Transparency Myanmar

transparency.myanmar@gmail.com

Thai News Agency, 11th January 2010

ထိုင်းနိုင်ငံ တောင်ပိုင်း Chumphon ပြည်နယ်ရှိ နေအိမ် တစ်ခုတွင် မြန်မာ အကိုင်အကိုင် ရှာဖွေသူ ပွဲစားများနှင့် တရားမဝင် မြန်မာအလုပ်သမား အယောက် ၃၀ အား ထိုင်း စစ်သားများက ဇန်နဝါရီလ၁၀ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဗိုလ်မှူး Thanaphan Sukprasert ဦးဆောင်သော တပ်ဖွဲ့ဝင် ၁၅ ဦးပါ တပ်စု တစ်စုသည် Chumphon ပြည်နယ်၊ Tha Sae မြို့ရှိ အိမ်တစ်အိမ်ကို ဝင်ရောက် စီးနင်းရာမှ အဆိုပါ မြန်မာနိုင်ငံသား အလုပ်ပွဲစားများနှင့် တရားမဝင် မြန်မာ အလုပ်သမားများကို ဖမ်းမိခြင်း ဖြစ်ကြောင်း၊ ထိုအိမ်သည် တရားမဝင် လုပ်သားများ ရှာဖွေ စုဆောင်းပြီး အခြားသော ပြည်နယ်များသို့ ပို့လွှတ်လျက် ရှိသည် ဟူသော သတင်းပေးမှုကို အခြေခံကာ ယင်းသို့ ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ထိုင်း သတင်း အေဂျင်စီ(TNA) က ပြောသည်။

ထိုအိမ်မှ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁၄ ဦးဖမ်းမိခဲ့သည်။ ယင်းတို့နှင့် အတူ ကိုဆာ နှင့် မစွာ အမည်ရ အလုပ်ပွဲစား မြန်မာနိုင်ငံသား နှစ်ဦးကိုလည်း ဖမ်းမိနိုင်ခဲ့သည်ဟု ဆိုသည်။ ထိုနှစ်ဦးသည် ထိုင်းနိုင်ငံရှိ တရားမဝင် အလုပ်သမား ဂိုဏ်းတွင် ပွဲစား လုပ်နေသူများ ဖြစ်သည်။

ကနဦး စုံစမ်း စစ်ဆေးမှုအရ ထိုင်းနိုင်ငံမှ လူထုအဖွဲ့အစည်း ခေါင်းဆောင် တစ်ဦးနှင့် စီးပွားရေးသမား တစ်ဦးလည်း တရားမဝင် လုပ်သားများ ကုန်ကူးမှုတွင် ပါဝင် ပတ်သက်နေသည်။

တရားမဝင် လုပ်သားများသည် ရနောင်းမြို့မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ပြီး Chumphon ရှိ လုံခြုံ စိတ်ချရသော အိမ်တစ်အိမ်တွင် ခေတ္တ ခိုလှုံကြရသည်။ ထိုမှ တစ်ဆင့် Samut Sakhon၊ Chonburi၊ Surat Thani နှင့် Songkhla မြို့များရှိ စက်ရုံများတွင် အလုပ် လုပ်ကိုင်ရန် စေလွှတ်ခြင်း ခံရသည်။

ယခု ဖမ်းမိသော တရားမဝင် အလုပ်သမားများသည် အလုပ် ရရှိရန် ပွဲစားများကို ဘတ်ငွေ ၅၀၀၀ မှ ၇၀၀၀ အထိ ပေးခဲ့ကြရသည်။ ယင်းသို့ ပေးရာတွင်လည်း ၎င်းတို့၏ ခရီးစဉ် အကွာအဝေးပေါ်တွင် မူတည်ကာ ဈေးနှုန်း ကွဲပြား ခြားနားမှု ရှိသည်။ လမ်းခရီးရှိ စစ်ဆေးရေး ဂိတ်တစ်ခုတွင် ထိုင်း ရဲတပ်ဖွဲ့အား ဘတ်ငွေ ၅၀၀ ပေးခဲ့ရသည်။

ဖမ်းဆီးရမိသော တရားမဝင် လုပ်သားများအား ၎င်းတို့၏ နိုင်ငံများသို့ ပြန်မပို့မီ ထိုင်းရဲများက စစ်ဆေး မေးမြန်းမှုများ၊ မှတ်တမ်း ရယူမှုများ ပြုလုပ်ခဲ့သည်။ တရားမဝင် အလုပ်သမားများ ရှာဖွေ စုဆောင်းသည့် ဂိုဏ်းတွင် ပါဝင် ပတ်သက်နေသည့် ထိုင်းနိုင်ငံသားများကိုလည်း ဆက်လက် ဖော်ထုတ် သွားမည်ဟု သိရသည်။

BBC News , 12 Jan 2010

          တရုတ်ဗဟိုဘဏ်သည် ၎င်း၏ဘဏ်စနစ်တွင် ငွေချေးမှုအား ထိန်းချုပ်ရန် ရည်ရွယ်၍ ဝင်ရောက်ကိုင်တွယ်ခဲ့ပါသည်။

          ယခုအခါတရုတ်ဘဏ်များသည် အရံအဖြစ်ထားရန်အတွက် ဈေးကွက်ထဲရှိ ငွေများ ပြန်သိမ်းရမည် ဖြစ်ပါသည်။ ၂၀၀၈ ခုနှစ်ဇွန်လကတည်းက ယခုပထမအကြိမ် အရံငွေ တိုးမြှင့်ရန် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး၊ စီးပွားရေး လုပ်ငန်း များမှ ငွေများ ပြန်လည် ထုတ်ယူရမည် ဖြစ်ပါသည်။

          မကြာသေးခင်က တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်က ဘဏ်များသို့ ငွေးချေးမှုများ ထိန်းချုပ်ရန် တိုက်တွန်းခဲ့ပြီး ဟန်ချက်ညီရန် လိုကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

          တရုတ်သည် ငွေကြေး ဖောင်းပွမှုနှင့် စတော့နှင့် အခြေပစ္စည်းများပါဝင်သော ပိုင်ဆိုင်မှု ပူဖောင်း ပေါက်မည်ကို စိုးရိမ်သဖြင့် အလေးထားဆောင်ရွက်နေပါသည်။

          The People's Bank of China သည် တစ်နှစ်ငွေတိုက်စာချုပ်တွင် အတိုးနှုန်းများကို မြှင့်ပေးခဲ့ပြီး၊ လည်ပတ်နေသော ငွေထဲမှ ငွေပြန်သိမ်းရန် ရည်ရွယ်ခဲ့ပါသည်။

          ဗဟိုဘဏ်သည် ဘဏ်များသို့ ၎င်းတို့၏ ချေးငွေများအလွန်အကျွံမဖြစ်ရေးအတွက် စိစစ်ရန် အဆက်မပြတ်တိုက်တွန်းနေခဲ့ပါသည်။

          မိမိတို့၏ ဘဏ်များအနေဖြင့် ငွေချေးမှုသည် ဟန်ချက်ညီမှ ကောင်းမည်ဖြစ်ကြောင်း၊ အလွန်အကျွံချေးငွေထုတ်ပေးမှုမဖြစ်စေလိုကြောင်း ဝမ်ကြားပေါင်က ပြောခဲ့သည်ဟု Xinhua သတင်းဌာန၏ အဆိုအရသိရှိရပါသည်။

          ဘဏ်များသည် ဇန်နဝါရီလ ပထမအပတ်တွင် ချေးငွေ ယွမ် ၆၀၀ ဘီလီယံ (ဒေါ်လာ ၈၈ ဘီလီယံ၊ ပေါင်စတာလင် ၅၄ ဘီလီယံ)ထိ တိုးမြင့်လာကြောင်း၊ နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြပြီးနောက် ထိုသို့ထိန်းချုပ်မှုများပေါ်ထွက်လာခြင်းဖြစ်ပါသည်။

          တရုတ်နိုင်ငံသည် ပြီးခဲ့သည့် နှစ်က ကမ္ဘာ့စီးပွားရေးကျဆင်းမှုကြောင့် စီးပွားရေးတိုးတက်မှု ကျမသွားအောင် အနည်းငယ် အရှုံးခံမည့် ငွေကြေးမူဝါဒ (Moderately Loose) ကို ကျင့်သုံးခဲ့ပါသည်။

          ထို့ကြောင့် ကမ္ဘာတစ်ဝှမ်းရှိ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် အခြားနိုင်ငံများ စိုးရိမ်သော စီးပွားရေးတိုး တက်မှုနှုန်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံသည် စိုးရိမ်စရာမရှိခဲ့ပေ။

          ယခုနှစ်တွင် တရုတ်နိုင်ငံစီးပွားရေး တိုးတက်မှုနှုန်းသည် ၈% ရှိရန် ရည်မှန်းထားသည်ဟု ကျေညာခဲ့ပါသည်။

DVB News, 12th January 2010

          အကယ်၍ ရွေးကောက်ပွဲ ဥပဒေ ကြေညာသည့်ရက် နောက်ကျမှုကြောင့် ပါဝင် ယှဉ်ပြိုင်ရန် အချိန် မလုံလောက်ခဲ့ပါက ယခုနှစ် ရွေးကောက်ပွဲများကို ပါဝင် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ထားခြင်းကို ပြန်လည် စဉ်းစားရလိမ့်မည်ဟု မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီ ဥက္ကဋ္ဌတစ်ဦးက ပြောကြားခဲ့သည်။

          မြန်မာနိုင်ငံရေး လောကအတွင်း လက်ရှိ အစိုးရနှင့် ဖြစ်စေ၊ အတိုက်အခံများနှင့် ဖြစ်စေ ပူးပေါင်းခြင်း မရှိသော "တတိယအင်အားစု" နိုင်ငံရေး ပါတီများ အနက်မှ တစ်ခု ဖြစ်သည့် ဒီမိုကရက်တစ် ပါတီတွင် မြန်မာနိုင်ငံ၏ ပထမဆုံး အရပ်သား ဝန်ကြီးချုပ် ဦးနု၏ သမီးဖြစ်သူ ဒေါ်သန်းသန်းနု ပါဝင်သည်။

          ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်ရေးနှင့် ပတ်သက်သော ဥပဒေများကို လူသိရှင်ကြား မထုတ်ပြန် သေးသောကြောင့် လုံလောက်သော ပြင်ဆင်ချိန် ရနိုင်မည် မဟုတ်၍ နိုင်ငံရေး ပါတီများက စောင့်ကြည့် နေကြသည်ဟု ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ယမန်နေ့က ပြောကြားသည်။

          ရွေးကောက်ပွဲ ဥပဒေတွင် အဖွဲ့အစည်းများနှင့် လူ ပုဂ္ဂိုလ်များ မြောက်မြားစွာ ပါဝင် ယှဉ်ပြိုင်ခြင်း မပြုနိုင်ရန်အတွက် တားမြစ်ချက်နှင့် ကန့်သတ်ချက် မြောက်မြားစွာ ပါဝင်လိမ့်မည်ဟု မိမိတို့ မျှော်လင့်ထားကြပြီး ရွေးကောက်ပွဲ ဝင်မည့် ပါတီများသည် ၁၉၉၀ ရွေးကောက်ပွဲ ကထက် ပို၍ နည်းသွားလိမ့် မည်ဟု ယူဆကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

          ဒီမိုကရက်တစ် ပါတီသည် နိုင်ငံရေးပါတီများ ဖွဲ့စည်းခွင့် အပါအဝင် ရွေးကောက်ပွဲ ဥပဒေကို ကြေညာရန် တိုက်တွန်းသော စာတစ်စောင်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ယခင်ကပင် ပေးပို့ခဲ့ပြီး ဖြစ်သည်။

          ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို မြန်မာအစိုးရက ယခုတိုင် ကြေညာခြင်း မရှိသော်လည်း ဂျပန် သတင်းစာ တစ်စောင်မှ သတင်း ရရှိမှုအရ လာမည့် အောက်တိုဘာလတွင် ကျင်းပရန် တပ်မတော် ခေါင်းဆောင်များက ပြင်ဆင်နေသည်ဟု ယခင် အပတ်က ဖော်ပြခဲ့သည်။

          မြန်မာ နှစ်သစ်ကူး ကာလဖြစ်သော ဧပြီလတွင် ရွေးကောက်ပွဲ ဥပဒေကို ကြေညာလိမ့်မည် ဟုလည်း ဆိုသည်။ သို့ဆိုပါက နိုင်ငံရေး ပါတီများအား ပြင်ဆင်ချိန် ၆ လ သာ ခွင့်ပြုခြင်း ဖြစ်သည်။ တတိယအင်အားစု နိုင်ငံရေးသမား တစ်ဦးက ပြောကြားခဲ့ရာတွင် ရွေးကောက်ပွဲကို လွတ်လပ်စွာ ပါဝင် ယှဉ်ပြိုင်ခွင့်ကို အမျိုးမျိုး တားဆီး ပိတ်ပင်ထားခြင်းသည် လက်ရှိ စစ်ဖက် အစိုးရနှင့် ပူးပေါင်းထားသော အုပ်စုများကို မျက်နှာသာ ပေးထားခြင်းပင် ဖြစ်သည်ဟု ဆိုသည်။

          မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးကို အမြစ်တွယ်ရန် ရည်ရွယ်၍ အတုအယောင် ရွေးကောက်ပွဲကိုသာ အစိုးရက ကျင်းပ ပေးလိမ့်မည် ဟုသော စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရသည့် အဆိုပါ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နိုင်မှုနှင့် ပတ်သက်၍ အခြားသူများက ရောထွေးနေသော ထင်မြင်ချက်များ ပေးခဲ့ကြသည်။

          မိမိတို့၏ အယူအဆများနှင့် နိုင်ငံရေး သုံးသပ်ချက်များသည် ပြည်သူများအတွင်း ပျံ့နှံ့နေပြီ ဖြစ်၍ နိုင်ငံရေးအရ မိမိတို့ အဆင်သင့် ဖြစ်နေပြီဟု ပြောနိုင်သည်ဟု Union of Myanmar Federation of National Politics ပါတီမှ ဦးအေးလွင်က ပြောကြားသည်။

          မိမိတို့၏ ယုံကြည်ချက်များ၊ လုပ်ထုံးလုပ်နည်းများ နှင့်အတူ မိမိတို့ပါတီသည် ရှေ့တန်းတွင် ခိုင်မာသော အနေအထားကို ရရှိနေသည်ဟု ပြောကြားသူမှာ Union Democracy Alliance မှ ဦးနေမျိုးဝေ ဖြစ်သည်။

          အဓိက အတိုက်အခံ ပါတီ NLD ကမူ ပါဝင် ယှဉ်ပြိုင်ခြင်း ပြု၊ မပြုကို ယခုတိုင် မကြေညာသေးပါ။ မြန်မာနိုင်ငံတွင် နောက်ဆုံး ကျင်းပခဲ့သော ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း စစ်ဖက်အစိုးရက ရွေးကောက်ပွဲ ရလဒ်များကို အသိအမှတ် ပြုရန် ငြင်းဆန်ခဲ့ပြီး ပြည်သူ ချစ်သော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။

DVB News, 12th January 2010

          မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ နိုင်ငံရေး ပါတီ NLD သည် ဗဟို ကော်မတီကို လတ်တလော တိုးချဲ့ ဖွဲ့စည်းရာတွင် ဒီမိုကရေစီ နည်းကျ ဆုံးဖြတ် ဆောင်ရွက်ခဲ့ခြင်း မရှိ ဟု ပါတီဝင်များက ပြောကြားခဲ့ပါသည်။

          အဖွဲ့ဝင် ကိုးဦး ထပ်မံ ထည့်သွင်း ဖွဲ့စည်းလိုက်သော NLD ဗဟို အလုပ်အမှုဆောင် ကော်မတီ (CEC) သည် ယခုအခါ ကော်မတီဝင် ၂၀ ဦး ရှိသွားပြီ ဖြစ်သည်။ အထိန်းသိမ်းခံ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပါတီကို သွေးသစ် လောင်းရန် တောင်းဆိုခဲ့ပြီးနောက် ယခုကဲ့သို့ တိုးချဲ့ ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

          သို့သော်လည်း လက်ထောက် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ၁၄ ဦးထဲမှ ရွေးချယ်ရန် ဝါရင့် အမှုဆောင် ကော်မတီဝင်များက ဆုံးဖြတ်ခဲ့ခြင်းကို NLD အောက်ခြေပိုင်း အဖွဲ့ဝင်များက ဝေဖန် ပြစ်တင်ခဲ့ကြပါသည်။

          ယခုကဲ့သို့ CEC တိုးချဲ့ ဖွဲ့စည်းခြင်းကို ဒေသဆိုင်ရာ ပါတီ အဖွဲ့ဝင်များအား တိုင်ပင် ညှိနှိုင်းခြင်း မရှိခဲ့ဟု မန္တလေးတိုင်း မိတ္တီလာမြို့နယ် NLD ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်အေး၏ ပြောကြားမှုအရ သိရပါသည်။

          မိမိတို့ထံမှ သဘောထား တောင်းသင့်ပါသည်။ NLD သည် ဒီမိုကရေစီပါတီ ဖြစ်သည်နှင့်အညီ အရာရာကို ဒီမိုကရေစီ နည်းလမ်းတကျသာ လုပ်ဆောင်စေလိုသည်ဟု သူမက ပြောကြားခဲ့သည်။

          ပါတီ အောက်ခြေ အဖွဲ့အစည်းရဲ့ သဘောထားကို လုံးဝ လျစ်လျှူရှုလိုက်တာပဲ ဟု ယခင် NLD အဖွဲ့ဝင် ဦးအေးကိုက ပြောကြားလိုက်သည်။ အကယ်၍ တိုင်းနှင့် ပြည်နယ် NLD အဖွဲ့ အစည်းများက ရွေးချယ်ပေးသော ဆန်ကာတင် စာရင်းမှ CEC က ရွေးချယ်ခဲ့သည် ဆိုပါက ထိုအစီအစဉ်ကို လက်ခံ နိုင်ပါလိမ့်မည်ဟုလည်း ၎င်းက ဆိုပါသည်။

          မန္တလေး NLD စည်းရုံးရေး အဖွဲ့ဝင် ဦးမျိုးနိုင်က CEC နှင့် တိုင်းနှင့် ပြည်နယ် အဆင့် အဖွဲ့ဝင်များကြား ပိုမို ဆက်သွယ် ဆောင်ရွက်ရန် ကြိုးစားရမည်ဟု ပြောကြားခဲ့ပြီး NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးခင်မောင်ဆွေကလည်း မည်သို့ပင် ဖြစ်စေ ယခု တိုးချဲ့လိုက်သော ၁၄ ဦးတွင် တိုင်းနှင့်ပြည်နယ် အဆင့် အတွင်းရေးမှူးများ ပါဝင်သည်ဟု ပြောဆိုပါသည်။

          ၁၉၈၈ ခုနှစ် ပါတီ ဖွဲ့စည်း တည်ထောင်ချိန်မှ စ၍ ပထမဆုံး CEC တရားဝင် တိုးချဲ့ ဖွဲ့စည်းခြင်းကို NLD က လာမည့် အပတ်တွင် ထုတ်ပြန် ကြေညာရန် စီစဉ်နေပါသည်။

          တရားဝင် ထုတ်ပြန် ကြေညာခြင်း မပြုမီ CEC တိုးချဲ့ ဖွဲ့စည်းခြင်းကို စိုးရိမ် ပူပန်နေသည့် အစိုးရ အာဏာပိုင်များထံ အရင်ဆုံး အကြောင်းကြားမည်ဟု NLD ပြောရေးဆိုခွင့် ရှိသူ ဦးခင်မောင်ဆွေက ဆိုပါသည်။

          ယခင်နှစ် ဒီဇင်ဘာလက ဒေါ်အောင်ဆန်းစုကြည်က အရွယ်လွန် CEC အဖွဲ့ဝင် ၃ ဦးနှင့် တွေ့ဆုံအပြီး ပါတီကို သွေးသစ် လောင်းရန် ကြေညာခဲ့ခြင်း ဖြစ်သည်။ လက်ရှိ CEC တွင် အငယ်ဆုံး ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာ အသက် ၆၄ နှစ်ရှိပြီ ဖြစ်ပြီး ကျန် အဖွဲ့ဝင် ၉ ဦးမှာ အသက် ၈၀ ကျော်၊ ၉၀ ကျော်များ ဖြစ်၍ အများစုမှာ ကျန်းမာရေး မကောင်းတော့ဟု သိရပါသည်။

VOA News, By William Ide, 12th January 2010

          အာရှတွင် လွန်ခဲ့သည့်နှစ်က လွတ်လပ်ခြင်း (Freedom) နှင့် ပတ်သက်၍ အရေးကြီးသော တိုးတက်မှုများကို မြင်တွေ့ရသည် ဆိုသော်လည်း လွတ်လပ်စွာ ဖော်ထုတ်ခွင့်နှင့် ပတ်သက်သော အခြေခံ စည်းမျဉ်းများ၊ ဥပဒေများ အတွက်မူ ရုန်းကန်နေရဆဲ ဖြစ်ကြောင်း အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ Freedon House က ပြောကြားခဲ့ပါသည်။

          ၂၀၀၉ ခုနှစ်အတွင်း အာရှတိုက်တွင် နိုင်ငံရေးအရ တိုးတက်မှုများရော ဖိနှိပ်မှုများပါ ရောထွေးလျက် မြင်တွေ့ရမည် ဖြစ်ကြောင်း Freedon House ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြ ထားပါသည်။ အာရှ၏ တိုးတက်မှုများသည် မပြောပ လောက်သော်လည်း ကမ္ဘာတဝှမ်း အရေးပါသော အသွင်ကို ဆောင်ပါသည်။

          အာရှ၏ အချို့ နိုင်ငံများတွင် နိုင်ငံရေးနှင့် ပတ်သက်သော ရပိုင်ခွင့်များ ပိုမို တိုးတက် ရရှိလာ ခြင်းသည် ကြီးမားသော ရလဒ် ဖြစ်ကြောင်း Freedom House အာရှ သုတေသန ပြုသူ Sarah Cook က ပြောပါသည်။

          Cook က ဆက်လက် ပြောကြားရာတွင် လွန်ခဲ့သော နှစ်များ အတွင်းက အာရှ တောင်ပိုင်းရှိ ကျွန်းနိုင်ငံလေး ဖြစ်သော မော်လ်ဒိုက် နိုင်ငံတွင် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ ရုတ်တရက် ဖြစ်ပေါ်လာခဲ့ပြီး အကျိုးဆက် အဖြစ် ပြီးခဲ့သည့်နှစ်က ၎င်း၏ ပထမဆုံး ဒီမိုကရက်တစ် ပါလီမန် ရွေးကောက်ပွဲကို ကျင်းပခဲ့သည်ဟု ပြောကြားခဲ့ပါသည်။

          အခြား သိသာ ထင်ရှားသော ကိစ္စများမှာ မွန်ဂိုလီးယားနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများတွင် ရွေးကောက်ပွဲများ ငြိမ်းချမ်းစွာ ကျင်းပခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဆိုလျှင် စစ်တပ် ကျောထောက် နောက်ခံ ပြုသော အုပ်ချုပ်ရေး နေရာတွင် ရွေးချယ် တင်မြှောက်သော အရပ်သား အစိုးရဖြင့် အစားထိုးခဲ့ပါသည်။

          သို့သော် ဖိလစ်ပိုင် နိုင်ငံတွင် ရွေးကောက်ပွဲ ဝင်ရန် ပြင်ဆင်နေသော အရပ်သားများနှင့် သတင်းစာ ဆရာများ အသတ်ခံခဲ့ရသည် ဖြစ်ရာ လာမည့် ရွေးကောက်ပွဲတွင် အလားတူ ဖြစ်ရပ်မျိုးအတွက် ဖြစ်နိုင်သည့် လက္ခဏာ အတွက် စိုးရိမ်ရပေသည်ဟု Freedon House က ပြောပါသည်။

          အာဖဂန် နစ္စတန်၏ နိုင်ငံရေး ဆိုင်ရာ ရပိုင်ခွင့်များကို အဆင့် သတ်မှတ်ရလျှင် အောက်သို့ နိမ့်ဆင်းနေပြီး၊ သိက္ခာမဲ့သော သမ္မတ ရွေးကောက်ပွဲကလည်း မတည်ငြိမ်သော လုံခြုံရေး အခြေအနေကို ပိုမို ဆိုးရွားစေလျက်၊ အစိုးရ၏ အကျင့်ပျက် ခြစားမှုကိုလည်း ပိုမို ထုတ်ဖော်သလို ဖြစ်ရသည်ဟု Sarah Cook က ပြောပါသည်။

          အာရှနိုင်ငံများသည် ပုံမှန်အားဖြင့် ရွေးကောက်ပွဲကို ကောင်းကောင်း ကျင်းပနိုင်ကြပြီး စုစည်း ညီညွှတ်သော စွမ်းအားကို ပြခဲ့ကြသည်ဟု Cook က ပြောပါသည်။ ရွေးကောက်ပွဲများတွင် အထိတ်တလန့် အဖြစ်အပျက်များ နည်းသွားခြင်း၊ တရားမျှတ လာခြင်း၊ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်များ အတွက် ပိုမို လွယ်ကူစွာ ပါဝင်နိုင်ခြင်းများ ရှိသော်လည်း ဥပဒေနှင့် လွတ်လပ်စွာ ဖော်ပြခွင့်နှင့် ပတ်သက်သော စည်းမျဉ်းများ ပိုမို တင်းကြပ် လာသောကြောင့် လုပ်ရ ကိုင်ရ ခက်ခဲလာခြင်း ရှိနေပါသေး သည်။

          အာရှ၏ အချို့ နိုင်ငံများတွင် တိုးတက်မှုကို မြင်တွေ့နိုင်သော်လည်း၊ တရုတ်၊ မြန်မာနှင့် မြောက်ကိုရီးယား နိုင်ငံများတွင် ၎င်းတို့၏ နိုင်ငံသားများ၏ အခြေခံ ရပိုင်ခွင့်များမှာ ဆက်လက် ဖိနှိပ်ခံနေရဆဲ ဖြစ်ပါသည်။

          ကမ္ဘာပေါ်တွင် လူဦးရေ ၂.၃ ဘီလီယံ ခန့်သည် အခြေခံ နိုင်ငံရေး ရပိုင်ခွင့်များနှင့် လူမှု လွတ်လပ်ခွင့်များကို မလေးစားသော လူ့အဖွဲ့အစည်းများတွင် နေထိုင်နေကြရသည်ဟု Freedom House က ပြောပါသည်။

          အဆိုပါ ၂.၃ လူဦးရေတွင် ကမ္ဘာပေါ်၌ လူဦးရေ အများဆုံးနှင့် အထူထပ်ဆုံး ဖြစ်သော တရုတ်နိုင်ငံ၏ လူဦးရေက တစ်ဝက်ခန့် ပါဝင်ပါသည်။

          တရုတ်နိုင်ငံတွင် လုံခြုံမှုကို ခြိမ်းခြောက်သော ကိစ္စရပ်များကို ပြောင်ပြောင်းတင်းတင်း ပြုလုပ်ခဲ့ရာ၊ တိဗက်တွင် တိဗက် တော်လှန်ရေးနှစ် ၅၀ ပြည့် အထိမ်းအမှတ် အားလပ်ရက်ကို အစိုးရက ဖိအားပေးခြင်း၊ နိုင်ငံရေး လှုပ်ရှားသူများ၊ ရှေ့နေများနှင့် အခြားသူများကို ပြင်းထန်သော ထောင်ဒဏ်များ ချမှတ်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့ပါသည်ဟု Cook က ပြောပါသည်။

          Cook က ဆက်လက် ပြောကြားရာတွင် တရုတ်နိုင်ငံတွင် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ပြုလုပ်ရန် တောင်းဆိုသူ Liu Xiaobo ကို ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခြင်းသည် နိုင်ငံတကာကို သတိပြုမိစေပြီး၊ ထိုအမှု ကိစ္စမှာ အလားတူ ဖြစ်ရပ်မျိုး များစွာထဲမှ တစ်ခု ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။

          ၂၀၀၉ ခုနှစ်တွင် အလားတူ ဖြစ်ရပ်မျိုးများစွာ တွေ့မြင်ခဲ့ရပြီး၊ စက်တင်ဘာလက နိုင်ငံရေးပါတီ ဖွဲ့ရန် ကြိုးစားသူ တစ်ဦးအား ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့ခြင်း၊ အခြား နိုင်ငံရေး လှုပ်ရှားသူ တစ်ဦးအား ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ခြင်းများ ရှိခဲ့ပါသည်ဟု Cook က ဖြည့်စွက် ပြောကြားခဲ့ပါ သည်။

          Cook က တရုတ်ပြည်ရှိ အခြား ကိစ္စရပ်များကို ပြောကြားရာ၌ Falum Gong ရှိ ဆရာဝန်များကို ယခင်က အလုပ်သမားစခန်းသို့ နှစ်နှစ် သုံးနှစ်ခန့် ပို့ခဲ့ပြီး၊ ယခု ထောင်ဒဏ် နှစ်ရှည် ချမှတ်ခဲ့သည် ဟု ဆိုပါ သည်။

          ထိုကဲ့သို့ နိုင်ငံရေး၊ ဘာသာရေး ဆန့်ကျင်သူများကို ထောင် နှစ်ရှည် ချခြင်းကဲ့သို့ ပြင်းပြင်းထန်ထန် ပြုလုပ်သူများကို တိုးတက် ပြုလုပ်လာသည်ဟု Cook က ပြောပါသည်။

          Freedom House မှ သုတေသန ဒါရိုက်တာ Arch Puddington က ပြောကြားရာတွင် တရုတ်၊ တိဗက်၊ မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံတို့တွင် လတ်တလော ပြောင်းလဲမှုများ ဖြစ်နိုင်ချေ မရှိသော်လည်း၊ တည်ငြိမ်မှု လျော့ပါးလားသည့် အခြေအနေကိုမူ တွေ့ရှိနေရသည်ဟု ပြောပါသည်။

          မြောက်ကိုရီးယားတွင် သော်လည်းကောင်း၊ မြန်မာနိုင်ငံတွင် သော်လည်းကောင်း၊ ပြောင်းလဲမှုသည် တစ်ချိန်ချိန်တွင် ရောက်လာမှာ ဖြစ်ကြောင်း၊ ထိုနိုင်ငံမှ အစိုးရများသည် ကိုယ့်တိုင်းသူ ပြည်သားများကို ကြောက်နေကြောင်း၊ ၎င်းတို့သည် တည်ငြိမ်သော အစိုးရများ မဟုတ်ကြသောကြောင့်၊ အချိန်မရွေး ပြုတ်သွားနိုင်ကြောင်း Puddington က ဆိုပါသည်။

          မြောက်ကိုရီးယားတွင် အရာရာ ရှားပါးမှုများကြောင့် လူထုကြားတွင် သော်လည်းကောင်း၊ စစ်တပ်အီလစ် (elite) များကြားတွင် သော်လည်းကောင်း မငြိမ်သက်မှုများ ဖြစ်လာနိုင်သည်ဟု Pudding ton က ပြောကြားခဲ့ပါသည်။

          မြန်မာနိုင်ငံတွင်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီမိုကရေစီ ပြန်လည် ရရှိရေး အတွက်လည်းကောင်း၊ ကမ္ဘာပေါ်တွင် လွတ်လပ်ခြင်း အခွင့်အရေး အနည်းဆုံးသာ ရှိသော နိုင်ငံအဖြစ် ရပ်တည် နေခြင်းအတွက် လည်းကောင်း ကြိုးပမ်း အားထုတ်မှုများ ပြုလုပ်လျက် ရှိကြောင်း Pudding ton က ပြောကြားခဲ့ပါသည်။

၁။ တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိများ၏ လစာနှုန်းထားသစ်များကိုအောက်ပါအတိုင်း သတ်မှတ်သည် -


စဉ် အဆင့် လစာနှုန်း

၁။ ဗိုလ်ချုပ်မှူးကြီး ၁၂၀၀၀၀၀

၂။ ဒုတိယ ဗိုလ်ချုပ်မှူးကြီး ၁၀၀၀၀၀၀

၃။ ဗိုလ်ချုပ်ကြီး ၈၀၀၀၀၀

၎။ ဒုတိယ ဗိုလ်ချုပ်ကြီး ၆၀၀၀၀၀

၅။ ဗိုလ်ချုပ် ၄၀၀၀၀၀

၆။ ဗိုလ်မှူးချုပ် ၃၀၀၀၀၀

၇။ ဗိုလ်မှူးကြီး ၂၁၀၀၀၀- ၂၀၀၀- ၂၂၀၀၀၀

၈။ ဒုတိယ ဗိုလ်မှူးကြီး ၁၉၀၀၀၀- ၂၀၀၀- ၂၀၀၀၀၀

၉။ ဗိုလ်မှူး ၁၇၀၀၀၀- ၂၀၀၀- ၁၈၀၀၀၀

၁၀။ ဗိုလ်ကြီး ၁၅၀၀၀၀- ၂၀၀၀- ၁၆၀၀၀၀

၁၁။ ဗိုလ် ၁၃၀၀၀၀- ၂၀၀၀- ၁၄၀၀၀၀

၁၂။ ဒုတိယဗိုလ် ၁၂၀၀၀၀


မှတ်ချက်။ နှစ်တိုးလစာကို (၂) နှစ် တစ်ကြိမ်ကျ ခံစားခွင့်ပြုသည်။
ဒုတိယဗိုလ်မှ ဗိုလ်ချုပ်မှူးကြီးအထိ ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် (M.H.R.A) အဖြစ် တစ်လလျှင် ကျပ် (၅ဝဝဝ) ခံစားခွင့်ပြုသည်။
ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် (M.H.R.A) ကို အငြိမ်းစား လစာတွက်ရာတွင် ထည့်သွင်းတွက်ချက်ရမည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ
ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန
ဝန်ကြီးရုံး
အမိန့်ကြော်ငြာစာ အမှတ် ၁၈၄/ ၂ဝဝ၉
နေပြည်တော်မြို့၊ ၁၃၇၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် (၁) ရက်
(၂ဝဝ၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်)


အကြောင်းအရာ။ ။ အစိုးရဝန်ထမ်းများ၏ လစာနှုန်း၊ ပင်စင်လစာနှင့် လုပ်ခများ တိုးမြှင့်သတ်မှတ်ခြင်း
၁။ တပ်မတော်သည် ပြည်သူများ၏ အကျိုးစီးပွားကို အစဉ်တစိုက် ကာကွယ်စောင့်ရှောက် လျက်ရှိသည်နှင့်အညီ ဝန်ထမ်းများ၏ စားဝတ်နေရေး သက်သာချောင်လည်မှု ရှိစေရန် လည်းကောင်း၊ တပ်မတော်နေ့သို့ ဂုဏ်ပြုသည့်အနေဖြင့် လည်းကောင်း၊ နိုင်ငံတော် အစိုးရသည် ဝန်ထမ်းများ၏ လစာနှုန်းများကို တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့သည်။

၂။ သို့ပါ၍ အစိုးရဌာနများနှင့် အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံအရ ခွင့်ပြုထားသော ရာထူးများ၏ တာဝန်ထမ်းဆောင်နေကြသည့် အစိုးရဝန်ထမ်းများ၏ လစာနှုန်းထားများကို အောက်ဖော်ပြပါဇယားအတိုင်း တိုးမြှင့်သတ်မှတ်လိုက်သည်။

စဉ် လက်ရှိလစာနှုန်း (ကျပ်) တိုးမြှင့်လစာနှုန်း (ကျပ်)

၁။ ၁၅၀၀၀- ၁၀၀၀- ၂၀၀၀၀ ၃၅၀၀၀- ၁၀၀၀- ၄၀၀၀၀

၂။ ၂၁၀၀၀- ၁၀၀၀- ၂၆၀၀၀ ၄၁၀၀၀- ၁၀၀၀- ၄၆၀၀၀

၃။ ၂၇၀၀၀- ၁၀၀၀- ၃၂၀၀၀ ၄၇၀၀၀- ၁၀၀၀- ၅၂၀၀၀

၎။ ၃၃၀၀၀- ၁၀၀၀- ၃၈၀၀၀ ၅၃၀၀၀- ၁၀၀၀- ၅၈၀၀၀

၅ ၃၉၀၀၀- ၁၀၀၀- ၄၄၀၀၀ ၅၉၀၀၀- ၁၀၀၀- ၆၄၀၀၀

၆။ ၄၅၀၀၀- ၁၀၀၀- ၅၀၀၀၀ ၆၅၀၀၀- ၁၀၀၀- ၇၀၀၀၀

၇။ ၈၀၀၀၀- ၂၀၀၀- ၉၇၀၀၀ ၁၀၀၀၀၀- ၂၀၀၀- ၁၁၀၀၀၀

၈။ ၁၀၀၀၀၀- ၂၀၀၀- ၁၁၀၀၀၀ ၁၂၀၀၀၀- ၂၀၀၀- ၁၃၀၀၀၀

၉။ ၁၂၀၀၀၀- ၂၀၀၀- ၁၃၀၀၀၀ ၁၄၀၀၀၀- ၂၀၀၀- ၁၅၀၀၀၀

၁၀။ ၁၄၀၀၀၀- ၂၀၀၀- ၁၅၀၀၀၀ ၁၆၀၀၀၀- ၂၀၀၀- ၁၇၀၀၀၀

၁၁။ ၁၆၀၀၀၀- ၂၀၀၀- ၁၇၀၀၀၀ ၁၈၀၀၀၀- ၂၀၀၀- ၁၉၀၀၀၀

၁၂။ ၁၉၀၀၀၀- ၂၀၀၀- ၂၀၀၀၀၀ ၂၁၀၀၀၀- ၂၀၀၀- ၂၂၀၀၀၀


မှတ်ချက်။ ။ နှစ်တိုးများကို (၂) နှစ်လျှင် တစ်ကြိမ် ခံစားခွင့်ပြုရန်။

၃။ လက်ရှိလစာနှုန်းမှ တိုးမြှင့်လစာနှုန်းသို့ ပြောင်းလဲသွားသည့်အခါ နှစ်တိုးများကို လက်ရှိလစာနှုန်းအရ နှစ်တိုးကာလများအတိုင်း နှစ်တိုးဆက်လက် ခံစားခွင့်ပြုရန်ဖြစ်သည်။ တိုးမြှင့်လစာနှုန်းသို့ ပြောင်းလဲမှုကြောင့် နှစ်တိုးကျရောက်သည့်နေ့များ ပြောင်းလဲသွားခြင်း မရှိစေရ။
နေ့စားလုပ်အားခ

၎။ အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကို အလုပ်ချိန် တစ်နေ့ (၈) နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခကျပ် (၅ဝဝ) မှ လုပ်ခ (၁ဝဝဝ) သို့ တိုးမြှင့်သတ်မှတ်လိုက်သည်။
တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများ၏ လစာနှုန်းများ

၅။ တပ်မတော်အတွက် သတ်မှတ်ထားသော လစာနှင့် စရိတ်နှုန်းထားများအပြင် အငြိမ်းစား လစာနှင့် ဆုကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေး ကောင်စီသို့ တင်ပြ၍ အတည်ပြုချက် ရယူဆောင်ရွက်ရန် ဖြစ်ပါသည်။
နိုင်ငံခြားတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအတွက် ခံစားခွင့်

၆။ နိုင်ငံခြားတွင် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံခြားရေးဝန်ထမ်းများနှင့် အခြားအလားတူ ဝန်ထမ်းများသည် ပြည်ပတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း လက်ရှိခံစားနေသော လစာ နှုန်းများ အတိုင်းသာ နိုင်ငံခြားသုံးငွေဖြင့် ထုတ်ယူခံစားရန်ဖြစ်ပါသည်။ မြန်မာနိုင်ငံသို့ ပြည်လည်ရောက်ရှိ တာဝန်ထမ်းဆောင်ရသည့်အခါတွင် မိမိရာထူး အဆင့်နှင့် လျော်ညီစွာ သတ်မှတ်ထားသော လစာနှုန်းသစ်ကို ခံစားရန်ဖြစ်ပါသည်။

၇။ ဤအမိန့်ကြေငြာစာအရ ခံစားခွင့်များကို ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလ အတွက် လစာမှစ၍ ခံစားခွင့် ရှိစေရမည်။

(ဗိုလ်ချုပ် လှထွန်း)
ဝန်ကြီး