Transparency Myanmar

transparency.myanmar@gmail.com

၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာအစိုးရ ဌာနကြီး ငါးခုက ဘူးသီးတောင် မြို့နယ်မှ ဆန်စက်များအပေါ် အခွန် တိုးမြှင့် ကောက်ခံခဲ့သောကြောင့် ဆန်စက် ပိုင်ရှင်များ ဘဏ္ဍာရေး အကျပ်အတည်းနှင့် ရင်ဆိုင် ခဲ့ကြရကြောင်း စုံစမ်း သိရှိရပါသည်။

          "၂၀၀၈-၂၀၀၉ ဘဏ္ဍာရေး နှစ်တုန်းက အစိုးရဌာန လေးခုက ၅၇၀၀၀ (ကျပ်) လာ ကောက်တယ်။ ဒီနှစ် ဘဏ္ဍာရေး နှစ်မှာတော့ အခွန်ကောက်တဲ့ ဌာနက ငါးခုတောင် ဖြစ်လာတယ်။ ဆန်စက် တစ်စက်ကို ၁၄၇၀၀၀ (ကျပ်) စီ ကောက်တယ်။ အခု ကျွန်တော်တို့ အဲဒီ အစိုးရ ဌာန ငါးခုကို ပိုက်ဆံ မပေးနိုင်လို့ တော်တော် အခက် တွေ့နေရပါတယ်" ဟု ဆန်စက် ပိုင်ရှင် တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် အတွင်း အခွန် ကောက်ခံခဲ့သော အစိုးရ ဌာန လေးခုမှာ ပြည်တွင်း အခွန်ဌာန၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဌာန၊ အမှတ်-၂ စက်မှု ဝန်ကြီးဌာန နှင့် လယ်ယာ စိုက်ပျိုးရေး ဌာနတို့ ဖြစ်ခဲ့သော်လည်း ယခုနှစ်တွင် မြို့နယ် စည်ပင်သာယာရေး ဌာန ကပါ ဝင်ရောက် ကောက်ခံခဲ့ကြောင်း ၎င်းက ဆိုသည်။

"ပြီးခဲ့တဲ့ ဘဏ္ဍာရေး နှစ်မှာ ပြည်တွင်း အခွန်ဌာနအတွက် ၁၅၀၀၀ ကျပ်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဌာနအတွက် ၂၅၀၀၀ ကျပ်၊ အမှတ် -၂ စက်မှု ဝန်ကြီးဌာန အတွက် ၁၂၀၀ ကျပ်၊ လယ်ယာ စိုက်ပျိုးရေး ဌာနအတွက် ၅၀၀၀ ကျပ် စီ ပေးရပါတယ်။ ဌာန လေးခု အတွက် ကျွန်တော်တို့ ဆန်စက် တစ်ခုကို စုစုပေါင်း ၅၇၀၀၀ ကျပ် ပေးကြရပါတယ်" ဟု ၎င်းက ဆိုသည်။

"အခု ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်မှာ ကျတော့ အခွန်နှုန်းတွေက မြင့်လာတယ်။ ပြည်တွင်း အခွန်က ၄၀၀၀၀ ကျပ်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာန က ၆၀၀၀၀ ကျပ်၊ အမှတ်-၂ စက်မှု ဝန်ကြီးဌာနက ၁၂၀၀၀ ကျပ်၊ လယ်ယာ စိုက်ပျိုးရေး ဌာနက ၂၀၀၀၀ကျပ် နဲ့ မြို့နယ် စည်ပင်ရုံးက ၁၅၀၀၀ ကျပ် စသဖြင့် ဆန်စက်တိုင်းကို ကောက်ခံပါတယ်" ဟု အဆိုပါ ဆန်စက် ပိုင်ရှင်က ထပ်လောင်း ပြောဆိုသည်။

ဆန်စက် ပိုင်ရှင်များ၏ အဆိုအရ  ဆန်စက်ပိုင်ရှင် အတော် များများသည် ယခု ဘဏ္ဍာရေးနှစ် အတွင်း ကောက်ခံသော အခွန်များကြောင့် အကျပ်အတည်းနှင့် ရင်ဆိုင် နေရကြောင်း၊ ပိုင်ရှင် အများစုမှာ အခွန် ပေးဆောင်ရန် ငြင်းဆန်လျက် ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်မှ အမည်မဖော်လိုသူ ဆန်စက် ပိုင်ရှင်တစ်ဦးက "ဆန်စက် တစ်ခုက ထွက်တဲ့ ဆန်ချိန် တင်း ၁၀၀ အတွက် ကျပ် ၁၅၀၀၀ ကောက်ခံပါတယ်။ အဲတော့ ကျွန်တော်တို့ ဆန်စက်တွေက လယ်သမားတွေ ဆီကလည်း နောက်ထပ် စပါး ပိုမတောင်းနိုင်တော့ဘူး။ အဲလို ဖြစ်နေတဲ့ အခြေအနေထဲမှာ လောင်စာဈေး ကလည်း အရမ်းကို ဈေးကြီးပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အနေနဲ့ အစိုးရ ဌာနကြီးတွေက ကောက်ခံတဲ့ အခွန်ငွေကို မပေးနိုင်တာပါ" ဟု ပြောကြားသည်။

ဘူးသီးတောင် မြို့နယ်ရှိ ပြည်တွင်း အခွန်ဌာနက ဆန်စက် ပိုင်ရှင်များ အနေဖြင့် အခွန်ငွေများကို အမြန်ဆုံး ပေးရန် ဒီဇင်ဘာလ ၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အကယ်၍ အခွန်ငွေ မပေးဆောင်ပါက ဆန်စက် ပိုင်ရှင်များ အနေဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၇၄ အရ အခွန် မဆောင်မှုဖြင့် အရေးယူခြင်း ခံရမည် ဖြစ်သည်။

          အဆိုပါ ဘူးသီးတောင် မြို့နယ်တွင် ဆန်စက် စုစုပေါင်း ၂၀၀ ခန့် ရှိပြီး ဆန်စက် အားလုံးမှာ အသေးစားများ ဖြစ်ကာ ဒိုင်နမို ဂျင်နရေတာဖြင့် ဆက်ထားသော စက်များဖြင့် လည်ပတ်လျက် ရှိကြောင်း သိရသည်။

Narinjara News မှ Rice mill owners suffer due to increased taxes ကို ဘာသာ ပြန်ဆိုပါသည်။

အစိုးရ ဆန့်ကျင်သော ပြည်ပ မီဒီယာ တစ်ခုအတွက် အလုပ် လုပ်ကိုင်ခဲ့သူ မြန်မာအမျိုးသမီး ဗီဒီယို ဂျာနယ်လစ် တစ်ဦးအား စစ်အစိုးရက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်အပြစ်ပေးလိုက်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသော အဖွဲ့အစည်းများက ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ဖော် ပြောဆိုသည်။

ထောင်ဒဏ် နှစ် ၂၀ ပြစ်ဒဏ်ပေးခြင်းခံရသူမှာ မလှလှဝင်း(၂၅ နှစ်) ဖြစ်ပြီး ၎င်းသည် မြန်မာနိုင်ငံ အညာဒေသရှိ ပခုက္ကူမြို့မှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတစ်ခုသို့ သွားရောက် လည်ပတ်မှု ပြုလုပ်ခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလတွင် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရခြင်း ဖြစ်ကြောင်း ပြင်သစ် အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့နှင့် ဗမာ့ မီဒီယာအဖွဲ့က ကြေညာချက် တစ်ရပ် ထုတ်ပြန်သည်။

မလှလှဝင်းအား ပခုက္ကူ တရားရုံးက မြန်မာနိုင်ငံ အီလက်ထရွန်းနစ် အက်ဥပဒေ ချိုးဖောက်မှုဖြင့် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ အဖွဲ့က ဆိုသည်။  မလှလှဝင်းနှင့် အတူ အဖော်အဖြစ် လိုက်ပါခဲ့သူ အမျိုးသမီး တစ်ဦးကိုလည်း စစ်အစိုးရက ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခဲ့သည်။ မလှလှဝင်းအား ပြစ်ဒဏ်ချမှတ်သည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာစစ်အစိုးရ အာဏာပိုင်များက အတည်ပြု ပြောဆိုခြင်း မရှိသေးပေ။

"ယခုလို အသက်အရွယ် ငယ်လွန်းသည့် အမျိုးသမီးတစ်ဦးအား ထောင်ဒဏ်နှစ် ၂၀ ချမှတ် လိုက်သည့်အတွက် ကျွန်ုပ်တို့အနေဖြင့် လွန်စွာ တုန်လှုပ်မိပါသည်"ဟု ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ထောင်ဒဏ် နှစ် ၂၀ ပြစ်ဒဏ် ပေးခြင်း ခံရသော သတင်းထောက် မလှလှဝင်းသည် နော်ဝေ နိုင်ငံ အခြေစိုက် အသံလွှင့် မီဒီယာတစ်ခု ဖြစ်သော Democratic Voice of Burma (DVB) အတွက် အလုပ် လုပ်ကိုင်ပေးခဲ့သူ တစ်ဦး ဖြစ်သည်။ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့နှင့် ဗမာ့ မီဒီယာ အဖွဲ့တို့က "မျှတမှု မရှိသော တရားစီရင်မှု" ဟု ကြေညာချက်တွင် ဖော်ပြသည်။

"အခုလို ရွေးကောက်ပွဲ ကျင်းပမယ့် နှစ်ထဲမှာ စစ်အစိုးရဆီက ပွင့်လင်းတဲ့ လက္ခဏာတွေနဲ့ သဘောထား ပြည့်ဝတဲ့ အပြုအမူတွေ ထွက်ပေါ်လာမယ်လို့ ပြည်သူတွေက မျှော်လင့် နေခဲ့ကြတာပါ။ ဒါပေမဲ့ အခုလို အသက် ၂၅ နှစ်အရွယ် ဗီဒီယို ရိုက်ကူးရေးသမား ဂျာနယ်လစ် တစ်ယောက်ကို ပြင်းထန်လွန်းတဲ့ ပြစ်ဒဏ် ချမှတ်လိုက်တာနဲ့ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လတ်တလော ခြိမ်းခြောက် ပြောဆိုမှုတွေကို ကြည့်ရင် ဒီနှစ် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတမှု ရှိမယ်လို့ မျှော်လင့်ချက် မထားရဲ လောက်အောင် ဖြစ်သွားပါတယ်" ဟု အဆိုပါ အဖွဲ့ကဆိုသည်။

ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော လွတ်လပ်ရေးနေ့ အခမ်းအနားတွင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အစိုးရသည် ကတိပေး ပြောဆို ထားပြီးသည့်အတိုင်း ရွေးကောက်ပွဲများ ကျင်းပပေးရန်အတွက် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ သို့သော် မြန်မာနိုင်ငံသားများ အနေဖြင့် မှန်ကန်သော ရွေးချယ်မှုများ ပြုလုပ်ရမည်ဟု ၎င်းက ဆိုသည်။

နယ်စည်းမခြား သတင်းထောက်များ အဖွဲ့၏အဆိုအရ မြန်မာနိုင်ငံတွင် ဂျာနယ်လစ် ၁၃ ဦးနှင့် အင်တာနက် ဘလော့ဂ် ရေးသူ(Blogger) များသည် စစ်အစိုးရ၏ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံထား ရသည်။

ဖမ်းဆီး ထိန်းသိမ်း ခံလိုက်ရသော မလှလှဝင်းသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း ကတည်းက တရားမဝင် မှောင်ခိုသွင်းခဲ့သော မော်တော်ဆိုင်ကယ်ကို အသုံးပြုခဲ့သောကြောင့် သွင်းကုန်-ထုတ်ကုန် ဆိုင်ရာ အက် ဥပဒေဖြင့် ထောင်ဒဏ် ခုနစ်နှစ် ပြစ်ဒဏ်ပေးခြင်း ခံခဲ့ရပြီး ဖြစ်သည်။

မလှလှဝင်းသည် ဖမ်းဆီးခြင်း ခံရပြီးနောက် အစာငတ်ခံ ဆန္ဒပြခဲ့ကာ ဆေးရုံသို့ တက်ရောက် ကုသခြင်းခံ ခဲ့ရကြောင်း ကြေညာချက်က ဆိုသည်။

မြန်မာစစ် အစိုးရသည် ၂၀၀၇ ခုနှစ် လူထု ဆန္ဒပြမှုနှင့် ၂၀၀၈ နာဂစ် ဆိုင်ကလုန်းဒဏ် သင့်သူများ အကူအညီပေးမှုတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားသူ သံဃာတော်များ၊ ကျောင်းသား ခေါင်းဆောင်များနှင့် ဂျာနယ်လစ်များကို ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ် အပြစ်ပေးခဲ့သည်။

AFP သတင်းဌာန၏ Myanmar video journalist jailed for 20 years: report ကို ဘာသာပြန်ဆိုပါသည်။

DVB, 6th January 2010

          အမေရိကန် ဆီနိတ်တာ Jim Webb က မြန်မာအစိုးရ၏ ယခုနှစ် ကျင်းပ ပြုလုပ်မည့် အငြင်းပွားဖွယ် ရွေးကောက်ပွဲအား အကူအညီ ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းသည် မြန်မာစစ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခဲ့သော တစ်ဦးတည်းသော အမေရိကန် အဆင့်မြင့် အာဏာပိုင် ဖြစ်ပါသည်။

          တနင်္လာနေ့က ထုတ်ပြန်သော ကြေညာချက်တွင် အမေရိကန် ဆီးနိတ်၏ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ Webb က မြန်မာအစိုးရသည် ၂၀၁၀ တွင် ရွေးကောက်ပွဲကို အကောင်အထည် ဖော်နေပြီဟု ဆိုခြင်းကြောင့် ကြားရသည်ကို ဝမ်းမြောက်ကြောင်း ဖော်ပြခဲ့ပါသည်။

          မိမိအနေဖြင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ အားလုံး လက်ခံနိုင်ရေးနှင့် မြင်သာထင်သာ ရှိရေး အတွက် သင့်တော်သော ကြိုးစား အားထုတ်မှုများကို အကူအညီ ပေးသွားမည် ဖြစ်ကြောင်း၊ မြန်မာပြည်သူ ပြည်သားများ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် အပြည့်အဝ ပြန်လည် ဝင်ဆန့်ရေးအတွက် ဦးတည်သော မည်သည့် နည်းလမ်းမဆို အကူအညီ ပေးရန် အဆင်သင့် ရှိကြောင်း ထည့်သွင်း ဖော်ပြခဲ့ပါသည်။

          ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ၏ ရည်မှန်းချက်များကို ဖော်ဆောင် ပေးနေသော စစ်အစိုးရကို ချီးကျူး ပြောဆိုခဲ့သဖြင့် Jim Webb ကလည်း ကုလသမဂ္ဂနှင့် အခြား နိုင်ငံတကာ အဖွဲ့အစည်းများသည် ရွေးကောက်ပွဲ လုပ်ငန်းစဉ်သည် ရိုးသားကြောင်း သက်သေ ပြနိုင်ရန် တန်ဖိုးရှိသော အကူအညီများ ပေးနိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။

          မြန်မာ အစိုးရသည် ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို ကြေညာခြင်း မရှိသေးပဲ၊ ရွေးကောက်ပွဲကို သဘောမတူသည့် အများ၏ အသံများသာ ကြားနေရဆဲ ဖြစ်ပါသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းသည် စစ်တပ် အုပ်စိုးမှုအား အမြစ်တွယ်စေမည့် အရေခြုံ ရွေးကောက်ပွဲအား ထောက်ခံသင့် မသင့် ဝေခွဲမရ ဖြစ်နေဆဲ ဖြစ်နေပါသည်။ ၂၀၀၈ အခြေခံ ဥပဒေအရ ပါလီမန်၏ ၂၅% နေရာကို စစ်တပ်မှ ရယူထားပြီး ဖြစ်ပါသည်။

          Jim Webb ၏ မှတ်ချက်များနှင့် မတူ၊ အမေရိကန် နိုင်ငံခြားရေး ဌာနက တနင်္လာနေ့က ပြောကြားရာတွင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အသွင် ကူးပြောင်းရေးနှင့် ပတ်သက်၍ ဘာမျှ သက်သေ ပြနိုင်မှု မရှိသေးဘဲ၊ နိုင်ငံရေး အကျဉ်းသားများလည်း ဆက်လက် တိုးပွားလျက် ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

          Jim Webb သည် အမေရိကန်၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော မူဝါဒ သြဇာ လွှမ်းမိုးမှု ရှိပါသည်။ ပြီးခဲ့သည့် နှစ်က ၎င်း မြန်မာနိုင်ငံသို့ လာရောက် အပြီးတွင်၊ အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် ထားရှိသော မူဝါဒ ပြောင်းလဲခဲ့ပါသည်။

          ၎င်းသည် မြန်မာနိုင်ငံသို့ လာရောက်စဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပါသည်။ သူမ၏ NLD ပါတီသည် ရွေးကောက်ပွဲ ဝင်ရောက်ရေးအတွက် မဆုံးဖြတ်ရသေးဘဲ၊ အခြေခံ ဥပဒေကို ပြင်ဆင်ရန် တောင်းဆိုလျက် ရှိပါသည်။

          Webb ၏ မှတ်ချက်များသည် ကုလသမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စုတို့၏ သဘောထား များနှင့် မတူသည်မှာ အမှန်ပင် ဖြစ်ပါသည်။

အနောက်တိုင်း သြစတြေးလျ နည်းပညာ ကုမ္ပဏီကြီး တစ်ခုသည် မြန်မာ အစိုးရအနေဖြင့် တိုင်းရင်းသား လူနည်းစုများ အပေါ် ဖိနှိပ်ရာတွင် အဆင်ပြေ ချောမွေ့မှု ရရှိစေရန် အလို့ငှာ Hi-Frequency စနစ်သုံး ရေဒီယို ဆက်သွယ်ရေး ပစ္စည်းများ ရောင်းချလျက် ရှိကြောင်း သြစတြေးလျ နိုင်ငံရေး ပါတီကြီး တစ်ခု ဖြစ်သောGreen Party က ထုတ်ဖော် စွပ်စွဲလိုက်သည်။

မြန်မာစစ်အစိုးရကို Hi-Frequency စနစ်သုံး ရေဒီယို ဆက်သွယ်ရေး ပစ္စည်းများ ရောင်းချနေသည့် ကုမ္ပဏီမှာ Barrett Communications ဖြစ်ပြီး ဆက်သွယ်ရေး ပစ္စည်းများသည် လှိုင်းတို-လှိုင်းရှည်များကို ဖြတ်တောက် ပစ်နိုင်စွမ်း ရှိကြောင်း၊ အဆိုပါ ဆက်သွယ်ရေး ပစ္စည်းများတွင် ပါဝင်သော စနစ်မှာ ရေဒီယို လှိုင်း ကွန်ယက်အတွင်း ကြားဖြတ် နားဆင်ရန် လွန်စွာ ခက်ခဲကြောင်း Green Party မှ ဆီနိတ်တာ Scott Ludlam က ပြောကြားသည်။

အဆိုပါ ရေဒီယို ဆက်သွယ်ရေး စနစ်များသည် တိုင်းရင်းသား လူမျိုးစုများနှင့် လက်နက်ကိုင် တပ်ဖွဲ့များကို နှိမ်နင်း တိုက်ခိုက်ရာ၌ များစွာ အထောက်အကူ ပြုနိုင်ကြောင်း Scott Ludlam က ဆိုသည်။

"နယ်စပ်ဒေသမှာ နေထိုင်တဲ့ သူတွေကို နှိပ်ကွပ်တဲ့ စစ်ဆင်ရေးတွေမှာ ဒီရေဒီယို ဆက်သွယ်ရေး စနစ်တွေက အရမ်းကို အသုံးဝင်ပါတယ်။ ဘယ်လိုလဲ ဆိုတော့ နယ်စပ်ဒေသမှာ နေထိုင်တဲ့ လူမျိုးစုတွေ အသုံးပြု နားဆင်တဲ့ ရေဒီယို လှိုင်းတွေကို ပြောင်းလဲပစ်ပြီး သူတို့ပေးချင်တဲ့ အစီအစဉ်တွေ ထည့်ပေးလို့ ရတယ်။ ဒီစနစ်က တော်တော်လည်း ထိရောက်တယ်။ ဘယ်သူမှ မသိအောင် တိတ်တဆိတ် လုပ်ကိုင်လို့လည်း ရတယ်" ဟု ၎င်းက ဆိုသည်။

အဆိုပါ ရေဒီယို ဆက်သွယ်ရေး စနစ်များ စစ်အစိုးရထံသို့ တင်ပို့ ရောင်းချမှုမျာ&#