Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူး သံတမန် အီဘရာဟင် ဂမ်ဘာရီသည် လာမည့် ရက်သတ္တပတ်တွင် ဒါဖာဆိုင်ရာ အထူး သံတမန်အဖြစ် တာဝန် ပြောင်းလဲ ရယူမည် ဖြစ်သောကြောင့် ၎င်း၏ နေရာတွင် အစားထိုး ဝင်ရောက်မည့် သံတမန် ကိစ္စနှင့် ပတ်သက်၍ ကုလ အနေနှင့် နှောင့်နှေးနေသကဲ့သို့ ဖြစ်လျက် ရှိရာ အဆိုပါ ကိစ္စအတွက် ကုလက မြန်မာအစိုးရနှင့် ဆက်သွယ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရပါ သည်။

လက်ရှိ အနေအထားတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့် ရှိသူမှာ မြန်မာနိုင်ငံအတွက် အထူး သံတမန် ခန့်အပ်ရေး ကိစ္စကို အလျင်အမြန် မဆောင်ရွက် နိုင်သေးသောကြောင့် ပြစ်တင် ဝေဖန်မှုများစွာကို ခုခံ ပြောဆိုနေရသည်။

မစ္စတာ ဂမ်ဘာရီ နေရာ၌ တရားဝင် အစားထိုး ခန့်အပ်မှု မပြုလုပ်နိုင်မီ ကာလအတွင်း ကုလသမဂ္ဂ အရာရှိချုပ် ဗီဂျေနမ်ဘီးရားက မြန်မာနိုင်ငံ ဆိုင်ရာ အထူး သံတမန်အဖြစ် ယာယီ ထမ်းဆောင်လျက် ရှိသည်။ သို့သော် မြန်မာနိုင်ငံ အနေဖြင့် ယခုနှစ်အတွင်း ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်ရာ ယင်းသို့ အထူး သံတမန် မခန့်အပ် နိုင်သေးသည့် ကိစ္စအတွက် ကုလသမဂ္ဂမှာ ပြစ်တင် ဝေဖန် ထိုးနှက်မှုပေါင်း များစွာ ခံနေရသည်။

ကုလ၏ ပြောရေးဆိုခွင့် ရှိသူ မာတင်နီဆာကီက မိမိတို့တွင် အဆိုပါ ကိစ္စအတွက် လျော့ရဲမှုများ မရှိပါကြောင်း၊ ဂမ်ဘာရီ၏ လုပ်ငန်းများကို မစ္စတာ နမ်ဘီးယားက ဆက်လက် ထမ်းဆောင်ပေးလျက် ရှိကြောင်း၊ မစ္စတာ ဂမ်ဘာရီက တစ်ဦး တစ်ယောက်တည်း မလုပ်ဆောင်ဘဲ ညှိနှိုင်း လုပ်ဆောင်ခဲ့သည့် အတိုင်း မစ္စတာ နမ်ဘီးရားကလည်း ညှိနှိုင်း လုပ်ဆောင်လျက် ရှိကြောင်း ပြောကြားသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးသည် မြန်မာအစိုးရနှင့် ညှိနှိုင်း ဆောင်ရွက်နေပြီး တိုးတက်မှုများ ရရှိအောင်လည်း ဆောင်ရွက်လျက် ရှိသည် ဟု မစ္စတာ မာတင်နီဆာကီက ဆိုသည်။

ယင်းသို့ ညှိနှိုင်း ဆောင်ရွက်မှုများတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရက် သတ်မှတ်ခြင်း မရှိသေးသည့် ကိစ္စ၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် တရားရုံး၌ အယူခံဝင်မည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုကိစ္စတို့ ပါဝင်ပါသည်။

ဂမ်ဘာရီ၏ နေရာတွင် အစားထိုး ဝင်ရောက်မည့် ပုဂ္ဂိုလ်အား တရားဝင် မခန့်အပ် နိုင်သေးခြင်းသည် မြန်မာစစ်အစိုးရ၏ ဆက်ဆံရေး တင်းမာမှုကြောင့် ဖြစ်ကြောင်း၊ ဆက်ဆံမှု တင်းမာနေသည့် အပေါ် ယုံကြည်မှု မရှိသောကြောင့် အချိန်မီ မခန့်အပ်နိုင်၊ မကြေညာနိုင် ဖြစ်နေရကြောင်း ၎င်းက ပြောဆိုပါသည်။

မစ္စတာ ဂမ်ဘာရီသည် ၂၀၀၆ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးသံတမန် အဖြစ် ပထမဆုံး လာရောက်ခဲ့သည်။ မစ္စတာ ဂမ်ဘာရီသည် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရာတွင် အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကဲ့သို့ပင် သိမ်မွေ့ နားလည်မှု နည်းလမ်း (Soft Approach) ကို အသုံးပြုခဲ့သည်။

၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလတွင် ကုလသမဂ္ဂ အရာရှိချုပ် တာဝန်ကို စတင် ထမ်းဆောင်ခဲ့သော မစ္စတာ နမ်ဘီးယားသည် ယခင်က ပါကစ္စတန်၊ တရုတ်၊ မလေးရှား၊ နှင့် အာဖဂန် နစ္စတန် ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂနှင့် စပ်လျဉ်း၍ အစဉ် ချောမွေ့မှု မရှိလှသော နိုင်ငံတစ်ခု ဖြစ်သည်။ အထူးသဖြင့် အမြဲတမ်း ကိုယ်စားလှယ် ငါးနိုင်ငံဖြင့် ဖွဲ့စည်းထားသော ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ (UNSC) တွင်လည်း လူ့အခွင့်အရေးနှင့် ပတ်သက်သော အရေးကိစ္စများ၊ ပြဿနာများ မကြာခဏ ဖန်တီး ဖြစ်ပေါ်စေသော နိုင်ငံ တစ်ခုလည်း ဖြစ်သည်။

DVB သတင်းဌာန၏ UN defends hiatus on Burma envoy ကို ဘာသာပြန်ဆိုပါသည်။

ဂျပန်နိုင်ငံ အလှူရှင် အဖွဲ့တစ်ခုနှင့် မြန်မာ့လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးဌာန တို့ ပြုလုပ်သော အစည်းဝေးမှ ထွက်ပေါ်လာသည့် သတင်း ပေါက်ကြားချက် တစ်ရပ်အရ လာမည့် အောက်တိုဘာလတွင် ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရ ပါသည်။

မြန်မာလယ်ယာ စိုက်ပျိုးရေး ဝန်ကြီးဌာန ဝန်ကြီးနှင့် စစ်အစိုးရ၏ လက်ကိုင် အဖွဲ့အစည်းကြီး ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (USDA) အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သော ဗိုလ်ချုပ်ဌေးဦး၏ ပြီးခဲ့သည့်နှစ် သြဂုတ်လက ဂျပန်နိုင်ငံသို့ သွားရောက်စဉ် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲ တစ်ရပ်မှ အဆိုပါ သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုစဉ်က ဗိုလ်ချုပ်ဌေးဦးသည် ဂျပန်နိုင်ငံရေးတွင် သြဇာကြီးမားသူလည်း ဖြစ်ပြီး နီပွန် ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌလည်း ဖြစ်သူ Yohei Sasakawa နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ သတင်း ပေးပို့ချက်အရ ၎င်းသည် ထိုစဉ်က ဂျပန် ရွေးကောက်ပွဲကို လေ့လာရန် သွားရောက် လည်ပတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အမည် မဖော်လိုသော ဂျပန် သတင်းရင်းမြစ် တစ်ခုက DVB သို့ ပြောပြချက်အရ မြန်မာနိုင်ငံတွင် ၂၀၁၀ အောက်တိုဘာလ၌ ရွေးကောက်ပွဲ ကျင်းပမည်ဟု ဗိုလ်ချုပ်ဌေးဦးက မစ္စတာ Sasakawa အား ပြောဆိုခဲ့ကြောင်း သိရသည်။ ရွေးကောက်ပွဲ ကျင်းပရန် လိုအပ်သော အထောက်အပံ့များနှင့် နည်းစနစ်များကို ပေးရန် ဂျပန်နိုင်ငံက ကမ်းလှမ်း ခဲ့သည်ဟုလည်း ဆိုသည်။

ထို့ပြင် အဆိုပါ ရွေးကောက်ပွဲနှင့် ပတ်သက်သော သတင်းမှာ ပြီးခဲ့သည့်နှစ် အောက်တိုဘာတွင် Sasakawa Peace Foundation မှ အမှုဆောင် ဒါရိုက်တာ Seki Akinori မြန်မာနိုင်ငံသို့ လာရောက်ပြီးနောက် ပိုမို ခိုင်မာလာကြောင်း၊ မစ္စတာ Seki သည် မြန်မာအစိုးရ၏ စီနီယာ အရာရှိကြီးများနှင့်လည်း တွေ့ဆုံခဲ့သည်ဟု ယူဆရကြောင်း သိရပါသည်။ Sasakawa Peace Foundation ကို မစ္စတာ Sasakawa က ထူထောင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သတင်းရင်းမြစ်၏ အဆိုအရ ၂၀၁၀ အောက်တိုဘာတွင် ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သည်ဟု မြန်မာအစိုးရက မစ္စတာ Seki အား အသိပေး ပြောဆိုခဲ့သည်။

ဇန်နဝါရီ ၇ ရက်နေ့ကလည်း ဂျပန်သတင်းစာ တစ်စောင် ဖြစ်သော Asahi Shimbun က အလားတူ သတင်းမျိုးကို ရေးသား ဖော်ပြခဲ့သေးသည်။ အဆိုပါ သတင်းစာ၏ အဆိုအရ ရွေးကောက်ပွဲနှင့် နိုင်ငံရေး ပါတီများ ဖွဲ့စည်းခွင့် ဆိုင်ရာ ဥပဒေများကို မြန်မာနှစ်သစ်ကူး ကာလ ဖြစ်သော ဧပြီလတွင် ထုတ်ပြန် ကြေညာလိမ့်မည်ဟု သိရသည်။

ထို့ပြင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဖိအားပေးမှုမှ သက်သာစေရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ရွေးကောက်ပွဲတွင် တရားဝင် ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီတစ်ခုအဖြစ် အသိအမှတ် ပြုလိမ့်မည်ဟု Asahi Shimbun က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ထိန်းသိမ်းထားခြင်း၊ သူမ၏ NLD ပါတီအပေါ် ကန့်သတ် ပိတ်ပင်မှုများ ပြုလုပ်ခြင်းများကြောင့် လာမည့် ရွေးကောက်ပွဲတွင် NLD အနေဖြင့် အနိုင် ရရှိမည့် အခွင့်အလမ်း လျော့နည်းသွားမည်ဟု စစ်အစိုးရ ခေါင်းဆောင်များက ယုံကြည်ကြောင်း စစ်အစိုးရ သတင်းရင်းမြစ် တစ်ခုက Asahi Shimbun သတင်းစာသို့ ပြောကြားသည်။

ဇန်နဝါရီလ ပထမပတ်အတွင်း စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ထုတ်ဖော် အသိပေးခဲ့သော်လည်း ရွေးကောက်ပွဲနှင့် ပတ်သက်သော အသေးစိတ်မှာမူ မရှင်းမလင်း ရှိနေဆဲပင် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ယခု ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ထုတ်ဖော် ကြေညာခြင်း မရှိသေးပေ။ ၂၀၀၈ ခုနှစ်တွင် ထွက်ပေါ်လာသော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေသည် စစ်တပ် အာဏာ ခိုင်မြဲရေးအတွက် အဓိက ဦးတည် ထားသောကြောင့် ပြန်လည် ပြင်ဆင် ရေးဆွဲရန် လိုအပ်သည်ဟုသာ NLD က ပြစ်တင် ဝေဖန်ထားသည်။

DVB သတင်းဌာန၏ Burma elections to be held in October ကို ဘာသာပြန်ဆိုပါသည်။

မြန်မာနိုင်ငံမှ တင်ပို့လိုက်သော ဆန်အိတ်ပေါင်း ၁၅၀၀၀ အား ဂါနာ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဘုတ်အဖွဲ့(FDB) နှင့် အမျိုးသား လုံခြုံရေးနှင့် စုံစမ်း စစ်ဆေးရေး ဗျူရိုအဖွဲ့ (BNI) တို့က မြန်မာပြည်သို့ ပြန်လည် တင်ပို့လိုက်ကြောင်း သတင်း ရရှိသည်။

အဆိုပါ ဆန်အိတ်များကို Stefanis သင်္ဘောဖြင့် မြန်မာပြည်မှ တင်ပို့လိုက်ခြင်း ဖြစ်ကြောင်း၊ သင်္ဘောပေါ်တွင် ဆန်အိတ်ပေါင်း နှစ်သိန်းသုံးသောင်း ပါဝင်ကာ ယခုအခါ မူလတင်ပို့နိုင်ငံ ဖြစ်သည့် မြန်မာပြည်သို့ ပြန်ပို့ရန် အမိန့် ထုတ်ထားကြောင်း ဂါနာနိုင်ငံ FDB က ဆိုသည်။

ဆန်များ မြန်မာပြည်သို့ ပြန်လည် တင်ပို့ရန် ပြင်ဆင်နေခိုက် Tema ဆိပ်ကမ်းတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ FDB အဖွဲ့၏ သွင်းကုန်၊ ထုတ်ကုန် ဌာနစု အကြီးအကဲ မစ္စတာ Emmanuel Yaw Kwarteng က အဆိုပါ ဆန်များကို ဓာတ်ခွဲခန်းတွင် စစ်ဆေးကြည့်ရာ အာဟာရ မပြည့်ဝသော ဆန်များ ဖြစ်ကာ စားသုံးရန် မသင့်သည်ကို တွေ့ရှိရသောကြောင့် မူလနိုင်ငံသို့ ပြန်လည် တင်ပို့ရန် အမိန့်ထုတ် လိုက်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဆန်အိတ် ၁၅၀၀၀ ကို သင်္ဘောပေါ်မှ ချကာ ကုန်လှောင်ရုံတွင် ထားရှိခဲ့ကြောင်း၊ ထို့နောက်တွင်မှ ဓာတ်ခွဲခန်းသို့ ပို့ကာ စစ်ဆေး ကြည့်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဆန်အိတ်များကို တင်ပို့လိုက်သူမှာ တောင်အာဖရိက နိုင်ငံမှ ဖြစ်သည်ဟု ယူဆရကြောင်း FDB က ဆိုသည်။

ယခုကဲ့သို့ ဆန်အိတ်များ ပြန်လည် တင်ပို့ရသည့် အဓိက ဦးတည်ချက်မှာ စားသုံးသူများအတွက် ကျန်းမာရေးနှင့် ကိုက်ညီသော အစားအသောက်များ ရရှိစေလိုသောကြောင့် ဖြစ်ပြီး အစားအသောက် လုံခြုံရေးကို ရည်ရွယ်ပါသည်ဟု မစ္စတာ Emmanuel က ပြောသည်။ ဆန်များ ဓာတ်ခွဲ စစ်ဆေးခြင်းနှင့် ပြန်လည် တင်ပို့ရန် ပြင်ဆင်ခြင်း စသည့် လုပ်ရပ်များကို ဂါနာနိုင်ငံ FDB၊ ဆိပ်ကမ်း အာဏာပိုင်အဖွဲ့နှင့် BNI တို့က ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

GNA သတင်းဌာန၏ FDB orders re-loading of unwholesome rice ကို ဘာသာပြန်ဆိုပါသည်။

ပြီးခဲ့သည့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဒုတိယ နေရာ ရရှိခဲ့သော ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီက ယခုနှစ် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆွေးနွေး ညှိနှိုင်းရန် ဖမ်းဆီး ထိန်းသိမ်း ခံထားရသော ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံလိုကြောင်း အဆိုပြု တောင်းဆိုလိုက်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ယင်းပါတီက မြန်မာ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နယက) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာတစ်စောင် ရေးသား ပေးပို့ခဲ့ခြင်း ဖြစ်သည်။

နယက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လွတ်လပ်ရေးနေ့ မိန့်ခွန်း ပြောဆိုရာ၌ လာမည့် ရွေးကောက်ပွဲများက နိုင်ငံရေး အဝန်းအဝိုင်းသစ်များကို ဖန်တီးမည် ဖြစ်ရာ မည်သူမဆို ပါဝင်နိုင်သည် ဟု ဆိုသည်။

SNLD မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးစိုင်းလိက်က "မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးနဲ့ အမျိုးသား စည်းလုံး ညီညွတ်ရေးနဲ့ ပတ်သက်ပြီး လာမယ့် ရွေးကောက်ပွဲမှာ အားလုံး မဖြစ်မနေ ပါဝင်ရမယ်လို့ ကျွန်တော်တို့ ပါတီက မြင်ပါတယ်" ဟု ပြောပါသည်။

ဖမ်းဆီးခံ ထားရသော ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးခွင့် ရရှိပါမှ SNLD အနေဖြင့် ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် အမျိုးသား စည်းလုံး ညီညွတ်ရေးတို့ကို ပါဝင် ဆောင်ရွက်နိုင်မည် ဖြစ်သည် ဟု ဗိုလ်ချုပ်မှူးကြီးထံ ပေးပို့သော စာတွင် ရေးသားထားသည်။

SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး မှာ ကချင်ပြည်နယ်၊ မြောက်ပိုင်း ပူတာအို အကျဉ်းထောင်တွင် ထောင်ဒဏ် ၉၃ နှစ်ဖြင့် ဖမ်းဆီး ထိန်းသိမ်း ခံထားရသည်။ ဦးခွန်ထွန်းဦးသည် ၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံရေး အသွင် ကူးပြောင်းမှုအတွက် သီးသန့် ဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ပြီးနောက် ဖမ်းဆီး ထိန်းသိမ်း ခံလိုက်ရခြင်း ဖြစ်ပြီး ယခုအခါ အကျဉ်းထောင်ထဲ၌ ကျန်းမာရေး ဆိုးရွားနေကြောင်း သိရသည်။

ဦးခွန်ထွန်းဦးနှင့် အတူ ဖမ်းဆီး ထိန်းသိမ်း ခံထားရသော အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် နှင့်လည်း တွေ့ဆုံ ဆွေးနွေး လိုပါသည်ဟု SNLD ၏ စာတွင် ရေးသားထားသည်။ ဦးစိုင်းညွန့်လွင်မှာ ထောင်ဒဏ် ၈၅ နှစ် ပြစ်ဒဏ် ခံထားရကြောင်း၊ ထို့အတူ SNLD ပါတီမှ အခြားပါတီ ခေါင်းဆောင် ရှစ်ဦးလည်း နှစ်ရှည် ထောင်ဒဏ်များ ကျခံထားရကြောင်း သိရသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် SNLD ပါတီက အမတ် နေရာ ၂၃ နေရာ အနိုင် ရရှိခဲ့ပြီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြီးလျှင် ဒုတိယနေရာတွင် ရှိခဲ့သည်။

DVB သတင်းဌာန၏ Shan Party eye 2010 election ကို ဘာသာပြန်ဆိုသည်။

CNN News, 6th January 2010

          တရုတ်နိုင်ငံ အရှေ့တောင်ဖက် ဒေသတွင် နေထိုင်သော ကလေး ၅၁ ဦး၏ သွေးထဲတွင် ခဲဆိပ် ပါဝင် နေသည်ကို (Lead Poisoning) တွေ့ရှိ ခဲ့ရပြီး အဆိုပါ ခဲဆိပ်သင့် ရောဂါသည် ဘက်ထရီ စက်ရုံနှင့် ဆက်စပ်နေသည်ဟု အာဏာပိုင်များက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ထုတ် ပြန်ပါသည်။

          အထက်ပါ ဖြစ်ရပ် ဖြစ်ပွားခဲ့သော ဒါဖင် စီးပွားရေးဇုံ ဂျန်စုရှိ အီကောင်ရွာတွင် ရွာရှိ ကလေး ၁၃၂ ဦးအနက် ၁၁၀ ကို စစ်ဆေးခဲ့ရာ တစ်ဝက်နီးပါး ဖြစ်သည့် ၅၁ ဦးတွင် ခဲဆိပ် သင့်မှုကို တွေ့ရှိရကြောင်း ဆင်ဟွာ သတင်းဌာနက ပြောကြားပါသည်။

          ဒါဖင်ရှိ အစိုးရ အဖွဲ့အစည်းများ၏ ပြောကြားမှုအရ အဆိုပါ ကိစ္စကို အစိုးရက စုံစမ်း စစ်ဆေးမှု များ ပြုလုပ်မည် ဖြစ်ပြီး စက်ရုံကို ယင်းဒေသမှ ရွှေ့ပြောင်းရန် လိုအပ်သည်ဟု သိရပါသည်။

          ကလေးပေါင်း ၁၀၀ ကျော်နှင့် ဘက်ထရီ စက်ရုံ အလုပ်သမားများတွင် ခဲဆိပ်သင့်မှု ရှိသည်ဟု ရွာသားများက ပြောဆိုကြောင်း ဒေသ သတင်း ဝက်ဘ်ဆိုက် တစ်ခု ဖြစ်သည့် ဂျန်စု သတင်းများတွင် ဖော်ပြထားပါသည်။

          သို့ရာတွင် ဒါဖင် ရှန်ဇီယန်း ဘက်ထရီ ကုမ္ပဏီ၏ ဒါရိုက်တာကမူ စက်ရုံကို အပြစ်မဖို့သင့်ဟု ပြောကြားခဲ့ပါသည်။ ၎င်းက သတင်းထောက်များကို ပြောကြားရာတွင် စက်ရုံ၌ ညစ်ညမ်းမှု ထိန်းသိမ်းရေး ကိရိယာများ တပ်ဆင်ထားပြီး အစိုးရ အာဏာပိုင်များကလည်း စက်ရုံ ထုတ်လုပ်မှုကို စစ်ဆေး အတည် ပြုပြီး ဖြစ်သည်ဟု ဆိုပါသည်။

          တရုတ်နိုင်ငံသည် ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ဆိုင်ရာ ကဏ္ဍများကို လျစ်လျှူရှု၍ စီးပွားရေး လျှင်မြန်စွာ ကြီးထွားရေးကိုသာ အာရုံ စူးစိုက်နေသည်ဟု ဝေဖန် ပြစ်တင်မှုများ ရှိနေပါသည်။ စက်မှုကဏ္ဍ၏ ညစ်ညမ်းမှု ဘေးထွက် ဆိုးကျိုး ဖြစ်သော ခဲဆိပ်သင့်မှု ကိစ္စများနှင့် ပတ်သက်၍ အစီရင်ခံ မှုများ ယခင်နှစ်က ပြည်နယ်ပေါင်း များစွာတွင် ရှိခဲ့ပါသည်။

          ပြီးခဲ့သော နွေရာသီက ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် ထောင်နှင့် ချီသော ကလေးများ ခဲဆိပ် သင့်မှု ဖြစ်ပွား ခဲ့ပြီးနောက် သံသတ္တု အရည်ကျို စက်ရုံ ၂၃ ခုကို အစိုးရက ပိတ်ပစ်ခဲ့ပါသည်။

          တရုတ်နိုင်ငံ အနှံ့အပြားရှိ ဘက်ထရီ လုပ်ငန်းရှင်များနှင့် သံရည်ကျို လုပ်ငန်းရှင်များ၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်များမှာ လျော့ရဲမှုများ ရှိပြီး ဓာတုပစ္စည်းများ သုံးစွဲသည့် စက်ရုံ အနေဖြင့် ညစ်ညမ်းမှု မြင့်မားသည်ကို မသိရှိ ကြသောကြောင့် ဖြစ်သည်ဟု ဒါဖင် မြူနီစပယ် ပတ်ဝန်းကျင် ကာကွယ်ရေး ဗျူရို အရာရှိက China Daily သို့ ပြောကြားခဲ့ပါသည်။

          ခဲဆိပ် သင့်မှုကြောင့် ထိခိုက်နစ်နာမှု အရှိဆုံးသူများမှာ ကလေးသူငယ်များ ဖြစ်သည်ဟု ဆရာဝန်များက ပြောကြား ခဲ့ကြပြီး အာရုံကြော စနစ်ကို ထိခိုက်စေသဖြင့် သင်ယူ လေ့လာမှုနှင့် အပြုအမူ ဆိုင်ရာ ချို့ယွင်းမှုများ ဖြစ်ပွားစေနိုင်သည်ဟု သိရှိရပါသည်။

          ရောဂါ ပြင်းထန်လျင်မူ အသက် အန္တရာယ်ကိုပင် ထိခိုက် နိုင်သည်ဟုလည်း ဆိုပါသည်။

VOA News, 9th January 2010

          ဘင်္ဂလား ပင်လယ်အော်ရှိ ပင်လယ်ပြင်နှင့် ပတ်သက်၍ ကာလ ကြာမြင့်စွာ အငြင်းပွားနေမှုကို ဖြေရှင်းနိုင်ရန် အလျှော့အတင်းလုပ် ညှိနှိုင်းကြမည်ဟု မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်က ပြောကြားပါသည်။

          ဘင်္ဂလားဒေ့ရှ် ဆိပ်ကမ်းမြို့တော် စစ်တကောင်းတွင် ပြုလုပ်သော ဆွေးနွေးပွဲ အပြီး စနေနေ့တွင် အထက်ပါ ဆုံးဖြတ်ချက်ကို နှစ်ဖက်စလုံးက ကြေညာခဲ့ပါသည်။

          ညီတူညီမျှ အကွာအဝေးနှင့် တရားမျှတမှု စည်းမျဉ်းများကို ပေါင်းစပ်ကာ နယ်မြေ ပိုင်နက် ပိုင်းခြားမှု ဆိုင်ရာ သဘော တူညီချက်များ ရရှိခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် သတင်း ရပ်ကွက်က ပြောကြား ပါသည်။

          ပင်လယ်ပြင် ပိုင်နက်ကိစ္စနှင့် ပတ်သက်သော ဒုတိယအကြိမ် ဆွေးနွေးပွဲကို မြန်မာနိုင်ငံတွင် လာမည့် ဧပြီလ၌ ကျင်းပ နိုင်လိမ့်မည်ဟု နှစ်ဖက်စလုံးက ဆိုပါသည်။

          အဆိုပါ အငြင်းပွား နယ်မြေသည် မိမိတို့၏ သီးသန့် စီးပွားရေးဇုံ အတွင်းတွင် ရှိသည်ဟု မြန်မာနိုင်ငံက ပြောကြားခဲ့ပြီး အဆိုပါ ရေပြင်တွင် ရေနံနှင့် ဓာတ်ငွေ့ ရှာဖွေရေး ပလက်ဖောင်းကို တည်ဆောက်ခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်ကလည်း မြန်မာတို့သည် နယ်မြေကို ချဲ့ကား၍ ပြောဆိုနေခြင်း ဖြစ် သည်ဟု ပြန်လည် စွပ်စွဲခဲ့ပါသည်။

          မြန်မာနိုင်ငံက တောင်ကိုရီးယား ကုမ္ပဏီကို ရေနံ ရှာဖွေရန် ခွင့်ပြု ခဲ့ပြီးနောက် ပြီးခဲ့သော နိုဝင်ဘာလတွင် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ နှစ်ဖက် စစ်တပ်များ တင်းမာမှု ဖြစ်ပွားခဲ့ပါသည်။

Mizzima News, By Dr. Tint Swe, 9th January 2010

          ယခု ရက်ပိုင်းအတွင်း သေဒဏ် ချမှတ်သော အမှုများ တရုတ် နိုင်ငံနှင့် မြန်မာနိုင်ငံ တို့တွင် ပေါ်ထွက် လာခဲ့ပါသည်။ တိုက်ဆိုင်မှု တစ်ခုမှာ အဆိုပါ အမှုများသည် နှစ်နိုင်ငံ စလုံး၌ ၂၀၀၉ ခုနှစ် ဇူလိုင်လတွင် စတင် ခဲ့ကြခြင်း ဖြစ်ပါသည်။ အားလုံးသည် အုပ်ချုပ်သူ အာဏာရှင်များကို ဆန့်ကျင်မှုများချည်း ဖြစ်စေပါသည်။

          နေ့တိုင်း ဆိုသလိုပင် မြန်မာနိုင်ငံတွင် ပြည်သူများ၏ အာဏာ ဖီဆန်သော ဖြစ်ရပ်များကို ကြားသိနေရပါသည်။ သောကြာနေ့က ပြည်ပ မီဒီယာများသို့ နိုင်ငံတော် လျှို့ဝှက်ချက်များ ပေါက်ကြားစေ မှုကြောင့် လူသုံးဦးအား ဖမ်းဆီး အပြစ်ပေး ခဲ့ပါသည်။ ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်မှာ သေဒဏ်နှင့် ထောင်ဒဏ် အနှစ်နှစ်ဆယ်၊ သူရကျော် (ခေါ်) အောင်အောင်ကိုမှာ သေဒဏ်နှင့် ထောင်ဒဏ် ၁၅ နှစ်၊ ဗျန်စိန်မှာ ထောင်ဒဏ် ၁၅ နှစ် အသီးသီး အင်းစိန်ထောင် အတွင်းရှိ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးမှ ပြစ်ဒဏ် ချမှတ်ခဲ့ပါသည်။

          ပြစ်ဒဏ်ချ ခံရသူများမှာ အစိုးရ ဝန်ထမ်းများ ဖြစ်ကြပါသည်။ နှစ်ဦးမှာ ယူနီဖောင်းဝတ် အရာရှိများ ဖြစ်ကြပါသည်။ ထိုအရာကို ကြည့်ခြင်းအားဖြင့် စစ်သားများရော အရပ်သား ဝန်ထမ်းများပါ အုပ်ချုပ်သူ အာဏာရှင်များကို ဆန့်ကျင်လျက် ရှိသည် ဆိုသည်ကို ပြသ နေပေသည်။

အစိုးရ ဝန်ထမ်း များတွင် ထိုကဲ့သို့သော သတ္တိရှိသူများ ရှိလိမ့်ဦးမည်မှာ အသေအချာပင် ဖြစ်ပါသည်။ ၎င်းတို့ သုံးဦးအနက် တစ်ဦးမှာ ၂၀၀၁ ခုနှစ်က ရဟတ်ယာဉ် ပျက်ကျပြီး သေဆုံးသွားသော ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦး၏ ကိုယ်ရေး အရာရှိ လုပ်ခဲ့ဖူးပါသည်။

          စစ်အစိုးရသည် "နိုင်ငံတော်" (State) ဆိုသည့် စကားလုံးကို အလွန် ကြိုက်နှစ်သက်စွာ သုံးစွဲပြီး၊ ၎င်းတို့ကို ကိုယ်စားပြုသည်ဟု အဓိပ္ပါယ် ကောက်ယူထားကြပါသည်။ ပြည်သူလူထု အတွက် လိုအပ်ချက်အရ လုပ်ဆောင် ပေးမှုများကို နိုင်ငံတော်၏ လုပ်ဆောင်ချက်ဟု အမြဲ ပြောလေ့ ရှိပါသည်။ ဥပမာ အားဖြင့် စာသင်ကျောင်း ဆောက်လုပ်မှု ကုန်ကျငွေများအား နိုင်ငံတော်၏ လက်ဆောင်ဟု ပြောလေ့ ရှိပါသည်။ ထို့အတူ နိုင်ငံတကာမှ အကူအညီများကို အစိုးရက ကိုင်တွယ် ကြိုးကိုင်ပြီး အလွဲ သုံးစားပြုမှု များကို မြန်မာ နိုင်ငံသားများ ဘာမျှ မပြောနိုင်ပေ။

ဤနည်းအတိုင်းပင် ၂၀၀၈ ခုနှစ်က တိုက်ခဲ့သော ဆိုင်ကလုံး နာဂစ်အတွက် နိုင်ငံတကာ အကူအညီများကိုလည်း နိုင်ငံ အကြီးအကဲ ခေါင်းဆောင်က လုပ်ပေးသလိုလို အစိုးရက သုံးနှုန်း ပြောဆိုခဲ့ပါသည်။

          ယခင်က မြန်မာနိုင်ငံတွင် ဆိုရှယ်လစ် စနစ်ကို ၂၆ နှစ် ကျင့်သုံးစဉ်ကလည်း "ပြည်သူ" (People) ဆိုသည့် စကားကို ရေလဲ သုံးခဲ့ဖူးပါသည်။ နေရာ တကာတွင် "ပြည်သူ" ဆိုသည့် စကားကို ဆိုင်းဘုတ်များ၌ တွေ့ခဲ့ကြရသည်။ သို့သော် မြန်မာနိုင်ငံသည် ၁၉၈၇ တွင် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများ စာရင်းတွင် ပါဝင်ခဲ့ရသည်။ ထိုအရာများသည် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌ အပေါ်မှာသာ တာဝန်ရှိပါသည်။ ထိုကဲ့သို့ ဟန်ပြ စကားလုံး အသုံးပြုမှုမှာ စစ်ဗိုလ်ချုပ်များ၏ ပုံမှန် အလေ့တစ်ခု ဖြစ် လာပြီး၊ ယနေ့တိုင် အရိုးစွဲ လာသည်မှာ ၄၈ နှစ်ခန့်ရှိပြီ ဖြစ်ပါသည်။

          ယခုလည်း နိုင်ငံတော် လျှို့ဝှက်ချက်အတွက် သေဒဏ်ပေးခဲ့ပြန်ပြီ ဖြစ်ပါသည်။ လျှို့ဝှက်ချက် ဆိုတာ ဘာလဲ၊ လျှို့ဝှက်ချက်များ မီဒီယာနှင့် ပြည်သူများသို့ ပေါက်ကြားခဲ့ပါက မည်သည့် အကျိုးဆက်များ ဖြစ်လာမည်နည်း။

          ယခု ပေါက်ကြားသော လျှို့ဝှက်ချက် ဆိုသည်မှာ နိုင်ငံတော်မှ မြောက်ကိုရီးယား၊ ရုရှားနှင့် အိန္ဒိယနိုင်ငံသို့ အလည်အပတ် သွားရောက်သော တရားဝင် မှတ်တမ်းများ ဖြစ်ပါသည်။ တရုတ်နိုင်ငံ အပြင် အဆိုပါ သုံးနိုင်ငံမှာ အစိုးရကို စိတ်ပါလက်ပါ ကူညီနေသော နိုင်ငံများ ဖြစ်ကြပါသည်။ မြန်မာ နိုင်ငံသားများသည် အဆိုပါ အထောက်အထားများကို ကြည့်၍ မြန်မာ ခေါင်းဆောင်များ အဆိုပါ သုံးနိုင်ငံ နှင့် မည်သည့် သဘော တူညီချက်များ ရရှိခဲ့သလဲ ဆိုသည်ကို စိတ်ဝင်စားခဲ့ကြသည်။

          မြောက်ကိုရီးယားသည် မြန်မာနိုင်ငံ၏ မြို့တော်အသစ် နေပြည်တော် အနီးတဝိုက်ရှိ မြေအောက် ဥမင်လိုဏ်များနှင့် ပတ်သက်၍ နည်းပညာများ အကူအညီပေးပါသည်။ ထို့အပြင် ကင်ဂျုံအီ သည် နျူကလီယာ နည်းပညာများလည်း မျှဝေပေးပါသည်။ ဥမင် လှိုဏ်ခေါင်းများ ဆောက်လုပ်နေမှု ဓာတ်ပုံများကို အင်တာနက်တွင် ကြည့်ရှုနိုင်ပါသည်။ မြောက်ကိုရီးယား သင်္ဘောများကလည်း မြန်မာ နိုင်ငံသို့ လာကြပါသည်။

          ရုရှားနိုင်ငံကလည်း မြန်မာနိုင်ငံ၏ နံပါတ်နှစ် ခေါင်းဆောင် မှတဆင့် နျူကလီယာနှင့် စစ်ရေး ဆိုင်ရာ အကူအညီများ ပေးရန် ကတိကဝတ်များ ရှိပါသည်။ ပြီးခဲ့သည့် ခရစ်စမတ် မတိုင်မီက ရုရှား သည် မြန်မာနိုင်ငံအား MIG 29 တိုက်လေယာဉ် အစီး ၂၀ ရောင်းချရန် စာချုပ် ချုပ်ဆိုခဲ့ခြင်းသည် သက်သေပင် ဖြစ်ပါသည်။ အဆိုပါ စာချုပ် တန်ဖိုးသည် ယူရိုသန်း ၄၀၀ တန်ဖိုး ရှိပါသည်။ စစ်အစိုးရသည် ကျန်းမာရေးအတွက် ဘတ်ဂျက် ၃ % သာ အသုံးပြုနေချိန်တွင် စစ်တပ်အတွက် ဘတ်ဂျက်၏ ၄၀% ကို အသုံးပြုနေပါသည်။

          အိန္ဒိယနိုင်ငံမှရော မည်သည်တို့ တွေ့ရသနည်း။ Dr.APJ Abdul Kalam ခေါင်းဆောင်သော အဖွဲ့ဝင် ခုနှစ်ဦးပါ ကိုယ်စားလှယ် အဖွဲ့သည် ကုလားတန် စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ သန်း ၉၀၊ အဆိုပါ စီမံကိန်းအတွက် ချေးငွေ ဒေါ်လာ ၁၀ သန်း၊ Cyber Optical Link အတွက် ဒေါ်လာ ၇ သန်း၊ ရန်ကုန်တွင် ဂြိုလ်တု ဆက်သွယ်ရေးစခန်း အဆင့်မြှင့်ရေးအတွက် ဒေါ်လာ ၁.၃သန်း၊ မန္တလေးတွင် ICT Pask ထူထောင်ခြင်း၊ နိုင်ငံခြား ပညာတော်သင်အတွက် ဒေါ်လာ ၃ သန်း၊ e-government အစီအစဉ် အတွက် ပညာသင် အရာရှိ ၅၀၊ Ph.d ကျောင်းသား ၂၀၊ ရန်ကုန်နှင့် မန္တလေး တက္ကသိုလ်တို့တွင် သိပ္ပံ စမ်းသပ်ခန်းများ အဆင့်မြှင့်ပေးရေး၊ စီးပွားရေး လုပ်ငန်းရှင် ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုဌာန တည်ထောင်ခြင်းများကို ပေးအပ်ခဲ့ပါသည်။ မြန်မာအစိုးရ၏ လမ်းညွှန် မြေပုံကို သွားရာတွင် နိုင်ငံရေးအရ ထောက်ခံမှုများ ပေးမည် ဖြစ်ကြောင်း ၂၀၀၆ ခုနှစ် မတ်လ ၆ ရက်နေ့က အိန္ဒိယက ကတိပေးခဲ့ပါသည်။ အိန္ဒိယသည် UNHCR ၊ ILO နှင့် UN တို့တွင် မြန်မာနိုင်ငံကို အကာအကွယ် ပေးမည်ဟု ဆိုပါသည်။

          အိန္ဒိယသည် ၎င်း၏ ကတိနှင့် အညီ အစည်းအဝေး ၃ ခုတွင် SPDC အား ထောက်ခံခဲ့ပါသည်။

          ဝမ်းနည်းစရာ ကောင်းသော သတင်း တစ်ခုမှာ ၂၀၁၀ ဇန်နဝါရီလမှ စ၍ လစာများ တိုးရန် ကြေညာချက် ဖြစ်ပါသည်။ စစ်အစိုးရသည် လာမည့် ရွေးကောက်ပွဲတွင် မိမိတို့ အနိုင်ရရေး သေချာအောင် ပြင်ဆင်မှုများ ပြုလုပ်နေခြင်း ဖြစ်ပါသည်။ အစိုးရက ပြည်သူလူထုကို ပြောလိုသည့် အချက်မှာ အစိုးရ ပေးသော လစာတိုးမှုကို လက်ခံမလား၊ ၎င်းတို့ကို ထောက်ခံမည်လော (သို့မဟုတ်) ထောင်ဒဏ် အနှစ် ၂၀၊ သေဒဏ် တို့ကို ရွေးမလား ဟူသော အချက်ပင် ဖြစ်ပါသည်။

          တစ်ချိန်တည်းမှာပင် DVB သတင်းထောက် မြန်မာ အမျိုးသမီးအား ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ရာ၊ သေဒဏ် ပေးသည်နှင့် အတူတူပင် ဖြစ်ပါသည်။