စုစုပေါင်း စီးပွားရေး ပမာဏတွင် ဂျပန်ထက် ကျော်လွန်သွားရန် အချိန်တစ်ခုသာ လိုတော့သည်ဟု အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင်မှ သုတေသနပညာရှင် ဇူလျံဇောင်က နိုင်ငံပိုင် သတင်းဌာနသို့ ပြောကြားပါသည်။

          အကယ်၍ ဂျပန်နိုင်ငံကို ကျော်တက်နိုင်ခဲ့ပါက စိတ်လှုပ်ရှားဖွယ် (၅) နှစ် ဆက်တိုက် စီးပွားရေး မြင့်တက်ခဲ့ခြင်းသည် အောင်မြင်စွာ ပြီးစီးမည် ဖြစ်၍ ၂၀၀၅ ခုနှစ်တွင် ယူကေနိုင်ငံ၊ ၂၀၀၇ ခုနှစ်တွင် ဂျာမနီနိုင်ငံတို့ကို ဤကဲ့သို့ ခုန်ကျော်လာခဲ့ခြင်းပင် ဖြစ်သည်။

          ယခုကဲ့သို့ အဆင့်များ တက်လာခြင်း၏ အင်အားမှာ အမှန်တကယ် အရေးကြီးသည်ထက် ပို၍ စိတ်လှုပ်ရှားဖွယ် ကောင်းပါသည်။ တရုတ်၏ တဟုန်ထိုး ကြီးထွားမှုသည် ပြိုင်ဘက်များကို အကြွင်းမဲ့ အနိုင်ယူခြင်း မဟုတ်ဘဲ ဂိမ်းသစ်တစ်ခု ဖန်တီးပေးခြင်းအဖြစ် ထင်ဟပ်နေပါသည်။ တရုတ်၏ အောင်မြင်မှု ရလဒ်များသည် ကမ္ဘာ့ထိပ်တန်း စီးပွားရေး နိုင်ငံများအကြား တူညီသော စီးပွားရေး ဆုံးရှုံးမှုများ၏ အကြောင်းရင်း မဟုတ်ပါ။ တရုတ်နိုင်ငံ၏ ကြီးထွားမှုသည် ကမ္ဘာတစ်ဝှမ်းရှိ ဖွံ့ဖြိုးပြီး စီးပွားရေးနိုင်ငံများ အားလုံးအတွက် အကျိုးကျေးဇူး ရရှိစေမည် ဖြစ်ပါသည်။

          တရုတ်နိုင်ငံ၏ စီးပွားရေးအဆင့် သတ်မှတ်ချက် မြင့်တက်လာခြင်း၏ စိတ်ဆန္ဒ ပြင်းပြမှုများမှာ ယခုတိုင် အားကောင်းနေဆဲ ဖြစ်ပါသည်။ တရုတ်သည် ဂျပန်နိုင်ငံကို ဖြတ်ထားနိုင်ခဲ့ပြီ ဆိုသည့်အချက်သည် အငြင်းပွားသဖွယ် အကြောင်းအရာတစ်ခု ဖြစ်နေသော်လည်း ယခုတပတ် ဖွင့်လှစ်ခဲ့သော ဝူဟမ်းဂွမ်ဇိုး ကျည်ဆံရထားလမ်းက တချိန်က စစ်ပြီးခေတ် ဂျပန်နိုင်ငံတွင် ဂုဏ်ယူစရာတစ်ခု ဖြစ်ခဲ့သော ကမ္ဘာ့အမြန်ဆုံး ရထားများကို တရုတ်နိုင်ငံက ပိုင်ဆိုင်ပြီ ဖြစ်ကြောင်း ပြသနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

          ပြီးခဲ့သော တနင်္ဂနွေနေ့က တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် ၎င်း၏ အာဏာရ သက်တမ်းအတွင်း ခပ်ပြင်းပြင်း ကြေညာချက်ကို ထုတ်ပြန်ခဲ့ရာ တရုတ် ငွေကြေး တန်ဖိုးကို နှုန်းရှင်ထားရန် ပြည်ပက ဖိအားပေးမှုများကို တရုတ်က အလျှော့ပေးမည် မဟုတ်ကြောင်း ပြောကြားခဲ့ပြီး ၎င်း၏ ထိပ်တန်း ကုန်သွယ်ဖက် နိုင်ငံများထံမှ ရာသီဥတုဆိုင်ရာ ပြစ်တင် ဝေဖန်မှုများကိုလည်း လက်သံပြောင်ပြောင် တုန့်ပြန်မည် ဖြစ်ကြောင်း သွယ်ဝိုက် ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။

          အကယ်၍ တရုတ်နိုင်ငံသည် ဂျပန်ကို ကျော်လွှားပြီးခဲ့ပါက အမေရိကန်ကိုပါ ကျော်ဖြတ်ဦးမည်လောဟု မေးခွန်းထုတ်ခဲ့ရာ စီးပွားရေးပညာရှင် အများစုက ခေါင်းညိတ် ခဲ့သော်လည်း မကြာမီ အတောအတွင်း မဖြစ်နိုင်သေးဟု ပြောကြားခဲ့ပါသည်။

          လက်ရှိ တရုတ်နိုင်ငံ၏ စီးပွားရေးသည် အမေရိကန် ပြည်ထောင်စု စီးပွားရေး၏ သုံးပုံတစ်ပုံခန့်သာ ရှိသေး၍ လာမည့် ၂၀၂၅ ခုနှစ်တိုင်အောင် အမေရိကန်အား စုစုပေါင်း စီးပွားရေး ထုတ်လုပ်မှုတွင် ကျော်ဖြတ် အနိုင်ယူခြင်းကို မြင်တွေ့ရမည် မဟုတ်ဟု ကွန်ဆာဗေးတစ်များက ခန့်မှန်းထားပါသည်။

          အရေးကြီးသည့် ကိစ္စမှာ တစ်ဦးချင်း ထုတ်လုပ်မှုပင် ဖြစ်သည်။ ယခု တရုတ်နိုင်ငံ ကိစ္စတွင် စုစုပေါင်း ထုတ်လုပ်မှုကို လူဦးရေး သန်း (၁၃၀၀) ဖြင့် မျှခြေ ပြန်စားနေရခြင်း ဖြစ်သည်ဟု အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင်မှ ဇူလျံဇောင်၏ နိုင်ငံပိုင် သတင်းဌာနသို့ ပြောကြားချက်မှာ အရေးတကြီး ထည့်သွင်း စဉ်းစားရမည့် ကိစ္စဖြစ်ပါသည်။

          အကယ်၍ စုစုပေါင်း စီးပွားရေး ထုတ်လုပ်မှုတွင် ကျော်တက်နိုင်ခဲ့သည့် တိုင်အောင် တရုတ်နိုင်ငံ၏ ၂၀၀၈ ပျမ်းမျှ တစ်ဦးချင်း ဝင်ငွေမှာ ဒေါ်လာ (၃၂၀၀) သာ ရှိပြီး ဂျပန်နိုင်ငံက ဒေါ်လာ (၃၈၀၀၀) ရှိသည်ကို နှိုင်းယှဉ် တွေ့ရှိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB, 4th January 2009

          စစ်အစိုးရကို ထောက်ခံသော ကရင်စစ်တပ်သည် ကျေးရွာခေါင်းဆောင်နှင့် ရွာသားအချို့ကို ဖမ်းဆီး နှိပ်စက်ကြောင်း၊ ၎င်း၏ တပ်မှ တပ်သားအချို့ ဆန့်ကျင်ဖက်အဖွဲ့သို့ ထွက်ပြေးသွား သောကြောင့် ဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောကြားခဲ့ပါသည်။

          ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ် (DKBA) သည် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ ကျေးရွာမှ ရွာသားများသည် ပြီးခဲ့သည့်အပတ်က DKBA မှ အဖွဲ့ဝင် (၆) ဦး KNU သို့ ထွက်ပြေးရာတွင် အကူအညီများ ပေးခဲ့သည်ဟု စွပ်စွဲခဲ့ပါသည်။

          အစွမ်ရွာမှ ထွက်ပြေးလာသော ရွာသားအချို့က ပြောကြားရာတွင် ဇန်နဝါရီလ (၂)ရက်နေ့တွင် DKBA မှ အင်အား (၄၀) ခန့်နှင့် မြန်မာစစ်တပ်မှ အင်အား (၆၀) ခန့်သည် ရွာသို့ ရောက်လာပြီး အိမ်များကို စတင် နှိပ်စက်ကြောင်း ပြောပါသည်။

          ရွာခေါင်းဆောင် ဒေါ်ကလဲ အား ဖမ်းဆီးပြီး ထွက်ပြေးသွားသော အဖွဲ့ဝင်များ ယူဆောင်သွားသော လက်နက်များအတွက် လျော်ကြေးပေးရန် တောင်းဆိုခဲ့ကြပါသည်။

          DKBA နှင့် အစိုးရတပ်များသည် ဇန်နဝါရီလ (၁) ရက်နေ့ မနက်က ရွာသားများအား ပစ်ခတ်ခဲ့ရာ တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုပါသည်။

          စစ်တပ်က အဆိုပါ ရွာသားကို ရွာအပြင်၌ ကွမ်းသီး ကောက်နေသည်ကို တွေ့ရာ လက်မောင်းကို သေနတ်ဖြင့် ပစ်ခတ်ပြီး စစ်ဆေး မေးမြန်းခဲ့သည်ဟု ဆိုပါသည်။

          ကျေးရွာအစိုးရ ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အုန်းစင် အိမ်ကိုလည်း ပစ်ခတ်သဖြင့် ထွက်ပြေးခဲ့ရကြောင်း ပြောကြားပါသည်။

          DKBA သည် KNU မှ ၁၉၉၅ ခုနှစ်က ခွဲထွက်ပြီး အစိုးရ၏ မဟာမိတ်အဖြစ် ရပ်တည်ခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

          မြန်မာနိုင်ငံ အစိုးရဌာနများမှ လစာငွေ ပမာဏ အနည်းငယ်သာ ရရှိသော အစိုးရ ဝန်ထမ်း များကို စစ်အစိုးရက လစာငွေ တိုးမြင့် ပေးသွားမည် ဖြစ်ကြောင်း စစ်အစိုးရ အရာရှိတစ်ဦးက ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြောကြားသည်။

စစ်အစိုးရက ပေးမည့် လစာငွေ နှုန်းထားသစ်အရ လစာငွေ ၁၅၀၀၀ကျပ် (စင်ကာပူ ၂၁ ဒေါ်လာ) မှ အလယ်အလတ် နှုန်းထား ဖြစ်သည့် ၈၀၀၀၀ ကျပ် ရရှိလျက် ရှိသော နိုင်ငံ့ဝန်ထမ်းများအား တစ်လလျှင် ၂၀၀၀၀ စီ ပုံသေ တိုးမြှင့် ပေးသွားမည် ဖြစ်ကြောင်း အမည်မဖော်လိုသူ စစ်အစိုးရ ဝန်ထမ်းတစ်ဦးက ပြောသည်။

စစ်အစိုးရက လစာငွေ တိုးမြှင့်မည့် ကိစ္စကို တရားဝင် ထုတ်ဖော် ကြေညာခြင်း မရှိသော်လည်း လစာတိုးမြှင့်မည့် ကိစ္စနှင့် ပတ်သက်သော ဖြန့်ဝေစာများကို ဝန်ထမ်းများက တွေ့မြင်ထားပြီး ဖြစ်သည်ဟု ဆိုသည်။

ယခု တိုးမြှင့်မည့် အစီအစဉ်တွင် လစာငွေ တစ်သိန်းနှင့် အထက် ရရှိသော ဝန်ထမ်းများ ပါဝင်မည် မဟုတ်ပေ။

ယင်းသို့ လစာ တိုးမြှင့်ပေးခြင်းသည် အစိုးရဌာနတွင်း မကျေနပ်ချက်များကို နှစ်သိမ့်ပေးသည့် သဘောမျိုး ဖြစ်သလို ယခုနှစ်တွင် ကျင်းပရန် ရှိသည့် ရွေးကောက်ပွဲအတွက် အစိုးရက ပြည်သူလူထုထံမှ ထောက်ပံ့မှု ရရှိအောင် ကြိုးပမ်းသည့် သဘောလည်း ဖြစ်နိုင်သည်။

 AP သတင်းဌာန၏ Myanmar to boost salaries ကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

          အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့(အာဆီယံ) ဝင် နိုင်ငံ ခြောက်နိုင်ငံသည် ယခုအခါ နယ်စပ်ဒေသမှ ဝင်ရောက်သော ကုန်ပစ္စည်း ထောင်ပေါင်း မြောက်မြားစွာအပေါ် အခွန်ကောက်ခံမှု ရပ်ဆိုင်းလိုက်ပြီ ဖြစ်ရာ ဒေသတွင်း တစ်ခုတည်းသော ဈေးကွက်မျိုး စတင် ထူထောင်ရန် နီးစပ်လာပြီဟု ဆိုနိုင်ပါသည်။

               ယခု ၂၀၁၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်မှ စ၍ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ နှင့် ဘရူနိုင်း တို့သည် သွင်းကုန် အမျိုးအစားပေါင်း ၇၈၈၁ မျိုးအပေါ် အခွန်စည်းကြပ် ကောက်ခံမှုအား ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

အာဆီယံ အတွင်းရေးမှူး၏ အဆိုအရ နောက်ဆုံးအဆင့် ဝယ်ယူ သုံးစွဲသူများထံသို့ ရောက်ရှိမည့် ကုန်ပစ္စည်းများ ဖြစ်သော အဲယားကွန်း (လေအေးပေးစက်)၊ ငရုပ်သီး၊ ငါး နှင့် ပဲပိစပ် အချဉ်ရည် အပါအဝင် အလတ်စား ကုန်ပစ္စည်းများ ဖြစ်သည့် မော်တော်ဆိုင်ကယ် အပိုပစ္စည်းများ၊ မော်တာစလင်ဒါများ အပေါ် အခွန် ကောက်ခံမှုကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

          စက်သုံးပစ္စည်းများ၊ အသင့်ပြင်ပြီးသား စားသောက်ကုန်များ၊ သံ၊ စတီး၊ ပလတ်စတစ်၊ စက်ပစ္စည်း၊ ဓာတုပစ္စည်း၊ စက္ကူ၊ ဘိလပ်မြေနှင့် မှန် အပါအဝင် အခြားသော ထုတ်ကုန်များလည်း သွင်းကုန် အခွန် စည်းကြပ်မှုမှ ကင်းလွတ်ခွင့်ရမည် ဖြစ်သည်။

နောက်ဆုံးအဆင့် စီစဉ် ဆောင်ရွက်ချက်အရ ယခင် သွင်းကုန်အခွန် စည်းကြပ် ကောက်ခံခြင်း ခံခဲ့ရသော ကုန်ပစ္စည်း အမျိုးပေါင်း ၅၄၄၅၇ အား အခွန် ကင်းလွတ်မှုဖြင့် လွတ်လပ်စွာ တင်ပို့ ရောင်းချခွင့် ရရှိပေလိမ့်မည်။  အဆိုပါ ကိန်းဂဏန်းသည် အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှု ဧရိယာ အတွက် ပြဋ္ဌာန်း သတ်မှတ်ထားသော ဦးစားပေး ကုန်ပစ္စည်းများ၏ ၉၉ ဒဿမ ၁ ရာခိုင်နှုန်း ဖြစ်သည်။

          ယခု နောက်ဆုံး သွင်းကုန် စည်းကြပ်ခွန် လျှော့ချမှု အစီအစဉ်နှင့်အတူ အဆိုပါ အာဆီယံ ခြောက်နိုင်ငံအတွက် ပျမ်းမျှ အခွန်စည်းကြပ် ကောက်ခံမှု နှုန်းများလည်း တဖြည်းဖြည်းချင်း လျော့ကျလာဖွယ် ရှိသည်။

          ယခု သွင်းကုန်ခွန် စည်းကြပ်မှု လျှော့ချရေး အစီအစဉ်တွင် မပါဝင်သော အခြားအာဆီယံ အဖွဲ့ဝင်များ ဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် အစရှိသည့် နိုင်ငံများအား ကုန်သွယ်မှု လမ်းကြောင်း ဖွင့်ပေးထားပြီ ဖြစ်သည်။ သို့သော် အဖွဲ့ဝင်သစ်များ တိုးလာခြင်း၊ စီးပွားရေးတွင် ဖွံ့ဖြိုးမှု အလွန် နိမ့်ကျနေခြင်း တို့ကြောင့် အဆိုပါ နိုင်ငံများ အနေဖြင့် ကုန်သွယ်မှု အဟန့်အတားများကို ရုတ်ချည်း ဖယ်ရှားပေးရန် လိုမည် မဟုတ်ပေ။

          အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှုအရ အဆိုပါ နိုင်ငံ လေးနိုင်ငံသည် ၂၀၁၅ ခုနှစ်မှ စ၍ အလားတူ သွင်းကုန် အခွန်စည်းကြပ် ကောက်ခံမှုများကို စတင် ဖယ်ရှားပေးရမည် ဖြစ်သည်။

          အာဆီယံ အတွင်းရေးမှူးရုံးမှ ရသော သတင်း အချက်အလက်များအရ ၂၀၀၈ ခုနှစ်အတွင်း အာဆီယံ ဒေသတွင်း ကုန်ပစ္စည်းများ တင်သွင်းမှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၂ ဒဿမ ၆၆ ဘီလီယံထိ ရောက်ရှိခဲ့သည်။ အာဆီယံ အထွေထွေ အတွင်းရေးမှူး ဆူရင်ပစ်ဆာဝမ်က ယခု သွင်းကုန် အခွန်စည်းကြပ်မှုများ လျှော့ချပေးလိုက်ခြင်းကြောင့် ဒေသတွင်း တစ်ခုတည်းသော ဈေးကွက်ပုံစံကို ဖော်ဆောင်နိုင်မည် ဖြစ်သလို ထုတ်ကုန် အခြေပြု အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) ကိုပါ အကောင်အထည် ဖော်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

          ယခုကဲ့သို့ အခွန်စည်းကြပ်မှု လျှော့ချပေးခြင်းမှ ဖြစ်ပေါ်လာမည့် အမှန်တကယ် အကျိုးသက်ရောက်မှုနှင့် စားသုံးသူများအတွက် မည်၍ မည်မျှ အကျိုးသက်ရောက်မှု ထွက်စေမည် ဟူသော ကိစ္စမှာ အာဆီယံ ခြောက်နိုင်ငံ၏ ဈေးကွက်အင်အားပေါ်တွင် မူတည်ကြောင်း ဆူရင်ပစ်ဆာဝမ်က ပြောပါသည်။

 Phillippine Daily Inquirer မှ Asean scraps duties on 8000 products ကို ဘာသာပြန်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

http://myanmarbaydinsayar.blogspot.com/2010/01/blog-post.html  မှ ကူးယူဖော်ပြပါသည်။


          ၂၀၁၀ ပြည့်နှစ် မြန်မာနိုင်ငံသည် ထူးခြား ဆန်းပြားသော အတွေ့အကြုံမျိုးစုံကို တစ်ပြိုင်နက် ခံစားရရှိမည့် အချိန်အခါ ဖြစ်သည်။ ပဋိပက္ခမျိုးစုံကို မြင်တွေ့ရမည် ဖြစ်သကဲ့သို့ ကောင်းကျိုး အဖုံဖုံကို မြင်တွေ့ရမည့် သဘောဖော်ပြနေပေရာ နက္ခတ္တ ပညာသဘောအရ နက်နဲသောဂြိုဟ်နေဖြစ်လေ၏။

များစွာ သိသာထင်ရှားသည်မှာ မြန်မာနိုင်ငံ၏ အပြောင်းအလဲများကို နိုင်ငံတကာ ကလည်းကောင်း၊ မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ အင်အားစုများက လည်းကောင်း ကျေနပ်နိုင်ခြင်း မရှိသောကြောင့် အကျပ်အတည်းမျိုးစုံကို ဖန်တီးကြလိမ့် မည်ဟူသည့်သဘော မြင်ရခြင်းဖြစ်၏။

ဝသဖလ ဂြိုဟ်၏ အင်္ဂါဂြိုဟ်သည် ကိုးတန့်တွင်နေ၍ လဂ်ကို ၅တန့် အပြည့်မြင်ထားရာ စစ်တပ်သည် နိုင်ငံ၏ ကောင်းရာ ကောင်းကျိုးကို ဆောင်ကြဉ်းလိမ့်မည်ဟူ၏။ မြန်မာ လွတ်လပ်ရေး ဇာတာ၏ စနေဂြိုဟ်သည် အဆိုပါ အင်္ဂါဂြိုဟ်ကို သွား၍ ပူးယှဉ်နေရာ စစ်မက် သဘောတရားများ စစ်တပ် အတွင်း၌လည်း ပဋိပက္ခများ ရှိလိမ့်မည် ဟူ၏။ သို့သော် အဆိုပါ စနေဂြိုဟ်သည် ဝသဖလ လဂ်ကို ၅ တန့် အပြည့်မြင်ထားရာ ဗိုလ်ချုပ်မှူးကြီးသည် သဘောကောင်းစွာ ကောင်းကျိုးများကို ဆောင်ကြဉ်း ဖွယ်ရှိ၏။

စစ်အစိုးရသည် နိုင်ငံအတွက် ကောင်းကျိုးများ ဆောင်ကြဉ်းမည်ဟု ပြထားသော်လည်း အတိုက်အခံ အင်အားစုများကို မူ ဖိနှိပ်ထားလိမ့်မည်ဟု လေးတန့်တွင် ရှိနေသော ယူရေးနပ်ဂြိုဟ်က ပြဆို၏။

မတ်လကုန်ပိုင်းသည် မြန်မာနိုင်ငံ၏ အနာဂတ် နိုင်ငံရေး အုတ်မြစ်များ ချမည့် အချိန်ဖြစ်သည်။ ယနေ့ဖြစ်နေသော အငြင်းအခုံ အားလုံးရပ်ဆိုင်း သွားတော့မည် ဖြစ်ပြီး သဘောထား တင်းမာသူ အားလုံး စစ်ဘက်၊ ဒီမိုကရေစီဘက် နှစ်ဘက်လုံးတွင် နိုင်ငံရေးမှ ထွက်သွား ကြရမည့် အချိန် ဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားများ အားလုံးလည်း လွတ်မြောက်လာကြလိမ့်မည်။ မထင်မှတ်သော အပြောင်းအလဲ များလည်း မြင်ကြရလိမ့်မည်။

ဝသဖလ ဇာတာ၏ လဂ်ကို လွတ်လပ်ရေး ဇာတာ ကြာသပတေးဂြိုဟ်က ပူးယှဉ်ထားပြီး ဝသဖလ ကြာသပတေးက အကောင်းမြင်ထားရာ မြန်မာနိုင်ငံ၏ နိုင်ငံရေးသည် အဆုံးသတ် ကောင်းလိမ့်မည်ဟု ဆိုနိုင်ပါသည်။

ဝသဖလ ဇာတာ၏ တနင်္ဂနွေဂြိုဟ်သည် သောကြာဂြိုဟ်နှင့် ပူးယှဉ်ထားရာ အတိုက်အခံများ ဖိနှိပ်ခံရသည့်တိုင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရတို့ နားလည်မှု ရလိမ့်မည်ဟု ဖော်ပြပါ၏။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.