Transparency Myanmar

transparency.myanmar@gmail.com

CNN, 12th January 2010

လူ့ အခွင့်အရေးသမားများ ရုရှား နိုင်ငံတွင် သတ်ဖြတ်ခံရပြီး အီရတ်နိုင်ငံ၌လည်း ဖမ်းဆီးသတ်ဖြတ် ညှဉ်းပန်း နှိပ်စက် ခံရရုံသာမက တရုတ်ပြည်တွင် ထောင်သွင်း အကျဉ်းချ ခံရခြင်း၊ ဖိလစ်ပိုင်၊ ပါကစ္စတန်၊ မက္ကဆီကို နှင့် ဆိုမာလီယာ နိုင်ငံများတွင် ဂျာနယ်လစ်များ တိုက်ခိုက်ခံရခြင်း၊ အမေရိက အလယ်ပိုင်း ဒေသနှင့် အာဖရိကဒေသတို့တွင် အာဏာသိမ်းမှုများ ဖြစ်ပေါ်ခြင်း အစရှိသည်တို့မှာ ၂၀၀၉ ခုနှစ်အတွင်း ကမ္ဘာ့ပေါ်၌ လွတ်လပ်မှုများ လျော့နည်း ကျဆင်း လာသည်ကို ဖော်ကျူးနေခြင်း ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုမှ ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်မှုကို အခြေအနေ စောင့်ကြည့် လေ့လာလျက် ရှိသော နာမည်ကျော် Think Tank အဖွဲ့တစ်ခုက ထုတ်ဖော် ပြောဆို လိုက်သည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင်း  ကမ္ဘာပေါ်၌ လွတ်လပ်ခွင့် ရရှိမှုတို့ လျော့နည်း ကျဆင်း ခဲ့သည်ကို တွေ့ရှိရသည် ဟု Freedom House အဖွဲ့က နှစ်စဉ် အစီရင်ခံစာ တစ်ရပ် ထုတ်ပြန်သည်။

"၂၀၀၉ ခုနှစ် အတွင်း ဖြစ်ပေါ်ခဲ့သော အနေအထားများသည် နှစ်ပေါင်း ၄၀ အတွင်း ပြုလုပ်ခဲ့သော အစီရင်ခံချက် များအနက် အဆိုးရွားဆုံး ဖြစ်သည်" ဟု Freedom House က ထုတ်ပြန်သော အစီရင်ခံစာတွင် စာရေးသူ Arch Puddington က ဆိုသည်။

ယမန်နှစ် အတွင်း ကမ္ဘာ တစ်လွှားတွင် ဒီမိုကရေစီ ရွေးကောက်ပွဲ စုစုပေါင်း ၁၁၆ ခုသာ ကျင်းပဖြစ်ခဲ့ရာ ၁၉၉၅ ခုနှစ် နောက်ပိုင်း ကာလများအတွင်း အနည်းဆုံးသော ပမာဏ ဖြစ်သည်ကို တွေ့ရကြောင်း အစီရင်ခံစာက ဆိုသည်။

သို့သော် အခြားသော ရည်ညွှန်းချက်များနှင့် နှိုင်းယှဉ်ကြည့်ပါက ၂၀၀၉ ခုနှစ်အတွင်း ကမ္ဘာကြီးသည် ဒီမိုကရေစီ ရွေးကောက်ပွဲများကို ကောင်းမွန်စွာ ကျင်းပနိုင်ခဲ့သည်ကို
တွေ့ရသည်ဟု ဆိုသည်။

"အစိုးရများသည် သတင်း လွတ်လပ်ခွင့် ရှိမှု၊ ခိုင်မာသော အရပ်ဘက် လူ့အဖွဲ့အစည်းများ ဖြစ်ထွန်းမှုနှင့် လွတ်လပ်စွာ တရားစီရင်ခွင့် ရှိမှု စသည်တို့ထက် ရိုးရှင်းမှု ရှိသော ရွေးကောက်ပွဲများကို ပို၍ ကျင်းပ ပေးစေလိုသော ဆန္ဒရှိသည်ကို နှိုင်းယှဉ် တွေ့မြင်ရသည်" ဟု Arch Puddington က ရေးသားသည်။

သို့သော် အဆိုပါ အစီရင်ခံစာမှာ ကမ္ဘာပေါ်ရှိ လွတ်လပ်ခွင့်များနှင့် ပတ်သက်၍ အဆိုးချည်း သက်သက်ကို ဖော်ကျူး ထားခြင်းမျိုးတော့ မဟုတ်ပေ။ Freedom House ၏ အဆိုအရ အီရတ်၊ ဘော်လကန်၊ မာလာဝီ နှင့် တိုဂို စသည့် နိုင်ငံများ၌ တိုးတက်မှုများ ရှိနေသည်ကို တွေ့ရကြောင်း သိရသည်။

ယင်း အစီရင်ခံစာ တစ်ခုလုံးကို ခြုံငုံ ကြည့်မည်ဆိုပါက ၂၀၀၉ ခုနှစ် ကမ္ဘာကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကာလ ကွန်မြူနစ် စနစ်ကို တိုက်ထုတ်ခဲ့စဉ် ကာလကထက် ပိုမို လွတ်လပ်မှု ရှိခဲ့သည်ကို တွေ့ရပေမည်။

ဂလိုဘယ် စီးပွားရေး ပျက်ကပ်ကြောင့် စီးပွားရေး ဖိအားပေးမှု ဒဏ်ကို မည်သို့ပင် ခံစားခဲ့ရသော်ငြားလည်း ၁၉၈၉ ခုနှစ် လောက်တွင် ဒီမိုကရေစီ စတင် ထွန်းကားခဲ့သော အလယ်ပိုင်းနှင့် အရှေ့ပိုင်း ဥရောပ ဒေသများသည် ၎င်းတို့၏ လွတ်လပ်မှုကို ရယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။

သို့တိုင်အောင် ယခင် ဆိုဗီယက် ယူနီယံ လက်အောက်တွင် ပါသော အလယ်ပိုင်း အာရှဒေသမှာ ကမ္ဘာပေါ်တွင် လွတ်လပ်မှု အနည်းဆုံး ရရှိသည့် ဒေသတွင် ပါဝင်ကြောင်း Freedom House ၏ အဆိုအရ သိရသည်။

လွန်ခဲ့သော နှစ် ၃၀၊ တရုတ်နိုင်ငံ စီးပွားရေး တစ်ရှိန်ထိုး တိုးတက်နေချိန် ကာလအတွင်း ထောင်နှင့် ချီသော တရုတ်အစိုးရ အရာရှိကြီးများက အစိုးရ ဌာနဆိုင်ရာများမှ ရရှိသော ဝင်ငွေများအနက် ဒေါ်လာ ၅၀ ဘီလီယံခန့်အား မိမိတို့ ကိုယ်ကျိုးအတွက် အဓမ္မ ရယူကာ ပြည်ပနိုင်ငံများသို့ တိမ်းရှောင် ထွက်ပြေး သွားခဲ့ကြကြောင်း တရုတ်ပြည်၏ နာမည်ကျော် တရားရုံး တစ်ခုက ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ထုတ်ဖော် ပြောကြားပါသည်။

အဆိုပါ တရုတ် အရာရှိကြီးများသည် ပြည်ပမှ ရာဇဝတ် ဂိုဏ်းများနှင့် ဆက်သွယ်ပြီး အကူအညီများ ရယူကာ ငွေမည်းကို ငွေဖြူဖြစ်အောင် ပြုလုပ်ခြင်း၊ အိမ်ရာခြံမြေများ ဝယ်ယူခြင်း နှင့် မှတ်ပုံတင်အတုများ ပြုလုပ်ခြင်း အစရှိသည်များကို ပြုလုပ်လေ့ ရှိခဲ့ကြောင်း ပြည်သူ့ ရှေ့နေချုပ်ရုံးက လွှင့်တင်သော ဝက်ဘ်ဆိုက်မှ ဆောင်းပါးတစ်ပုဒ်အရ သိရပါသည်။

ထိပ်တန်းအစိုးရ ရှေ့နေရုံး တစ်ရုံး၏ အစီရင်ခံစာအရ အမေရိကန် ပြည်ထောင်စုနှင့် သြစတြေးလျကဲ့သို့သော နိုင်ငံများအပါအဝင် ဖွံ့ဖြိုးပြီး နိုင်ငံများသည် အဂတိ လိုက်စားသူ များ သွားရောက် ခိုလှုံရာ  နိဗ္ဗာန်ဘုံ တစ်ခုကဲ့သို့ ဖြစ်နေသည် ဟုလည်း သိရပါသည်။

ကိုယ်စားလှယ် ပေါင်းစုံ ပါဝင်သော အစိုးရ လုပ်ငန်း အဖွဲ့သည် အဂတိ လိုက်စားသော အစိုးရ အရာရှိများ၏ ခိုးဝှက်ပုံများနှင့် မည်သို့မည်ပုံ ပြည်ပသို့ လွတ်မြောက်အောင် ထွက်ပြေး သွားပုံများကို အခြေအမြစ် ကျကျ စုံစမ်းလျက် ရှိပါ သည်။

လေ့လာ စုံစမ်းချက်များ အရ တရုတ်နိုင်ငံမှ အရာရှိ ဝန်ထမ်း ၄၀၀၀ သည် ဒေါ်လာ ဘီလီယံ ၅၀ နှင့်အတူ ပြည်ပ နိုင်ငံများတွင် ခိုလှုံလျက် ရှိကြောင်း သိရသည်။ သို့သော် ခိုးယူ ထွက်ပြေးသူ အရာရှိ ၄၀၀၀ ရှိသည် ဟူသော အဖြေကို မည်သို့ တွက်ချက် ရယူခဲ့သည်ကိုမူ အတိအကျ မသိရှိရသေးပေ။

ကိုယ်စားလှယ် ပေါင်းစုံ ပါဝင်သော စုံစမ်းရေး အဖွဲ့တွင် ပြည်သူ့ လုံခြုံရေးဌာန၊ တရားရေးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန တို့ ပါဝင်ကြောင်း၊ အဆိုပါအဖွဲ့သည် တရားဥပဒေ ချိုးဖောက်ကာ လွတ်မြောက် ထွက်ပြေးသွားသည့် အမှုကိစ္စများကို တားဆီး ကာကွယ်ရန် ဖြစ်ကြောင်း ကွပ်ကဲ ကြီးကြပ်ရေး ဌာန၏ ဝက်ဘ်ဆိုက်၌ ဖော်ပြထားပါသည်။

မည်သို့ ဆိုစေကာမူ အဂတိ လိုက်စားသော အရာရှိများကို ဖမ်းဆီးပြီး ဥပဒေအရ တရားစီရင်ရေး အတွက်သာ ဖြစ်သည်ဟု ဆိုသည်။ သို့သော် အဆိုပါ အရာရှိများကို မည်သို့ မည်ပုံ ဖော်ထုတ် ဖမ်းဆီးပြီး တရုတ်နိုင်ငံသို့ ပြန်ပို့ကာ မည်ကဲ့သို့ တရားစီရင်မည် ဟူသော အချက်ကိုမူ အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ကွပ်ကဲကြီးကြပ်ရေး ဝန်ကြီးဌာနသည် ယမန်နှစ်က ပြည်ပသို့ ခရီးထွက်ခွာ သွားကြသော အရာရှိများကို စောင့်ကြပ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အမှုကိစ္စ ၁၀၃ ခုအတွက် အရာရှိ ၃၁၉ ဦး ထွက်ခွာ သွားခဲ့ကြသည်ကို တွေ့ရကြောင်း တရုတ်အစိုးရ အာဘော် ဖြစ်သော Global Times သတင်းစာက ဖော်ပြခဲ့သည်။

အရှေ့ ဇီကျန်ပြည်နယ် Whenzhou ခရိုင်အဆင့် ပါတီ အကြီးအကဲ ဖြစ်သူ Yang Xianghong ဆိုသူသည် အစိုးရ စရိတ်ဖြင့် ၂၀၀၈ ခုနှစ်က ပြင်သစ်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ထို့နောက် တရုတ်ပြည်သို့ ပြန်လည် ဝင်ရောက်ရန် Yang Xianghong က ငြင်းပယ်ခဲ့သည်။ သူ၏ ဇနီးဖြစ်သူမှာ ယွမ်ငွေ သန်း ၂၀ (ဒေါ်လာ ၂ ဒဿမ ၉ သန်း) အား ငွေမည်းမှ ငွေဖြူ ဖြစ်အောင် ကြိုးပမ်းမှုဖြင့် တရုတ် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

မည်သို့ ဆိုစေကာမူ တရုတ် အရာရှိကြီးများ အနေဖြင့် ပိပိရိရိ ထွက်ပြေးသွားနိုင်မည့် နည်းလမ်းများ ရှိနေကြောင်း၊ ဥပမာ ပြည်ပ လုပ်ငန်းများအတွက် သွားရောက်သော ခရီးစဉ်များ၊ သက်သေခံ ကတ်ပြားအတု ပြုလုပ်ခြင်းများနှင့် ရာဇဝတ်ဂိုဏ်းများ၏ အကူအညီ ရယူနိုင်ခြင်းများဖြင့် ထွက်ခွာသွားနိုင်ကြောင်း တရုတ် လူမှုရေး သိပ္ပံ အကယ်ဒမီ မှ လေ့လာဆန်းစစ်သူ ပညာရှင်တစ်ဦးက ဆိုသည်။
AP သတင်းဌာနမှ Chinese Officials fled oversea with $ 50 Billion ကို ဘာသာပြန်ဆိုသည်။

          ဒုတိယ ကမ္ဘာစစ် အတွင်းက ဖောက်လုပ်ခဲ့သော တရုတ်နိုင်ငံမှ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသသို့ ဆက်သွယ်သည့် သမိုင်းဝင် ကုန်သွယ် လမ်းမကြီးအား ပြန်လည် ဖွင့်လှစ်ပေးရန် မြန်မာ အစိုးရက သဘောတူ ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။ အဆိုပါ လမ်းမကြီးသည် မြန်မာနိုင်ငံ မြောက်ပိုင်း၊ ကချင်ပြည်နယ် မှတစ်ဆင့် ဆက်သွယ် ဖောက်လုပ်ထားခြင်း ဖြစ်သည်။

          စတီးဝဲလ် လမ်းမ (ယခင် လီဒိုလမ်းမ) ဟု ခေါ်သော အဆိုပါ လမ်းမကြီးသည် အိန္ဒိယနိုင်ငံ အာသံပြည်နယ်နှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တို့ကို ဆက်သွယ် ဖောက်လုပ်ထားသော အရေးပါသည့် ကုန်သွယ်ရေး လမ်းမကြီး တစ်ခုလည်း ဖြစ်သည်။

          မူလက ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း အနောက် မဟာမိတ်တပ်များ တရုတ်နိုင်ငံသို့ ရိက္ခာများ တင်ပို့ရာတွင် အသုံးပြုခဲ့သော လမ်းမ ဖြစ်သည်။ သို့သော် နောက်ပိုင်း ကာလများ၌ ပြင်ဆင် ထိန်းသိမ်းခြင်း မရှိခဲ့သဖြင့် လမ်းကြောင်း ပိတ်ဆို့ခဲ့ရသည်။

အဆိုပါ လမ်းမကို ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက လွန်ခဲ့သော ရက်သတ္တပတ် အတွင်း ကျင်းပခဲ့သည့် Kolkata စီးပွားရေး ထိပ်သီး ဆွေးနွေးပွဲတွင် ထုတ်ဖော် ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှ ကချင်ပြည်နယ် တနိုင်းဒေသအထိ လမ်းပိုင်းကို တရုတ်နိုင်ငံက ပြန်လည် ပြုပြင်ပေး၍ ကျန်ရှိသော အပိုင်းကို အိန္ဒိယနိုင်ငံက ပြီးဆုံးအောင် တာဝန်ယူခဲ့သည်။

          အဆိုပါ လမ်းမကြီးသည် အာသံပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိက ကျသည်ဟု အိန္ဒိယက ယုံကြည်လျက် ရှိသည်။ အာသံ ပြည်နယ်သည် နိုင်ငံ၏ ရေနံ လိုအပ်ချက်ကို ၂၅ ရာခိုင်နှုန်းအထိ ဖြည့်ဆည်း ပေးနိုင်သော်လည်း အခြားသော အိန္ဒိယ ပြည်နယ်များနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုး တိုးတက်မှု နောက်ကျ ကျန်ရစ်ဆဲ ဖြစ်သည်။

          လေ့လာ သုံးသပ်သူများ၏ အဆိုအရ အာသံပြည်နယ်သည် တရုတ်နှင့် အိန္ဒိယ နိုင်ငံအကြား အပြန်အလှန် ကုန်သွယ်မှုအတွက် ၂၀ ရာခိုင်နှုန်းမျှ အကျိုးပြုနိုင်ကြောင်း သိရသည်။ အဆိုပါ စတီးဝဲလ် လမ်းမကြီးကို ပြန်လည် ဖွင့်လှစ်ရန် ၂၀၀၆ ခုနှစ် အတွင်း လူပေါင်း တစ်သောင်း ခန့်လောက်က ဆန္ဒပြ တောင်းဆိုမှု တစ်ရပ် ဖြစ်ပေါ်ခဲ့ဖူးသည်။ ထိုနှစ်တွင် တရုတ်နိုင်ငံသည် ကမ္ဘာ့ရေနံ တင်သွင်းမှု တတိယ အများဆုံးနိုင်ငံ ဖြစ်ခဲ့ပေရာ အိန္ဒိယနိုင်ငံနှင့် ဆက်သွယ် လုပ်ကိုင်ရန် ဆန္ဒပြင်းပြခဲ့သည်။ အထူးသဖြင့် ဖွံ့ဖြိုး တိုးတက်မှု အားနည်းချက် ရှိသည့် ယူနန်ပြည်နယ် အတွက် တရုတ်က များစွာ အာရုံစိုက်ခဲ့ခြင်း ဖြစ်သည်။

          အရှည် ၁၇၀၀ ကီလိုမီတာ ရှိသော အဆိုပါ လမ်းမကြီးကို ပြန်လည် ဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံက မသိ ကျိုးနွံပြု လျစ်လျူရှု ခဲ့သေးသည်။ အကြောင်းမှာ စတီးဝဲလ် လမ်းမကြီး ဖြတ်သန်းရာ ဒေသသည် ကချင် လွတ်မြောက်ရေး တပ်ဖွဲ့(KIA) လက်နက်ကိုင် အဖွဲ့က ထိန်းသိမ်းထားသော နယ်မြေ တစ်စိတ် တစ်ဒေသ ဖြစ်နေ၍ ဖြစ်သည်။ ထို့ပြင် မြန်မာ စစ်အစိုးရနှင့် KIA တို့သည် အပစ်အခတ် ရပ်စဲရေး ကိစ္စတွင်လည်း မရေရာ မသေချာ ဖြစ်နေသောကြောင့် ဖြစ်ပါသည်။

          မည်သို့ ဆိုစေကာမူ အဆိုပါ စတီးဝဲလ် (လီဒို) လမ်းမသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်း တရုတ်ရော အိန္ဒိယ အတွက်ပါ အရေးပါသော ဆက်သွယ်ရေး လမ်းမ ဖြစ်ကြောင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက အသိအမှတ်ပြု ပြောဆိုခဲ့ပုံများကို Hindustan Times သတင်းစာက ရေးသား ဖော်ပြသည်။

 DVB မှ Key trans-Burma trade route to reopen ကို ဘာသာပြန်ဆိုပါသည်။