Transparency Myanmar

transparency.myanmar@gmail.com

မလေးရှားနိုင်ငံ၏ Air Asia နှင့် သြစတြေးလျ အခြေစိုက် Jet Star လေကြောင်းလိုင်းတို့က  အာရှ ခရီးသည် ပို့ဆောင်ရေးနှင့် လေယာဉ်ဝယ်ယူရေး ကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်ပြီး   ဘဏ္ဍာရေး အကျပ်အတည်း ချောင်လည်စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါသည်။

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် သဘော တူညီချက် တစ်ရပ်ကို ဗုဒ္ဓဟူးနေ့က လက်မှတ် ရေးထိုးခဲ့ကြကြောင်း၊ အဆိုပါ သဘောတူညီမှု၏ အဓိက အချက်မှာ Air Aisa နှင့် Jetstar တို့အနေဖြင့် ကိုယ်ထည် သေးငယ်သော လေယာဉ်များကို အသုံးပြုသွားရန် ဖြစ်ကြောင်း သိရသည်။

အာရှရှိ ဈေးနှုန်း ချိုသာသော လေကြောင်းလိုင်းများတွင် ပါဝင်သော အဆိုပါ လေကြောင်းလိုင်း နှစ်ခု ပူးပေါင်းပြီး လေယာဉ် အများအပြား ဝယ်ယူပါက လေယာဉ် တစ်စင်းချင်းစီ အတွက် ကုန်ကျစရိတ် သက်သာပေမည်။

သြစတြေးလျ၏ Qantas လေကြောင်း လီမိတက်ပိုင် Jetstar လေကြောင်းနှင့် မလေးရှား၏ Air Asia လေကြောင်းတို့သည် သြစတြေးလျနှင့် အာရှရှိ လေဆိပ်များတွင် ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းများကို သာမက လေယာဉ် အပိုပစ္စည်း ဝယ်ယူရေး ကိစ္စများတွင်ပါ ပူးပေါင်း ဆောင်ရွက်ကြမည်ဟု ဆိုသည်။

အဆိုပါ လေကြောင်းလိုင်း နှစ်ခု ပူးပေါင်းပြီး အသုံးစရိတ် နည်းပါးစေမည့် နည်းလမ်းများ ရှာဖွေကာ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းမှ အတန်အသင့် ပြန်လည် နာလန်ထူစေရန် မည်သို့ပင် ကြိုးပမ်းနေစေကာမူ ခရီးသွား လုပ်ငန်းများမှာ ကျဆင်းလျက်ပင် ရှိနေသေးသည်။

နိုင်ငံတကာ လေကြောင်း ပို့ဆောင်ရေးအဖွဲ့၏ ခန့်မှန်းချက်အရ ကမ္ဘာ့လေကြောင်း ပို့ဆောင်ရေး လုပ်ငန်း၏ ဆုံးရှုံးမှုသည် ၂၀၀၉ ခုနှစ်တွင် ဒေါ်လာ ၁၁ ဘီလီယံ ရှိမည်ဟု ခန့်မှန်းခဲ့သော်လည်း အမှန်တကယ်တွင် ဒေါ်လာ ၅ ဒဿမ ၆ ဘီလီယံ နီးပါးသာ ရှိခဲ့ကြောင်း သိရသည်။

Air Asia သည် စရိတ် သက်သာသော လေကြောင်းလိုင်းအဖြစ် လည်ပတ်ခဲ့သဖြင့် လွန်ခဲ့သောနှစ် ကိုးလပိုင်း ကာလအထိ အရှုံးမရှိ အမြတ်ပေါ်ခဲ့သည်။ Qantas လေကြောင်းကမူ ၂၀၀၉ ခုနှစ်၊ ပထမ ခြောက်လပိုင်းတွင် အရှုံးပေါ် ခဲ့သော်လည်း ဒုတိယ ခြောက်လပိုင်းတွင် အမြတ်ပေါ်ခဲ့သည်။ "Jetstar နဲ့ Air Asia လေကြောင်းလိုင်းတွေဟာ အပြိုင်အဆိုင်များတဲ့ ကမ္ဘာ့လေကြောင်း စီးပွားရေး ဈေးကွက်ထဲမှာ မက်လောက်စရာ အောင်မြင်မှုတွေ ရသွားနိုင်တယ်" ဟု Qantas လေကြောင်းဥက္ကဋ္ဌ အေလင်ရွိုက်စ်က ပြောပါသည်။

"Jetstar နဲ့ Air Asia လေကြောင်းလိုင်း နှစ်ခုဟာ အာရှ - ပစိဖိတ် ဒေသမှာ
တခြားလိုင်းတွေက မယှဉ်နိုင်လောက်အောင် မြင့်မားနေပြီး ဒီစံချိန်ကို အမြင့်ဆုံး ရောက်အောင် လုပ်နိုင်မယ် လို့လည်း ယူဆပါတယ်" ဟု ၎င်းက ဆိုသည်။

အဆိုပါ လေကြောင်းလိုင်း နှစ်ခု ပူးပေါင်း ဆောင်ရွက် သဘောတူညီချက်သည် အကျိုးအကြောင်း ဆက်စပ်မှု ရှိပြီး မှန်ကန် သင့်လျော်သော တိုးတက် ဖြစ်ထွန်းမှု တစ်ရပ် ဖြစ်ကြောင်း Air Asia ဥက္ကဋ္ဌ က ပြောကြားသည်။

ဤသို့ ပူးပေါင်း ဆောင်ရွက်ခြင်းကြောင့် ကမ္ဘာ့စီးပွားရေး နာလန်ထူချိန်တွင် ကမ္ဘာ့စရိတ် အသက်သာဆုံး လေကြောင်းလိုင်းအဖြစ် စနစ်တကျ ရပ်တည်သွားနိုင်မည်ဟု Air Asia ဥက္ကဋ္ဌက ယုံကြည်လျက် ရှိသည်။

အာရှ - ပစိဖိတ်ဒေသသည် တိုးတက်သော လေကြောင်း ပို့ဆောင်ရေး ဈေးကွက်တွင် တစ်ခု အပါအဝင် ဖြစ်ပြီး ပို့ဆောင်ရေး နှုန်းထားများ လျှော့ပေါ့ကာ ဈေးကွက်တွင် သူမတူသည့်
မက်လုံးများဖြင့် ယှဉ်ပြိုင်နိုင်သောကြောင့် လေကြောင်းကုမ္ပဏီ ရှယ်ယာဝင်များ၊ ဖောက်သည်များ အတွက် အကျိုးအမြတ် ပိုမို ရရှိလာနိုင်သည်ဟု ဈေးကွက်ကျွမ်းကျင်သူ စီးပွားရေး သုတေသီ ဘင်ပေါလ်တာက ဆိုသည်။

အဆိုပါ လေကြောင်းလိုင်း နှစ်ခု ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ကြေညာချက် ထွက်ပေါ်လာပြီးနောက် Qantas လေကြောင်းသည် မူလက ရှယ်ရာ ၁ ဒဿမ ၇ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၃ ဒဿမ ၀၁ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့သည်။

AP သတင်းဌာန၏ Air Asia, Jetstar Form Low Cost Airline Alliance ကို ဘာသာပြန်ဆိုပါသည်။

RFA, 5th January 2010

          အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် သံသယ ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး မြန်မာ အစိုးရအား တိုင်းရင်းသားများ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံများနှင့် ညှိနှိုင်း ဆွေးနွေးရန် တောင်းဆိုခဲ့ ပါသည်။

          "အခု အချိန် အထိတော့ အားလုံး လက်ခံ ယုံကြည်ရမယ့် ရွေးကောက်ပွဲ ဖြစ်ရေး အတွက် မြန်မာအစိုးရရဲ့ အဓိပ္ပါယ် ရှိတဲ့ ခြေလှမ်းတွေကို မတွေ့ရသေးပါဘူး" ဟု အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Ian Kelly က ပြောကြားခဲ့ပါသည်။

          "အတိုက်အခံ ခေါင်းဆောင် အတော်များများဟာ ထောင်ထဲမှာပဲ ရှိနေဆဲ ဖြစ်ပြီး၊ နိုင်ငံရေး ဆန့်ကျင်မှု သော်လည်းကောင်း၊ ငြင်းခုံမှုကို သော်လည်းကောင်း လုပ်လို့ မရပါဘူး။ သတင်းစာ လွတ်လပ်ခွင့်လည်း မရှိ သေးပါဘူး" ဟု ၎င်းက ဆက်ပြောပါသည်။

          အတိုက်အခံ အဖွဲ့ဝင်များကလည်း ၂၀၁၀ တွင် ကျင်းပ ပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် သံသယ ရှိနေဆဲ ဖြစ်ပါသည်။

          ရွေးကောက်ပွဲသည် ပြောင်းလဲမှုကို ယူဆောင် လာလိမ့်မည် ဖြစ်ပြီး၊ ဒီမိုကရေစီ အင်အားစုများကို ၎င်းတို့ ရည်မှန်းချက်များ အကောင်အထည် ဖော်ခွင့် ရလိမ့်မည်ဟု အများက မျှော်လင့် နေကြကြောင်း ၁၉၉၀ ခုနှစ်က ရွေးချယ် ခံရသော လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းက ပြောပါသည်။

          သို့သော် ရွေးကောက်ပွဲသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံ၍ ပြုလုပ်မည် ဆိုပါက ဒီမိုကရေစီ ပြောင်းလဲမှုများအတွက် မျှော်လင့်၍ ရလိမ့်မည် မထင်ကြောင်း သူမက အင်တာဗျူးတွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။

          အဝေးရောက် NCGUB မှ ဝန်ကြီးတစ်ဦး ဖြစ်သူ ဦးတင့်ဆွေက ပြောကြားရာတွင် အစိုးရသည် အတိုက်အခံများကို မဲဆွယ်ရန် အချိန် အနည်းငယ်သာ ပေးရန် တမင် ရည်ရွယ် ပြုလုပ်နေသည်ဟု ယုံကြည်ကြောင်း ပြောခဲ့ပါသည်။

          ၁၉၈၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ဖူးသည်မှာ ပါတီတစ်ခုသည် ရွေးကောက်ပွဲအတွက် နှစ်နှစ်ခန့် ပြင်ဆင်ရန် လိုအပ်ကြောင်း ယခုအချိန် ဘယ်လောက်ရမည် ဆိုသည်ကို မသိရကြောင်း၊ ထိုအချက်သည် ပါတီများအတွက်ရော ပြည်သူများ အတွက်ရော မကောင်းကြောင်း၊ အစိုးရက တမင် ရည်ရွယ် လုပ်ဆောင်နေပုံ ရကြောင်း ၎င်းက ပြောပါသည်။

          တစ်ချိန်တည်းတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း ပြည်သူများကို ရွေးကောက်ပွဲတွင် မှန်ကန် သော ရွေးချယ်မှုများ ပြုလုပ်ကြရန် တိုက်တွန်းခဲ့သော်လည်း၊ မည်ကဲ့သို့သော မှန်ကန်သော ရွေးချယ်မှု ဆိုသည်ကို အဓိပ္ပါယ် ဖွင့်ဆိုခဲ့ခြင်း မရှိပေ။

          လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာတွင် ၎င်းက အစိုးရ၏ ဒီမိုကရေစီသို့ လမ်းညွှန် မြေပုံ ၇ ဆင့်သည် အသွင် ကူးပြောင်းရေး ကာလအတွက် တစ်ခုတည်းသော လုပ်ငန်းစဉ် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

          သို့သော် ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကိုမူ သတ်မှတ်ခြင်း မရှိသေးပါ။ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲတွင် အနိုင် ရခဲ့သော်လည်း အာဏာ မရရှိခဲ့ဘဲ ဒေါ်အောင်ဆန်းစုကြည်သည်လည်း နိုင်ငံတကာမှ လွှတ်ပေးရန် တောင်းဆို နေသည့်ကြားမှ ဆယ်စုနှစ် နှစ်ခုနီးပါး နေအိမ် အကျယ်ချုပ် ချထားခြင်း ခံခဲ့ရပါသည်။

          အမေရိကန် သမ္မတ Barack Obama အစိုးရကလည်း မြန်မာနိုင်ငံ အပေါ် ဆယ်စုနှစ် နီးပါး အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ရာတွင် မအောင်မြင်သောကြောင့်၊ နည်းလမ်း အသစ်ကို ကျင့်သုံးခဲ့ပါ သည်။

          အမေရိကန် ဆီးနိတ် နိုင်ငံခြားရေးရာ ဆပ်ကော်မတီ၊ အရှေ့အာရှနှင့် ပစိဖိတ် ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဆီနိတ်တာ Jim Webb က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရွေးကောက်ပွဲ ကတိကဝတ်ကို ကျေနပ်ကြောင်း ပြောကြားခဲ့ပါသည်။

          Jim Webb သည် ၂၀၀၉ ခုနှစ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ရှားရှားပါးပါး တွေ့ခွင့်ရခဲ့စဉ်က ၎င်း၏ အမြင်ကို ပြောကြားခဲ့ရာတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသည် ရွေးကောက်ပွဲတွင် အကူအညီများ ပေးနိုင်ကြောင်း၊ သို့မှသာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်၏ ရိုးသား ဖြောင့်မတ်မှုကို သက်သေ ထူနိုင်မည် ဖြစ်ကြောင်း ပြောခဲ့သည်ဟု ဆိုပါသည်။

          မြန်မာပြည်သူများ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ပြန်လည် ဝင်ဆံ့လာသည်အထိ မိမိတို့ဘက်မှ သင့်တော်သော အကူအညီများ ပေးသွားရန် အမြဲ အသင့် ရှိကြောင်း Webb က ပြောကြားခဲ့ပါသည်။

Burma News International, 6th January 2010    

မွန်လူမျိုးစု အသိုင်းအဝိုင်းအတွင်း သွေးစည်း ခိုင်မာမှု တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံ တွင်းမှ မွန် ကိုယ်စားလှယ်များသည် နယ်စပ်ဒေသနှင့် ပင်လယ်ရပ်ခြားမှ မွန်များနှင့် တွေ့ဆုံ၍ ၃ ရက်ကြာ အစည်းအဝေးကို မြန်မာနိုင်ငံတွင် ကျင်းခဲ့ပါသည်။        

          မွန် အမျိုးသားရေးရာ ၅ ကြိမ်မြောက် ညီလာခံကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂၇ မှ ၂၉ အထိ လွတ်မြောက် နယ်မြေတွင် ကျင်းပခဲ့ပါသည်။ ဝါရင့် မွန်ပြည်သစ်ပါတီ NMSP ခေါင်းဆောင်များနှင့် ပြည်တွင်း ပြည်ပ၊ ပင်လယ် ရပ်ခြားမှ မွန် တိုင်းရင်းသား အဖွဲ့အစည်းများ အပါအဝင် သတင်းထောက်များလည်း တက်ရောက်ခဲ့ကြသည်။

          ညီလာခံတွင် မြန်မာအစိုးရ SPDC က ကျင်းပမည့် ရွေးကောက်ပွဲကို ငြင်းပယ်သော ပူးတွဲ ကြေငြာချက်အား ထုတ်ပြန်ခဲ့ပြီး မြန်မာအစိုးရ၏ ရည်ရွယ် လုပ်ဆောင်မှုများသည် ဖယ်ဒရယ် ပြည်ထောင်စုအတွင်းမှ ဒီမိုကရေစီနှင့် အခြေခံ လူအခွင့်အရေးများကို အာမခံခြင်း မရှိဘဲ ပြည်သူများနှင့် မြန်မာ့ သယံဇာတများ အပေါ် ချုပ်ကိုင်ထားသည့် စစ်ဖက် အုပ်ချုပ်ရေး ခိုင်မာ သေချာစေရန်သာ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း စွပ်စွဲခဲ့ပါသည်။

          ကိုယ်စားလှယ်များသည် Mon Affairs Union (mau) အဖွဲ့ဝင်များမှ ဗဟို ကော်မတီဝင် ၃၃ ဦး ကို ရွေးချယ် ခဲ့ကြပြီး ၂ နှစ် သက်တမ်းရှိ အဆိုပါ ဗဟိုကော်မတီသည် မွန်လူမျိုးများအတွင်း ယုံကြည်မှု တည်ဆောက်ရေး၊ ဆက်သွယ်ရေး လမ်းကြောင်းများ ခိုင်မာ အားကောင်းရေးနှင့် စည်းလုံး ညီညွှတ်ရေး တို့ကို ရည်မှန်းချက် ထား၍ ရှေ့သို့ ချီတက် လှုပ်ရှားသွားမည် ဖြစ်သည်။

          မွန်ပြည်နယ် တဝှမ်းနှင့် ပင်လယ်ရပ်ခြားမှ မွန် ကိုယ်စားလှယ်များ ပါဝင်သော ယခု အစည်းအဝေးသည် အကြီးမားဆုံး စည်းဝေးပွဲ တစ်ခု ဖြစ်သည်ဟု MAU မှ အဓိက စည်းရုံး လှုပ်ရှားသူ နိုင်ပန်းက ပြောကြားပါသည်။

          ငြိမ်းချမ်းရေး ရရှိရန်အတွက် အတားအဆီးများ ရှိနေကြောင်း နားလည် သဘောပေါက်သူ နိုင်ပန်းက ပြောကြားရာတွင် မိမိတို့၏ ဆုံးဖြတ်ချက်မှာ အပြတ်အသတ် ယှဉ်ပြိုင် အနိုင်ယူရေး မဟုတ်ကြောင်း၊ MAU မည်သို့မည်ပုံ ဆက်လက် လှုပ်ရှားမည်ကို စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း သဘောတူညီမှုနှင့် စည်းလုံး ညီညွတ်မှု ရရှိအောင် ကြိုးစားနေချိန်တွင် မည်သို့သော မဟာဗျူဟာကို လက်ခံ ကျင့်သုံးရမည်ကို သဘောတူ ဆုံးဖြတ်ပေးနိုင်မည့်၊ မတူ ကွဲပြားသော နိုင်ငံရေး၊ လူမှုရေးနှင့် လူထု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်မည့် မွန် အမျိုးသား ညီလာခံတစ်ခု ခေါ်ယူ ကျင်းပရန် လိုအပ်နေသည် ဟု ဆိုပါသည်။

BBC News, 6th January 2010

          ယခု အချိန်သည် အီရန်နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများ ပိုမို ပြုလုပ်ရန် အချိန် မဟုတ်သေးကြောင်း ကုလသမဂ္ဂ ဆိုင်ရာ တရုတ် သံအမတ်ကြီး Zhang Yesui က ပြောကြားလိုက်ပါသည်။

          ယခင်က တရုတ် အပါအဝင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် အီရန်အား ယူရေနီယမ် သန့်စင်မှု လုပ်ငန်းများ ရပ်ဆိုင်းရန် တောင်းဆိုခဲ့ပြီး၊ အရေးယူ ပိတ်ဆို့မှု သုံးခု ချမှတ်ခဲ့ပါသည်။

          အီရန် ခေါင်းဆောင်များက ၎င်းတို့၏ နျူကလီးယား အစီအစဉ်များသည် စွမ်းအင် တိုးချဲ့ ထုတ်လုပ်ရေး အတွက်သာ ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။

          သို့သော် အမေရိကန်နှင့် မဟာမိတ်များက အီရန်သည် နျူကလီးယား လက်နက်များ ထုတ်လုပ်ရန် ကြိုးစားနေသည်ဟု စိုးရိမ်ခဲ့ကြပါသည်။

          တရုတ်နိုင်ငံသည် ဇန်နဝါရီလ အတွင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ တာဝန်ယူရပြီး၊ ဗီတို အာဏာ ကိုင်ဆောင်ထားသော အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံမှ တစ်နိုင်ငံ ဖြစ်ပါသည်။

          Mr. Zhang က ကုလသမဂ္ဂတွင် သတင်းထောက်များအား ပြောကြားရာတွင် ယခု ဖြစ်နေသော လိပ်ခဲ တည်းလည်း ပြဿနာအတွက် စိတ်ရှည်စွာနှင့် အချိန်ပေးရန် လိုအပ်ပြီး သံတမန်နည်းအရ အဖြေရှာရန် လိုအပ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

          အမေရိကန်သည် အီရန်အား ၎င်း၏ ယူရေနီယံ သန့်စင်မှု အစီအစဉ်အတွက် ပြောကြားရန် အဆိုပြုထားမှုမှာ ၂၀၀၉ နှစ်ကုန်တွင် သတ်မှတ်ရက် ကုန်ဆုံးပြီ ဖြစ်ရာ၊ အီရန်တို့ဘက်မှ တုံ့ပြန်ခြင်း မပြုခဲ့ခြင်း ဖြစ်သည့်အတွက် နောက်တစ်ရက်တွင် တရုတ်သံအမတ်၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

          ထိုကိစ္စ တုန့်ပြန်ရန် အစီအစဉ်များမှာ လေထဲတွင် ငြိမ်သက်လျက် ရှိကြောင်း BBC မှ Tom Lane က နယူးယောက်ရှိ ကုလသမဂ္ဂတွင် ပြောကြားခဲ့ပါသည်။

          BBC သတင်းထောက်က ပြောကြားရာတွင် ယခုလ နောက်ပိုင်းတွင် ဥရောပမှ အထင်ကရ နိုင်ငံများ၊ အမေရိကန်၊​​ ရုရှားနှင့် တရုတ်တို့သည် တွေ့ဆုံ၍ အမြင်ချင်း ဖလှယ်ရန် ရှိသည်ဟု ကုလသမဂ္ဂရှိ သံတမန်များထံမှ သတင်း ရရှိသည်ဟု ဆိုပါသည်။

          အမေရိကန် တာဝန်ရှိသူများက သံတမန် ရေးရာအရ ကျရှုံးမှုကြောင့် အီရန် ထိခိုက် နစ်နာစေမည့် အရေးယူမှု ပြုလုပ်ရန် တောင်းဆိုခဲ့ပါသည်။

          မကြာသေးမီက အစီရင်ခံစာတွင် အီရန်၏ နျူကလီးယား အစီအစဉ်များတွင် ပါဝင် ပတ်သက်သည့် လူများနှင့် ကုမ္ပဏီများကို ရည်ရွယ်သည့် အရေးယူမှုများ ပြုလုပ်ရန် စဉ်းစားနေသည်ဟု ဆိုကြောင်း BBC သတင်းထောက်က ထပ်လောင်း ပြောကြားခဲ့ပါသည်။

          ခွဲခြမ်း စိတ်ဖြာ လေ့လာသူများက ပြောကြားရာတွင် အီရန်သည် အနုမြူဗုံး ထုတ်လုပ်ရန် (၁၈) လ မှ သုံးနှစ်အထိ ကြာမြင့်နိုင်ကြောင်း ဆိုပါသည်။

          ညှိနှိုင်းမှုများ ကုလသမဂ္ဂသို့ ရောက်ရှိလာအောင် ရက်သတ္တပတ်ပေါင်း များစွာ သို့မဟုတ် လပေါင်းများစွာ ကြာမြင့်အောင် စောင့်ရလိမ့်မည် ဖြစ်ကြောင်း BBC သတင်းထောက်က အစီရင်ခံ ခဲ့ပါသည်။

          သို့သော် မကြာခင် အမေရိကန်နှင့် မဟာမိတ်များသည် အီရန်အပေါ် အရေးယူ ပိတ်ဆို့မှု အသစ်များ ချမှတ်နိုင်ကြောင်း ဆိုပါသည်။

Burma News International, 6th January 2010

          တပ်မတော် စစ်ဆင်ရေး ကွပ်ကဲမှု ဌာန MOC တည်ရှိရာ အနန်းကွင်းရွာ အနီးတဝိုက်တွင် ပြေးဆွဲနေသော ယာဉ်ပိုင်ရှင်များသည် မြန်မာ စစ်တပ်က ပေါ်တာအဖြစ် အသုံးပြုရန် ချောဆွဲခြင်း ခံနေရပါသည်။

          မွန်ပြည်နယ် သံဖြူဇရပ်မှ ဘုရားသုံးဆူ တောင်ကြားသို့ ပြေးဆွဲနေသော မော်တော်ယာဉ်များနှင့် ယာဉ်မောင်းသူများကို မြန်မာအစိုးရ အာဏာပိုင်များက ချောဆွဲလေ့ရှိပြီး ခြောက်သွေ့ ပွင့်လင်း ရာသီ KNU ထိုးစစ်တွင် အသုံးပြုနေခြင်း ဖြစ်သည်။ ဒီဇင်ဘာ (၂၉) ရက်တွင် မြန်မာစစ်တပ်မှ ရိက္ခာများကို သယ်ယူ ပို့ဆောင်နေသော ပေါ်တာ ယာဉ်တန်းမှ ဆန်များကို ကရင်စစ်ကြောင်း တစ်ခုမှ ပြန်လည် လုယက်ခဲ့ပါသည်။

          အဆိုပါ နယ်မြေအတွင်း လှုပ်ရှားနေသူ တပ်ရင်း (၆) မှ KNU ဗိုလ်ကြီး စောထဲနေးက ရိက္ခာများ သိမ်းဆည်း ရရှိမှုကို အတည်ပြုခဲ့ပါသည်။ မိမိတို့သည် ခရီးသည်တင် ကားတန်းမှ အစိုးရ ရိက္ခာများကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း လာမည့် ခြောက်သွေ့ရာသီတွင် KNU ကို ထိုးစစ်ဆင်ရန် အစိုးရက ပြင်ဆင်နေသည်ကို သိရှိထားကြောင်း၊ သို့ဖြစ်၍ ၎င်းတို့၏ အစီအစဉ်ကို ဟန့်တားရန် ရိက္ခာများကို သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း စောထဲနေးက ပြောကြားပါသည်။

          အမှတ် (၄၀၇) ခြေလျင် တပ်ရင်းမှ ဒုတိယ ဗိုလ်မှူးကြီး တင်မောင်မောင်ကို လာဘ်ထိုးခြင်း မရှိသည့် မော်တော်ယာဉ် အချို့မှာ ပေါ်တာဆွဲခြင်း ခံရပါသည်။ အမည်မဖော်လိုသူ ကားပိုင်ရှင်တစ်ဦးက သတင်းထောက်များအား ပြောကြားရာတွင် မြန်မာ့ တပ်မတော် တပ်ရင်းများထံ ဆန်အိတ် (၃၀၀၀) ခန့် သယ်ယူ ပို့ဆောင်ပေးရပြီး နေ့တစ်ဝက်ခန့် ကြာမြင့်သည်ဟု ဆိုပါသည်။

          နှစ်စဉ် နှစ်တိုင်း လိုပင် မြန်မာ စစ်တပ်သည် အရပ်ဘက် မော်တော်ယာဉ်များကို တားဆီး၍ ၎င်းတို့၏ ထောက်ပံ့ရေး ရိက္ခာများ သယ်ဆောင်ရန် ချောဆွဲလေ့ ရှိပါသည်။ တစ်ခါတစ်ရံ နယ်မြေတွင်း လှုပ်ရှားနေသော KNU စစ်ကြောင်းကို တိုက်ခိုက်ရာသို့ ခရီးသည်များကိုပါ ခေါ်ဆောင်သွားလေ့ ရှိပါသည်။ မြန်မာစစ်တပ်ကို သယ်ပို့ပေးနေသော မွန်အမျိုးသား ဒရိုင်ဘာ တစ်ဦးမှာ အနန်းကွင်းရွာ အနီးတွင် KNU ၏ ခြုံခို တိုက်ခိုက်ခြင်းကို ခံရသဖြင့် ထိခိုက် ဒဏ်ရာရခဲ့ရာတွင် အစိုးရက လျော်ကြေးပေးခြင်း မရှိခဲ့ပါ။ အဆိုပါ နယ်မြေအတွင်းမှ ယာဉ်မောင်းသူများမှာ မွန် တိုင်းရင်းသားများ ဖြစ်ပြီး အစိုးရ၏ ပေါ်တာဆွဲသော အမိန့်ကို ငြင်းပယ် နိုင်ခြင်း မရှိကြပါ။

           ယခု ၂၀၁၀ ပြည့်နှစ် သည် အပြုသဘော ဆောင်သော အရေးကိစ္စများ ထွက်ပေါ်မည့် နှစ်တစ်နှစ် ဖြစ်ပေသည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက် ကောင်းမွန်လာပြီး ပြည်သူများ အနေဖြင့်လည်း မိမိတို့၏ ရည်မှန်းချက် ပန်းတိုင်များ၊ ဦးတည်ချက်များ ကို အကောင်အထည် ဖော်နိုင်မည် ဖြစ်သည်။ ကောင်းသော အရာများ ဖြစ်ပေါ်ပေါ်ပေါက်လာ မည် ဖြစ်သည်။

သို့သော် ဇန်နဝါရီ ၁ ရက် နေ့မှ ၂၀ ရက်နေ့ အကြား၊ ဧပြီ ၂၁ မှ မေ ၂၀ အကြားနှင့် စက်တင်ဘာ ၂၁ မှ အောက်တိုဘာ ၂၀ ကြား ကာလများသည် ပဋိပက္ခများ ဖြစ်ပေါ်မည့် အချိန်ကာလများ ဖြစ်သည်။ နိုင်ငံရေး မတည်မငြိမ်မှုများ ဖြစ်ပေါ်ခြင်း၊ မိတ်ဟောင်း ဆွေဟောင်းများ အကြား ခိုက်ရန် ပဋိပက္ခ ဖြစ်ပွားခြင်း စသည်တို့ ဖြစ်ပေါ်နိုင်သည်။

နိုင်ငံခေါင်းဆောင် (သို့မဟုတ်) အမျိုးသား ခေါင်းဆောင်များ လုပ်ကြံခံရခြင်းတို့ပင် ရှိလာနိုင်သည်။ အဆိုပါ ကာလအတွင်း ကံကြမ္မာ ဆိုးများဖြင့်ရင်ဆိုင်ရဖွယ် ရှိသော နိုင်ငံများမှာ အီရတ် (အထူးသဖြင့် အီရတ် တောင်ပိုင်း) အမေရိကန် ပြည်ထောင်စု၊ မြန်မာနှင့် အခြားသော  အရှေ့တောင် အာရှနိုင်ငံများ (အထူးသဖြင့် ကမ္ဘောဒီးယား) စသည်တို့ ဖြစ်ပါသည်။

ဖေဖော်ဝါရီ ၁၉ မှ ဧပြီ ၂၀ အကြား၊ မေ ၂၁ မှ ဇူလိုင် ၂၁ အကြား၊ နိုဝင်ဘာ ၂၁မှ ဒီဇင်ဘာ ၂၀ အကြား စသည့် ကာလများအတွင်း ကမ္ဘာကြီး၏ အခြေအနေမှာ အထူးပင် ကောင်းမွန်နေပါလိမ့်မည်။ လူတိုင်း လူတိုင်း အတွက်လည်း အထူး ကောင်းမွန်သော၊ အပြုသဘော ဆောင်သည့် ကိစ္စများ ဖြစ်ပေါ်နိုင်သော အချိန်ကာလများပင် ဖြစ်ကာ ကမ္ဘာ့ ဘဏ္ဍာရေး အခြေအနေမှာ လည်း သိသိသာသာ တိုးတက်လာမည် ဖြစ်သည်။

သို့သော် ၂၀၁၀ အတွင်း ကမ္ဘာ့ ရာသီဥတု အခြေအနေမှာ လွန်စွာ ကောင်းနေမည် မဟုတ်ပေ။ အထူးသဖြင့် ဧပြီ ၂၁ မှ မေ ၂၀ အကြား၊ သြဂုတ် ၂၁ မှ စက်တင်ဘာ ၂၀ အကြား ကာလများတွင် ကမ္ဘာတစ်ဝန်းတွင် ရာသီဥတုနှင့် ပတ်သက်၍ ဆိုးရွားသည့် ဖြစ်ရပ်များ ဖြစ်ပေါ်ဖွယ် ရှိသည်။ အဆိုပါ ကာလများ အတွင်း သဘာဝ ဘေးအန္တရာယ် ဆိုးကြီးများ ဖြစ်ပေါ်နိုင်သည်။ အထူးသဖြင့် တရုတ်၊ မြန်မာ၊ အိန္ဒိယ နှင့် အီတလီ နိုင်ငံများတွင် ရေလွှမ်းမိုးမှုများနှင့် ငလျင်လှုပ်မှုများ ဖြစ်ပေါ်နိုင်သည်။

ဘရာဇီးသည်လည်း အလားတူ ပြဿနာများ နှင့် ရင်ဆိုင် ကြုံတွေ့ရဖွယ် ရှိသည်။ Aries၊ Taurus နှင့် Gemini ရာသီဖွားများ အနေဖြင့် ၂၀၁၀ သည် အထူး ကံကောင်းမည့်နှစ် ဖြစ်သည်။ Gemini နှင့် Libra ရာသီခွင်တွင် မွေးဖွားသူများ အနေဖြင့် ဘဝတွင် အလှည့်အပြောင်းများ ဖြစ်ပေါ်နိုင်သလို အပြုသဘော ဆောင်သော တိုးတက် ဖြစ်ထွန်းမှုများ နှင့် ကြုံတွေ့ရမည် ဖြစ်သည်။Leo နှင့် Sagittarius ရာသီခွင်တွင် မွေးဖွားသူများ အနေဖြင့် ၂၀၁၀ သည် လွန်စွာ ကံကောင်းမည့် နှစ်တစ်နှစ် မဟုတ်နိုင်ပါ။

စံဇာဏီဘို ရေးသားသော Happy Days Ahead ကို ဘာသာပြန်ဆိုသည်။