Transparency Myanmar

transparency.myanmar@gmail.com

          တရုတ် အစိုးရက တရားဝင် ထုတ်ပြန်သော စာရင်းဇယားများအရ တရုတ်နိုင်ငံတွင်း အိမ်ယာမြေ ဈေးနှုန်းများမှာ ၁၈ လအတွင်း လျင်မြန်စွာ မြင့်တက်လာကြောင်း သိရသည်။

          လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်က တရုတ်ပြည် အိမ်ရာမြေ ဈေးနှုန်းများသည် နှစ်စဉ် ၅ ဒဿမ ၇ ရာခိုင်နှုန်း မြင့်တက်နေကျ အနေအထားမှ ၇ ဒဿမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်ကို တွေ့ရကြောင်း၊ သို့အတွက်ကြောင့် အက်ဆက် တန်ဖိုးများ ဖောင်းပွမှုမျိုး ထွက်ပေါ်မည့် အနေအထားများကို စိုးရိမ်ဖွယ် တွေ့ရကြောင်း တရုတ်အစိုးရက ဆိုသည်။

          ယင်းသို့ အိမ်ရာမြေ ဈေးနှုန်းများ အလျင်အမြန် မြင့်တက်လာသည့် ကိစ္စနှင့် ပတ်သက်၍ စိုးရိမ် ပူပန်ရကြောင်း တရုတ် အာဏာပိုင်များက ထုတ်ဖော် ပြောဆိုသည်။

          ဇန်နဝါရီလ ၁၂ ရက်နေ့တွင် တရုတ် ဗဟိုဘဏ်က အိမ်ခြံမြေ ဈေးနှုန်းများ ကျဆင်းရန်နှင့် အိမ်ခြံမြေတွင် ရင်းနှီး မြှုနှံမှုများ လျှော့ချရန် အလို့ငှာ ငွေချေးမှုများကို ကန့်သတ် ထိန်းချုပ်မည်ဟု ကြေညာချက် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က တရုတ် ဘဏ်များက စီးပွားရေး တိုးတက်မှုကို မြှင့်တင်ရန် အမေရိကန် ဒေါ်လာ ၁ ဒဿမ ၅ ထရီလီယံ ထုတ်ချေးခဲ့သည်။ အိမ်ခြံမြေ ဈေးကွက်တွင် ရင်းနှီး မြှုပ်နှံမှု အတွက် အစိုးရက ငွေပမာဏများစွာ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

အိမ်ယာမြေ ဈေးနှုန်းများ သတ်မှတ်ရေးတွင် ထိပ်တန်း အေဂျင်စီတစ်ခု ဖြစ်သော Fitch Ratings က လည်း ယခု အနေအထားအပေါ် စိုးရိမ်မိကြောင်း သဘောထား ထုတ်ပြန်ပြီး ပမာဏ များစွာ ငွေထုတ်ချေးခြင်းကြောင့် ဘဏ်လုပ်ငန်း အခန်းကဏ္ဍ အပါအဝင် အိမ်ယာမြေ ဈေးကွက်ကိုလည်း ထိခိုက်နိုင်သည်ဟု သတိပေးလိုက်သည် ။

"Fitch အနေဖြင့် ငွေထုတ်ချေး ခြင်းကြောင့် နောက်ဆုံး၌ ဘဏ်များ ဆိုးရွားစွာ ထိခိုက်မည့် အရေးအတွက် လွန်စွာ စိုးရိမ်မိပါသည်" ဟု အဆိုပါ အေဂျင်စီက ကြေညာချက် ထုတ်ပြန်သည်။

"အထူးသဖြင့် အိမ်ရာမြေ အခန်းကဏ္ဍမှာ ပမာဏ မြောက်မြားစွာ ရင်းနှီး မြှုပ်နှံခြင်းကြောင့် အက်ဆက် ဈေးနှုန်းများ ဟန်ချက် မညီဘဲ ကမောက်ကမ ဖြစ်ပေါ်နိုင်သည်" ဟု ဆိုသည်။

တရုတ်အစိုးရက ဘဏ်များ အနေဖြင့် ငွေအရင်းအနှီး အမြောက်အမြားကို လက်ဝယ် စုဆောင်းထားပြီး ငွေထုတ်ချေးခြင်းကို ထိန်းချုပ်ရန် သတိပေးထားသည်။ ထို့အတူ တရုတ် မြို့ပြ အာဏာပိုင်များ အနေဖြင့် အိမ်ရာမြေ ဖွံ့ဖြိုးမှု မြှင့်တင်ရေးနှင့် စရိတ်စက နည်းပါးသော အိမ်ရာများ ဆောက်လုပ်ရန်လည်း ညွှန်ကြားထားသည်ဟု သိရသည်။

 BBC သတင်းဌာန၏ China property prices accelerate ကို ဘာသာပြန်ဆိုပါသည်။

          မြန်မာနိုင်ငံမှ အဓိက အတိုက်အခံ ပါတီကြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီပါတီ (NLD)မှ အဖွဲ့ဝင် သုံးဦးအား ရန်ကုန်ရှိ မြို့နယ် တရားရုံး တစ်ခုက ထောင်ဒဏ် သုံးနှစ်စီ ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သတင်း ရရှိပါသည်။

          ပြစ်ဒဏ် ပေးခံရသူ သုံးဦးမှာ NLD ပါတီ၏ လူသားချင်း စာနာ ထောက်ထားရေး ကော်မတီဝင်များ ဖြစ်ကြကြောင်း၊ ၎င်းတို့မှာ တရားမဝင် အသင်းအဖွဲ့ ဖွဲ့စည်း ထူထောင်မှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ် ကျခံစေရန် ရန်ကုန်၊ အင်းစိန် တရားရုံးက အမိန့်ချမှတ် လိုက်ခြင်း ဖြစ်ကြောင်း ၎င်းတို့၏ ရှေ့နေ ဦးကျော်ဟိုးက ပြောကြားသည်။

          ရှေ့နေ ဦးကျော်ဟိုး၏ အဆိုအရ ပြစ်ဒဏ် ပေးခံရသူများမှာ လှိုင်မြို့နယ်တွင် နေထိုင်သူ ရွှေဂျိုး၊ စမ်းချောင်း မြို့နယ်တွင် နေထိုင်သူ စိန်လှိုင် နှင့် အလုံမြို့နယ်တွင် နေထိုင်သူ မချိုတို့ ဖြစ်ကြောင်း၊ သူတို့ သုံးဦးသည် ပြည်ပြေး NLD အဖွဲ့ဝင်များနှင့် ဆက်သွယ်မှု၊ မြန်မာငွေ ကျပ် သိန်း ၁၅၀ (အမေရိကန် ဒေါ်လာ ၁၅၀၀၀) လက်ခံရယူမှု တို့ဖြင့် စွပ်စွဲ အရေးယူ ခံခဲ့ရကြောင်း သိရပါသည်။

အဆိုပါ အမှုသည် ရဲတပ်ဖွဲ့၏ ထွက်ဆိုချက် တစ်ခုတည်း အပေါ် မူတည်၍ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး အရပ်သား ထွက်ဆိုချက် မပါဝင်ကြောင်း၊ အပြစ်ရှိသည် ဟူသော သက်သေ အထောက်အထား တစ်စုံတရာ မဖော်ထုတ်နိုင်ခဲ့ကြောင်း ဦးကျော်ဟိုးက ပြောဆိုပါ သည်။

"ကျွန်တော်တို့ ဘက်က လွတ်မြောက်နိုင်ဖို့  အဆိုပြု တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရ ရှေ့နေ (ဆွဲချ ရှေ့နေ) က တရားခွင်မှာ မတ်တပ် ထရပ်ပြီး သက်သေ ထွက်ဆိုချက်တွေ အရ အပြစ်ရှိတာ ထင်ရှားတယ်၊ အဲဒါကြောင့် ပြစ်ဒဏ် ပေးသင့်တယ်လို့ ပြောပါတယ်" ဟု ၎င်းက ဆိုသည်။

အပြစ်ပေး ခံရသူ သုံးဦးက ၎င်းတို့သည် ပြည်ပြေး NLD အဖွဲ့ဝင်များနှင့် ဆက်သွယ်ခြင်း မရှိပါကြောင်း ပြောဆိုပြီး စွပ်စွဲချက်များ အားလုံးကို ပယ်ချခဲ့သည်။

          "ကျွန်တော်တို့က ဒီအမှုမှာ အပြစ်ရှိတယ်လို့ မျက်မြင် သက်သေတွေရဲ့ သက်သေ ထွက်ဆိုချက်ကို ထုတ်ဖော်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ တရားရုံးတော်က ကျွန်တော်တို့ တောင်းဆိုတဲ့ အရာတွေ ဘာတစ်ခုမှ မပေးဘဲ ဆုံးဖြတ်ချက် ချခဲ့တာပါ" ဟု ၎င်းက ဖြည့်စွက် ပြောဆိုပါသည်။

အပြစ် ပေးခံရသူ သုံးဦးမှာ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် ၎င်းတို့၏ နေအိမ် အသီးသီး၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ထို့နောက် အဆိုပါ သုံးဦးမှာ အင်းစိန်ထောင်တွင် ထိန်းသိမ်းခြင်း ခံခဲ့ရသည်ဟု သိရှိရပါသည်။

 Mizzima သတင်းဌာန၏ Three activists sentenced to three years each ကို ဘာသာပြန်ဆိုပါသည်။

          အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန် အခြေစိုက် NGO တစ်ခုက ထုတ်ပြန်သော နှစ်စဉ် အစီရင်ခံစာ တစ်ရပ်အရ မြန်မာနိုင်ငံသည် လွတ်လပ်မှုနှင့် ပတ်သက်၍ ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး နိုင်ငံတစ်ခု ဖြစ်ကြောင်း သိရပါသည်။

Freedom House က Freedom in the World 2010 အမည်ဖြင့် ထုတ်ပြန်သော အစီရင်ခံစာတွင် မြန်မာနိုင်ငံ အပါအဝင် အခြားသော နိုင်ငံပေါင်း ၉ နိုင်ငံမှာ ကမ္ဘာပေါ်တွင် လွတ်လပ်မှုနှင့် ပတ်သက်ပါက အဆိုးတကာ့ အဆိုးဆုံး နိုင်ငံများအဖြစ် သတ်မှတ် ဖော်ပြထား သည်။ အဆိုပါ ၉ နိုင်ငံတွင် လစ်ဗျား၊ တိဘက်၊ တရုတ်၊ အီရစ်ထရီးယား (Eritrea) နှင့် ဂီနီ နိုင်ငံတို့လည်း ပါဝင်သည်။

          အဆိုပါ Freedom House အဖွဲ့သည် အမေရိကန် အစိုးရနှင့် ကွန်ဆာဗေးတစ် ဖောင်ဒေးရှင်း တစ်ခု ဖြစ်သော Bradley Foundation တို့၏ ရန်ပုံငွေဖြင့် လည်ပတ်လျက် ရှိသော အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ မှတ်တမ်းများအရ Freedom House သည် အလားတူ အစီရင်ခံစာများကို ထုတ်ပြန်လာခဲ့သည်မှာ နှစ်ပေါင်း ၄၀ ခန့် ရှိနေပြီ ဖြစ်သည်။ Freedom House က ကမ္ဘာ နိုင်ငံပေါင်း ၁၉၄ နိုင်ငံနှင့် နယ်မြေဒေသ ၁၄ ခုမှ လူတစ်ဦး တစ်ယောက်ချင်းစီ အနေဖြင့် နိုင်ငံရေးနှင့် ပြည်သူ့ရေးရာ အခွင့်အရေးများ မည်မျှ အတိုင်းအတာထိ ရရှိမှုရှိသည်၊ ပါဝင် လှုပ်ရှားခွင့် ရှိသည် ဟူသော အချက်များကို လေ့လာ ဆန်းစစ်မှုများ ပြုလုပ်နေသော အဖွဲ့အစည်းလည်း ဖြစ်သည်။

          ထို့ပြင် ယင်းသို့ အစီရင်ခံချက်များ ထုတ်ပြန်ရာတွင် ပြည်သူလူထု အနေဖြင့် စစ်တပ်၊ နိုင်ငံခြားပါဝါ၊ အာဏာရှင် ဆန်သော နိုင်ငံရေး ပါတီ၊ ဘာသာရေး ဂိုဏ်းအဖွဲ့၊ စီးပွားရေး လက်ဝါးကြီး အုပ်သော အဖွဲ့များ အပါအဝင် အခြားသော အာဏာပါဝါ ပြင်းထန်သည့် အုပ်စုများ၏ သြဇာလွှမ်းမိုးမှု အောက်မှ နေ၍ နိုင်ငံရေး ရွေးချယ်ခွင့်များကို လွတ်လပ်စွာ ပြုလုပ်နိုင်ခြင်း ရှိ မရှိ ဟူသော အချက်တို့ကိုလည်း အဓိက ထားကာ ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း သိရပါသည်။

          ထို့အတူ နိုင်ငံများ၏ လွတ်လပ်မှုကို သတ်မှတ်ရာ၌ 'လုံးဝ လွတ်လပ်မှု ရှိသည်' ၊ 'အပိုင်းအခြားဖြင့် လွတ်လပ်မှု ရှိသည်' ၊ 'လုံးဝ လွတ်လပ်မှု မရှိ' ဟူ၍ အဆင့်လိုက် ခွဲခြား သတ်မှတ်ခြင်း ဖြစ်သည်။ Freedom House ၏ အဆိုအရ နိုင်ငံတစ်ခုတွင် အရပ်သားများ လွပ်လပ်ခွင့်၊ နိုင်ငံရေး လွတ်လပ်ခွင့် အစရှိသော အချက်များ အပေါ်တွင်လည်း အခြေခံကာ အမှတ်ပေးကြောင်း၊ ယခု ထုတ်ပြန်ချက် သည် ၂၀၁၀ အတွင်း မြန်မာပြည်တွင် ကျင်းပမည့် အကွက်ဆင်ထားသော ရွေးကောက်ပွဲကို အနီးကပ် စောင့်ကြည့် လေ့လာမည့် သူများအား စိုးရိမ် ပူပန်မှုများ ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း သိရသည်။

စစ်အစိုးရကို ဝေဖန်သူများက အဆိုပါ ၂၀၁၀ ရွေးကောက်ပွဲသည် အတုအယောင်မျှသာ ဖြစ်ပြီး စစ်တပ်၏ သြဇာ အာဏာကိုသာ ကြီးမားအောင် အကွက်ဆင်ထားခြင်း ဖြစ်သည်ဟု ကဲ့ရဲ့ ရှုတ်ချကြသည်။

          "ဒီ Freedom House က ထုတ်ပြန်တဲ့ အစီရင်ခံစာက မြန်မာနိုင်ငံမှာ တကယ် ဖြစ်နေတဲ့ အခြေအနေတွေကို ထင်ဟပ် မိစေပါတယ်" ဟု ထိုင်းနိုင်ငံ အခြေစိုက် Forum for Democracy in Burma(FDB) အဖွဲ့မှ ကိုစိုးအောင်က ပြောကြားပါသည်။

          "ပြောရရင် အချို့သော နိုင်ငံတကာနဲ့ ပြည်တွင်း အုပ်စုတွေက ရွေးကောက်ပွဲကြောင့် မြန်မာပြည်မှာ အပြောင်းအလဲ ဖြစ်မယ်လို့ ထင်နေကြပါတယ်။ သူတို့က မြန်မာပြည်တွင်းမှာ တကယ် ဖြစ်ပျက်နေတဲ့ အနေအထားတွေကို မမြင်ကြပါဘူး။ မြန်မာ ပြည်သူတွေရဲ့ ဘဝတွေဟာ အလောင်းအစား အလုပ်ခံရဖို့ မဟုတ်ပါဘူး" ဟု ကိုစိုးအောင်က ဆိုပါသည်။

          Freedom House က လွတ်လပ်မှုနှင့် ပတ်သက်၍ သုတေသန ပြုရာတွင် ယဉ်ကျေးမှုအရ မလွတ်လပ်သော အနေအထားများကို ထည့်သွင်းခဲ့ခြင်း မရှိပေ။ နိုင်ငံတကာ ရေးရာများတွင် အမေရိကန် ပြည်ထောင်စုက ဦးဆောင်နေမှုသည် လူ့အခွင့်အရေးနှင့် လွတ်လပ်မှု တို့အတွက် မရှိမဖြစ် လိုအပ်သော အချက်တစ်ခု ဖြစ်သည် ဟု Freedom House က ဆိုသည်။ အဆိုပါ အစီရင်ခံစာကို ခြုံငုံကြည့်ပါက ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် လွတ်လပ်မှုများ ဆိုးရွားစွာ ကျဆင်းခဲ့ပြီး အာဏာရှင်ဆန်မှုတို့ ပြန်လည် ခေါင်းထောင်လာသည်ကို တွေ့ရှိရပါသည်။

 DVB သတင်းဌာန၏ Burma Freedom is 'worst of the worst' ကို ဘာသာပြန်ဆိုပါသည်။

NLD ရွေးကောက်ပွဲ ဝင်မယ်လို့ ဦးဉဏ်ဝင်း ကထုတ်ပြော လိုက်ပါပြီ။

၁၉၉၀ ရွေးကောက်ပွဲကို မေ့လိုက်တာ အပြင် အခြေခံဥပဒေ ကိုလက်ခံတဲ့ သဘောတွေ ပါဝင်တာမို့ ဗိုလ်ချုပ်မှူးကြီး ရဲ့ လမ်းညွန်မြေပုံ ပန်းတိုင် ရောက်သွားတဲ့ သဘော ဖြစ်ပါတယ်။

သို့သော် ဗိုလ်ချုပ်မှူးကြီး အနေနဲ့ ရွေးကောက်ပွဲ ကနေ စိတ်ကြိုက် အစိုးရဖွဲ့ခွင့်ရဖို့လိုအပ်ပြန်တာကြောင့်  ရွေးကောက်ပွဲ ဘယ်လိုနိုင်ချင်တာလဲ ဆိုတာ စဉ်းစား ရပါလိမ့်မယ်။

လှလှပပ နိုင်ချင်ရင် ဒေါ်အောင်ဆန်းစုကြည် နဲ့ စကား ပြောရပါတော့မယ်။မဟုတ်ရင်တော့ နည်းလမ်းဟောင်း ဖြစ်တဲ့ ဖိနိပ်မှုများ ပိုလုပ်ရပါမယ်။

ဗိုလ်ချုပ်မှူးကြီး နေရာကနေ စဉ်းစားရင် ဒေါ်အောင်ဆန်းစုကြည် ဘက်က ရွေးကောက်ပွဲဝင် မဝင် မပြောခင်မှာ တွေ့ရင် မသိကိန်းတွေ များလွန်းလှပါတယ်။

ဒီပဲရင်း ကိစ္စ၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်၊ အခြေခံဥပဒေ ပြင်ဆင်ရေး စတာတွေ ကိုမေ့နိုင် မမေ့နိုင် မသေချာဘူး။ အဲဒါတွေကို မဆွေးနွေးချင်ဘူး။ အဲဒီ ပြီးသွားတာတွေထက် ရှေ့ဆက်ရမဲ့ ခရီးမှာ စိတ်ပူစရာ တွေကို မပူရအောင် သေချာချင်တယ်။ ဒီကိစ္စ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ရင် ဗိုလ်ချုပ်မှူးကြီး က ဒေါ်အောင်ဆန်းစုကြည် တွေ့ချင်တာထက် တောင်ပိုတွေ့ချင်သေးတယ်။

ဒေါ်အောင်ဆန်းစုကြည် ဘက်က ရွေးကောက်ပွဲ ဝင်မယ်ဆိုလိုက်တဲ့ အတွက် မသိကိန်း တခုထဲ ဖြစ်သွားပြီး အဲဒီ မသိကိန်းက ဗိုလ်ချုပ်မှူးကြီး အသိချင်ဆုံး ရွေးကောက်ပွဲ ကိစ္စဖြစ်နေတယ်။

ဂုဏ်သရေပိုင်း ဆိုင်ရာ တွေ ကိုယ်ချင်းစာ တတ်ရင် တွေ့ဆုံဆွေးနွေး ရေးဟာ လက်တကမ်းကို ရောက်နေပြီ လို့ဆိုချင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး စိတ်သဘောထား ပြောင်းနေချိန်ဖြစ်လို့ အပြုသဘော မဆောင်ဘူး လို့ ပြောဖို့ခက်ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ပြောင်းလဲရေးနှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ အမြန်ဆုံး လွတ်မြောက်ရေးအတွက် မြန်မာစစ်အစိုးရ အပေါ် မည်သို့ မည်ပုံ ဖိအား ပေးရမည် ဟူသော ကိစ္စနှင့် ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ရိုဒန် ကလင်တန်နှင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ကတ်ဆူရာ အိုကာဒါတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ ဟိုနိုလူလူ၌ ကျင်းပ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲနှင့် ပတ်သက်၍ အသေးစိတ် ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

အဆိုပါ ဆွေးနွေးမှု မပြုလုပ်မီ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက "မြန်မာနိုင်ငံ ကိစ္စအပေါ် အကျယ်တဝင့် ဆွေးနွေးမယ်လို့ ထင်ပါတယ်။ မူဝါဒတွေ ပြောင်းလဲ ကျင့်သုံးလာဖို့ အတိုက်အခံတွေကို လက်ခံဖို့ နဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်း တစ်ရပ် တည်ဆောက်ခွင့် ပြုလာဖို့ မြန်မာစစ် အစိုးရကို ဘယ်လိုမျိုး အားပေးအားမြှောက် ပြုလုပ်ရမယ် ဆိုတာတွေကို ဆွေးနွေးကြမယ် လို့ ထင်ပါတယ်" ဟု ပြောဆိုပါသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက် တစ်ရပ်မှာ သမ္မတ အိုဘားမား၏ အာရှ ပစိဖိတ် ဒေသဆိုင်ရာ မူဝါဒကို ပြန်လည် ကောက်ယူထားခြင်း ဖြစ်သည်။

"အိုဘားမား အုပ်ချုပ်ရေး အဖွဲ့ဟာ မြန်မာနိုင်ငံနဲ့ လက်တွေ့ကျကျ စေ့စပ် ညှိနှိုင်း သွားမယ်လို့ သဘောထား ထုတ်ပြန်ထားပါတယ်။ စေ့စပ်ညှိနှိုင်းတဲ့ နေရာမှာ အစိုးရနဲ့ သာမက နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အတိုက်အခံတွေ စတဲ့ Stakeholder တွေ အားလုံး ပါဝင်ပါတယ်။

မြန်မာ နိုင်ငံအနေနဲ့ တည်ငြိမ် အေးချမ်းမှု၊ ချမ်းသာကြွယ်ဝမှု၊ ညီညွတ်မှု စတာတွေကို အကောင်အထည် ဖော်နိုင်ပြီး နိုင်ငံသားတွေရဲ့ အခွင့်အရေးကို အလေးအနက် ထားတဲ့ နိုင်ငံတစ်ခု ဖြစ်လာဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ အခုဆိုရင် ဟီလာရီ ကလင်တန်ဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာ အပါအဝင် အာဆီယံက မိတ်ဆွေတွေနဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်နေပါတယ်" ဟု ပြောရေးဆိုခွင့် ရှိသူက ပြောသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကတ်ကမ်းဘဲလ် သည် နေပြည်တော်တွင် စစ်အစိုးရမှ ဗိုလ်ချုပ်များနှင့် လည်းကောင်း၊ ရန်ကုန်မြို့တွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း တွေ့ဆုံခဲ့သည်။ အဆိုပါ တွေ့ဆုံမှုသည် အမေရိကန်နှင့် မြန်မာအကြား လက်တွေ့ကျကျ စေ့စပ် ညှိနှိုင်းရေးအတွက် အရေးပါသော အဆင့်တစ်ခု ဖြစ်ခဲ့သည်။

Irrawaddy သတင်းဌာန၏ Clinton, Okada Discuss Burma ကို ဘာသာပြန်ဆိုပါသည်။


မြန်မာနိုင်ငံ အစိုးရ အဖွဲ့သည် မိမိတို့ ကတိကဝတ် ပြုထားသည့်  အတိုင်း ဒီမိုကရေစီ ရွေးကောက်ပွဲကို ယခုနှစ်အတွင်း ကျင်းပပေးမည် ဖြစ်သည်ဟု မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများအား ပြောဆိုခဲ့ကြောင်း အာဆီယံ အထွေထွေ အတွင်းရေးမှူး ဆူရင် ပစ်ဆာဝမ်က ပြောကြားသည်။

ဗီယက်နမ်နိုင်ငံ၌ ဇန်နဝါရီလ ၁၃ ရက်နေ့က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများနှင့်အတူ ညစာ စားပွဲတွင် မြန်မာ အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ယင်းသို့ ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း မစ္စတာ ဆူရင် ပစ်ဆာဝမ်က ဇန်နဝါရီ ၁၄ ရက်နေ့တွင် ပြောကြားသည်။

"မနေ့ညက ဦးဉာဏ်ဝင်းက ပြောတာပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရွေးကောက်ပွဲကို ယခုနှစ်အတွင်း ကျင်းပပေးမယ် ဆိုတာကို အသေအချာ ပြောသွားပါတယ်။ လွတ်လပ်မှုနဲ့ မျှတမှုရှိမယ်၊ ယုံကြည် စိတ်ချရမှုလည်း ရှိမယ်လို့ ပြောပါတယ်" ဟု အာဆီယံ အထွေထွေ အတွင်းရေးမှူးက အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးပွဲတွင် သတင်းထောက်များအား ပြောကြားသည်။

"ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ရက် အတိအကျတော့ မသတ်မှတ်ရသေးပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ကို ပြောထား သလောက်ကတော့ ကျင်းပဖို့ စီစဉ် ဆောင်ရွက်နေပါတယ်"ဟု ယင်းက ဆိုသည်။ မြန်မာနိုင်ငံ၏ အရေးကိစ္စများကို ယခုနှစ်အတွင်း ဖြေရှင်းနိုင်လိမ့်မည်ဟု အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အားလုံးက မျှော်လင့်နေပါသည်ဟု သဘောထား ထုတ်ဖော်ထားကြောင်း၊ သို့မှသာ အာဆီယံနိုင်ငံ အချင်းချင်း ဆက်ဆံရေးနှင့် အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း ပူးပေါင်း ဆောင်ရွက်မှု ကဏ္ဍသစ်များဆီသို့ ဦးတည်နိုင်မည် ဖြစ်ကြောင်း ဆူရင် ပစ်ဆာဝမ်က ပြောသည်။

အာဆီယံ၏ မူဝါဒမှာ အဖွဲ့ဝင် နိုင်ငံများ၏ အရေးကိစ္စကို ကြားဝင် စွက်ဖက်မှု မပြုရေး ဖြစ်ရာ မြန်မာ့ အရေး ကိစ္စတွင် အာဆီယံအနေဖြင့် ခိုင်မာ ပြတ်သားသော ရပ်တည်ချက်များ မပြုလုပ် သောကြောင့် ပြစ်တင်ဝေဖန်မှု များစွာဖြင့် ရင်ဆိုင်နေခဲ့ရသည်။ အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက AFP သတင်းဌာနသို့ ထင်မြင် သုံးသပ်ချက်များ ပေးရန် ငြင်းဆိုခဲ့သည်။

ယခု ၂၀၁၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးသမားများ အားလုံး ပါဝင် ယှဉ်ပြိုင်ခွင့် ရှိရေး၊ သန့်ရှင်း လွတ်လပ်မှု၊ တရားမျှတမှုနှင့် ယုံကြည် စိတ်ချရမှုတို့ မဖြစ်မနေ ရှိရမည် ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုနှင့် အာဆီယံအဖွဲ့က သဘော တူညီစွာ တိုက်တွန်း ဆော်သြခဲ့သည်။

ထိုသို့ တိုက်တွန်းမှုမှာ ၂၀၀၉ ခုနှစ်တွင် ကျင်းပသော အာဆီယံ ထိပ်သီး ဆွေးနွေးပွဲသို့ မြန်မာ အစိုးရ ဝန်ကြီးချုပ် သိန်းစိန်နှင့် အမေရိကန် သမ္မတ ဘားရက် ဟူစိန် အိုဘားမားတို့ အတူ တက်ရောက်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။  အဆိုပါ ထိပ်သီး ဆွေးနွေးပွဲတွင် မြန်မာ ဝန်ကြီးချုပ်နှင့် အမေရိကန် သမ္မတ တို့ ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ကြပါသည်။

Straits Times သတင်းစာမှ Myanmar pledges free election ကို ဘာသာပြန်ဆိုပါသည်။

padaukmyay comment တွင် ဝင်ရေးထားသော ပြောဆိုချက်ဖြစ်သည်
ဒေါ်စုကို နိုင်ငံရေးထဲမပါစေချင်တာမဟုတ်ဘူး။ ခေတ်အဆက်ဆက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရရော၊ ၂၀၀၈ အခြေခံဥပဒေအရရော ဒေါ်စုဟာ ဥပဒေနဲ့ မညီညွတ်တော့ ပါဘူး။ ဒါကြောင့် ဒေါ်စုအနာဂတ်မြန်မာနိုင်ငံမှာ နိုင်ငံ့ခေါင်းဆောင်တော့ ဖြစ်လာနိုင်စရာ အကြောင်းလုံးဝမရှိ တော့ပါဘူး။ လူထုခေါင်းဆောင်ဖြစ်နိုင်ပါတယ်။ အတိုက်အခံ ခေါင်းဆောင်ဖြစ်နိုင်ပါတယ်။ အခြေခံဥပဒေသစ်အရ ဖြစ်ပေါ်လာမယ့် နိုင်ငံတော် သမ္မတက သက်ညာစွာ စဉ်းစားပေးခဲ့မယ် ဆိုရင်တောင် ၀န်ကြီး တစ်နေရာ လောက်တော့ ဖြစ်နိုင်တယ် ပေါ့လေ။

သို့သော် ၀န်ကြီးဖြစ်ရေး၊ ခေါင်းဆောင်ဖြစ်ရေးထက် အနှောင်အဖွဲ့ မပါပဲ တွေ့ဆုံဆွေးနွေးမယ်ဆိုရင် ဦးသန်းရွှေလည်း တွေ့ဖို့ အဆင်သင့်ပါပဲ။ ဘာလို့ မတွေ့ဆုံနိုင်သလဲ ဆိုတာ နှစ်ဖက်စလုံးမှာ လိုအပ်ချက်တွေရှိနေလို့ ဖြစ်ပါတယ်။

ဒီတော့ ဦးသန်းရွှေအနေနဲ့ သူတို့ ထုတ်ပြန်ထားတဲ့အတိုင်း Road Map အတိုင်းသွားမယ်။ ပါချင်ပါ ။ မပါချင်နေ ။
ဒီလိုသဘောထားပါတယ်။ ရွေးကောက်ပွဲ ဥပဒေထွက်လာရင် လက်ရှိရပ်တည်နေတဲ့ နိုင်ငံရေးပါတီများအားလုံးကို အရင်ဖျက်သိမ်းပစ်ကောင်း ချက်သိမ်းပစ်ပါမယ်။ ပြီးမှ အသစ်ပြန်ဖွဲ့ရပါမယ်။
ဘာလို့ လဲဆိုတော့ အခုထွက်ပေါ်လာမယ့် ရွေးကောက်ပွဲ ဥပဒေ ပါတီဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းများအရ လက်ရှိရပ်တည်နေတဲ့ နိုင်ငံရေးပါတီများအနေနဲ့ မကိုက်ညီဘူးဆိုရင် ပြန်လည်ဖွဲ့စည်းရမှာဖြစ်ပါတယ်။

ဒီနေရာမှာ NLD အနေနဲ့ ပြန်လည်ပါဝင်နိုင်စေဖို့ မည်ကဲ့သို့ လုပ်ဆောင်သင့်ကြောင်း မည်ကဲ့သို့ ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်းကို ဆက်ဆံရေးဝန်ကြီးမှ တဆင့် ဒေါ်စုကို ပြောကြားထားပြီးဖြစ်တြ့ အတွက် ယခုကဲ့သို့ CECအသစ်များတိုးချဲ့ခဲ့ခြင်း ဖြစ်ပါတယ်။
လူသစ်များထပ်တိုးတာကို စစ်ဘက်အုပ်စုများ မသိတာမဟုတ်ပါ၊ အသိအမှတ် တစ်စုံတစ်ရာပြုတဲ့အတွက် သဘောတူခွင့်ပြုခဲ့တာပဲ ဖြစ်ပါတယ်။

အစိုးရနဲ့NLD တို့အကြားမှာ ထုတ်ပြန်လို့ မရတဲ့ သဘောတူညီချက် တွေရှိပါတယ်။ရှိလို့လဲ နှစ်ဦးနှစ်ဖက် စကားပြောလို့ ရနေတာ ဖြစ်ပါတယ်။

တပ်မတော်အစိုးရ အနေနဲ့ ချမှတ်ထားပြီးဖြစ်တဲ့ လမ်းစဉ် (၇)ရပ်အတိုင်းသွားပါမယ်။ သွားလာခဲ့တာ နောက်ဆုံးအဆင့် ရောက်လာခဲ့ပါပြီ။ အမျိုးမျိုးဖျက်ဆီးခဲ့ကြပါတယ်။ မပျက်စီးခဲ့ပါဘူး။ အခြေခံဥပဒေ တစ်ရပ်ခိုင်ခိုင်မာမာပေါ်ထွန်းခဲ့ပါပြီ။ ကျင့်သုံးကြည့်စေချင်ပါတယ်။

မကျင့်သုံးကြည့်သေးပဲနဲ့ မကောင်းဘူးလို့ မပြောသင့်ပါဘူး။ အခြေခံ ဥပဒေတိုင်းဟာ နိုင်ငံတိုင်းကို အထွဋ်အထိပ် ရောက်အောင်စွမ်းဆောင်နိုင်တဲ့ လိုတရ စဉ်းမျဉ်းတွေတော့မဟုတ်ပါဘူး။ ကျင့်သုံးတဲ့ အစိုးရရယ် ပြည်သူရယ် အပေးအယူမျှတဖို့က အလွန်အရေးကြီးပါတယ်။
အခုလဲ ဒီနှစ်အတွင်းမှာ ရွေးကောက်ပွဲကို ဖြစ်မြောက်အောင် ကျင်းပမယ်လို့ အတိအလင်း ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ဘယ်တော့လဲ ဘာလဲ မေးနေစရာကို မလိုဘူး။ ဒီဇင်ဘာ ၃၁ ထက်တော့ နောက်မကျဘူးဆိုတာ အားလုံးသိတယ်။ ရွေးကောက်ပွဲ ဥပဒေမထွက်လို့ ဘာလို့ ပြောစရာမလိုဘူး။ ဥပဒေထက် ပြည်သူတွေကို မိမိတို့ နည်းလမ်းမျိုးစုံနဲ့ ကြိုတင်စည်းရုံးမှုတွေ လုပ်ကြပေါ့ဗျာ။
အခုဟာက ဟိုဟာမလုပ်သေးလို့ ၊ ဒီဟာမလုပ်သေးလို့ ဆိုပြီး လျှောက်ပြောနေမယ့်အစား ကိုယ်လုပ်သင့်တာကို လုပ်ဆောင်ကြပေါ့။ မြန်မာပါဗျ ။ လုပ်လို့ မရဘူးဆိုတာ မရှိဘူး။ အတိုက်အခံတွေ အသိဆုံးပါ။ ဘယ်လိုလုပ်ရင် ရတယ်ဆိုတာ။
ဒီတော့ နိုင်ငံရေးကတော့ ဆက်လက်ချီတက်မယ်။
ရွေးကောက်ပွဲ ဥပဒေရဲ့ ပါတီဖွဲ့စည်းခွင့်မှာ အောက်ပါအတိုင်း ပြဌာန်းပါရှိပါမယ်။

(၁) ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် နေထိုင်သည့် နိုင်ငံသားတိုင်းသည် နိုင်ငံရေးပါတီတစ်ရပ်ကို ထူထောင်ပိုင်ခွင့်ရှိသည်။
(၂) နိုင်ငံရေးပါတီတစ်ရပ်သည် ဥပဒေနှင့်အညီ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားပိုင်ခွင့်၊ စုစည်းဆွေးနွေးပိုင်ခွင့်၊ အသံချဲ့စက်နှင့် ရေဒီယို အသံလွှင့် စည်းရုံးပိုင်ခွင့်ရှိသည်။ လိုအပ်ပါက နိုင်ငံရေးပါတီတိုင်းသည် မြန်မာ့ရုပ်မြင်သံကြားမှ တစ်ဆင့် ပြည်သူလူထုကို ဟောပြောစည်းရုံးနိုင်သည်။
(၃) နိုင်ငံရေးပါတီတစ်ရပ်သည် ထိုက်သင့်သည့် ပါတီရန်ပုံငွေ ရှိရမည်။
(၄) နိုင်ငံရေးပါတီတစ်ရပ်သည် မည်သည့် ပြည်ပ အထောက်အပံ့၊ အကူအညီမှ ရယူထားခြင်း၊ ယင်းအကူအညီဖြင့် စည်းရုံးလှုပ်ရျားခြင်း လုံးဝမပြုရ။
(၅) နိုင်ငံရေးပါတီတစ်ရပ်၏ ပါတီခေါင်းဆောင်နှင့် ပါတီတာဝန်ရှိသူများသည် ပြည်ထောင်စုမြန်မာနိုင်ငံသား စစ်စစ်ဖြစ်ရမည်။
(၆) ပါတီ၏ သင်းဖွဲ့စည်းမျဉ်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်သို့ တင်ပြ၍ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားရမည်။
(၇) နိုင်ငံရေးပါတီများ တရားဝင်လွတ်လပ်စွာ စည်းရုံးလှုပ်ရှားပိုင်ခွင့်ကို ပါတီမှတ်ပုံတင်ခြင်း အတည်ဖြစ်ကြောင်း ထုတ်ပြန်ခြင်းမပြု သေးမီကာလအတွင်း လုံးဝဆောင်ရွက်ခြင်း မပြုရ။

ဒီအချက်တွေဟာ လာမယ့် ရွေးကောက်ပွဲ ဥပဒေမှာ ပါဝင်လာမယ့် အချက်အချို့ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ဥပဒေမှာလဲ ရွေးချယ်တင်မြောက်ခြင်း အခန်းကို အသေးစိတ်ဖေါ်ပြမှာ ဖြစ်ပါတယ်။

ယခုလကုန်ပိုင်းမှာ ရွေးကောက်ပွဲ ဥပဒေထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ထွက်လာပြီးရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်တွေ ဖွဲ့စည်းပါမယ်။ မြို့နယ်တွေအထိ ဖွဲ့စည်းပါမယ်။ ဖေဖေါ်ဝါရီလ တစ်လ အချိန်ယူပါမယ်။
ဖွဲ့စည်းပြီးရင် ပါတီများကို ဖိတ်ခေါ်ပါမယ်။ ပါတီများ ဥပဒေနှင့် အညီ မှတ်ပုံတင်ကြရပါမယ်။ ပါတီများမှတ်ပုံတင်ခြင်း ပါတီစီစစ်ခြင်းကို မတ်လနဲ့ ဧပြီလ အတွင်းမှာ ဆောင်ရွက်ပါမယ်။ သင်္ကြန်ကာလမှာ နိုင်ငံရေးနဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန် မရောထွေးစေချင်လို့ ဖြစ်ပါတယ်။
မေလမှ စတင်၍ နိုင်ငံရေးပါတီများကို အတည်ဖြစ်ကြောင်း စတင်စည်းရုံးလှုပ်ရှားပိုင်ခွင့် ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ကြေငြာပါမယ်။
နိုင်ငံရေးပါတီများ စည်းရုံးချိန် (၆) လရပါမယ်။ နည်းတယ်များတယ် မပြောပါနဲ့။ ပြည်သူတွေ သိပါတယ်။ စည်းရုံးတာ စကားတစ်ခွန်းထဲနဲ့လဲ တစ်နိုင်ငံလုံးပါလာနိုင်ပါတယ်။ TV ကနေပြောပေါ့ဗျာ။
၂၀၁၀ နိုဝင်ဘာလ အတွင်းရွေးကောက်ပွဲ လုပ်မယ်လို့ ခန့်မှန်းပါတယ်။
ရွေးကောက်ပွဲမှာ အနိုင်ရပါတီတွေက လွှတ်တော်အမတ်တွေကို
၂၀၁၁ ဇန်န၀ါရီလမှာ လွှတ်တော်စတင် ခေါ်ယူမှာဖြစ်ပါတယ်။ လွှတ်တော်ကို နေပြည်တော် လွှတ်တော်ရုံးသစ်မှာ ခေါ်ယူကျင်းပပါ့မယ်။
နိုင်ငံတော်ရဲ့ ပထမဦးဆုံး လွှတ်တော်အစည်းအဝေးကနေ နိုင်ငံတော်သမ္မတ အသစ်ကို ရွေးချယ်ပါမယ်။ စစ်ရေးအတွေ့အကြုံရှိရမယ်လို့ ဥပဒေမှာ မပါဘူးနော်။ နိုင်ငံတော် သမ္မတသည် စစ်ရေးအမြင်ရှိရမည်လို့ပဲ ပါတယ်။ (ဒီနေရာမှာ စကားများရလွန်းလို့)
နိုင်ငံတော်သမ္မတ အသစ်က သူ့ရဲ့ Cabinet ကိုဖွဲ့စည်းမှာ ဖြစ်ပြီး၊ နိုင်ငံတော်သမ္မတမှ အစ လွှတ်တော်အမတ်များအားလုံး ကျမ်းသစ္စာ ကျိမ်ဆိုကြမှာ ဖြစ်ပါတယ်။ ထို့ နောက်ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံတော်အသစ်ကို စတင်ကျင့်သုံးမယ်လို့ အနီးစပ်ဆုံးသုံးသပ်တင်ပြလိုက်ပါတယ်။

ဒီတော့ သွားမယ်လမ်းက အဖုအထစ်တွေ၊ အနှောက်အယှက်တွေရှိလဲ သွားမှာပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရသစ်မှာ တပ်မတော်အစိုးရဘက်က ၂၅ ရာခိုင်နှုန်း အရပ်သားက ၇၅ ရာခိုင်နှုန်းပါမှာဖြစ်ပါတယ်။
လုံးဝ မရတာထက်စာရင် ကောင်းတဲ့ဖက်က ကြိုဆိုရမှာပါ။ မပါခဲ့ရင်တောင် ပါဖို့ တိုက်တွန်းသင့်ပါတယ်လို့ NLD ဦးအောင်ရွှေနဲ့ ဦးလွင်တို့ရဲ့ BBC တွေ့ဆုံမေးမြန်းခန်းမှာ ပြန်ကြည့်နိုင်ပါတယ်။

အားလုံးကောင်းစေချင်ပါတယ်ဗျာ။ အားလုံးနိုင်ငံကို ချစ်လွန်းလို့ ဖြစ်ရတဲ့ ဒေါသတွေ၊ ခံယူချက်တွေ ဖြစ်ပါတယ်။ အားလုံးမပြည့်စုံကြပါဘူး။ လိုအပ်ချက်တွေနဲ့ပါ။ ဒီတော့ ခွင့်လွှတ်ခြင်း၊ နားလည်ခြင်း၊ ပေါင်းစည်းခြင်း၊ ညီညွတ်ခြင်းတွေနဲ့ နိုင်ငံတော်ကို အတူတကွ လက်တွဲသွားချင်တယ်။ မဝေးပါဘူးဗျာ။ လာချင်ရင် အနီးလေးပါ။ တစ်ဖြေးဖြေး ပြောင်းလဲယူကြရအောင်ပေါ့ဗျာ။


http://www.voanews.com/burmese/archive/2009-11/2009-11-26-voa2.cfm

ဦးကျော်ဇံသာ ။ ။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ က ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးဖို့ ဘာဖြစ်လို့ ဒီလောက် တောင် ကြောက်ရွံနေရတာလဲ။

Larry Jagan ။ ။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ မပါဝင်စေချင်ပါဘူး။ ဘယ်နိုင်ငံရေး မဲဆွယ်လှုပ်ရှားမှုတွေမှာလည်း မပါစေချင်ပါဘူး။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်သာ လာမယ့် ရွေးကောက်ပွဲမှာ ပါလာရင် သူရဲ့  အာဏာတည်မြဲရေးနဲ့ သူ့မိသားစု လုံခြုံရေး အန္တရာယ်ရှိနိုင်မယ်လို့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ က တွက်နေလိုပါ။

 

ဦးကျော်ဇံသာ ။ ။ ဟုတ်ပြီ။ Larry ရော ဘယ်လိုထင်သလဲ။ တကယ်ပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ တို့ လုံခြုံရေးအတွက် အန္တရာယ်ပြုနိုင်မယ် ထင်သလား။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေတို့ရဲ့  စိုးရိမ်မှုက တကယ်ရော လက်တွေ့ ကျပါရဲ့ လား။

Larry Jagan ။ ။ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှုးကြီးသန်းရွှေ မိသားစုအတွက် ခြိမ်းခြောက်မှုတရပ်ဖြစ်တယ်လို့ ကျနော်မထင်ပါဘူး။ ဒါပေမဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ အရပ်သား အစိုးရတရပ် တက်လာရင်တော့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့  မိသားစု စီးပွားရေးသာမက ကျန်တဲ့စီးပွားရေးလုပ်ငန်းအားလုံးဟာ စနစ်တကျ စစ်ဆေးမှုတွေနဲ့ စည်းကမ်း ဥပဒေတွေနဲ့ အညီ လုပ်လာကြရမှာတော့ သေချာပါတယ်။ တကယ်တော့ ဒီလိုစည်းနဲ့ကမ်းနဲ့ ဥပဒေစနစ်တကျရှိဖို့ဆိုတာ တကယ် လိုအပ်တဲ့ ကိစ္စပါ။ ဒါမှလည်း မြန်မာနိုင်ငံ တိုးတက်နိုင်မှာပါ။ ဒါကိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီတို့က လိုလားကြမယ် ထင်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရကို ပြစ်ဒဏ်ခတ်ဖို့ကိုတော့ သူတို့လိုလားမယ် မဟုတ်ပါဘူး။ ၂၀၀၃ ခုနှစ် မတ်လမှာ ကျနော် ဒေါ်အောင်ဆန်းစုကြည်နဲ့ နောက်ဆုံးတွေ့ခဲ့တုန်းက သူက ကျနော်ကို ပြောခဲ့ပါတယ်။ သူတို့ဟာ စစ်အစိုးရကို ဒဏ်ခတ်ဖို့ကို မလိုလားပါဘူး။ လူတဦးတယောက်အတွက် လူ့တစုအတွက်မဟုတ်ဘဲ တတိုင်းပြည်လုံး အတွက် အတူတကွ ပူးပေါင်းလက်တွဲ ဆောင်ရွက်ဖို့ လိုလားတယ်လို့ ကျနော့်ကို ပြောခဲ့ပါတယ်။

 

ဦးကျော်ဇံသာ ။ ။ ဟုတ်ပါတယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီသဘောထားပေါ်မှာ အခြေခံပြီးတော့ ဗိုလ်ချုပ်မှုးကြီးဆီကို စာတွေ ရေးပို့ခဲ့တာ ဖြစ်ပါတယ်။ ဒီလို စာရေးတာဟာလည်း ပြည်ပရဲ့  ပါဝင်မှု ပရောဂ တစုံတရာကြောင့် မဟုတ်ဘဲနဲ့ home-grown လို့ ခေးတဲ့ ပြည်တွင်းက ပေါ်ပေါက်လာတဲ့ လုပ်ရပ်စစ်စစ်ဖြစ်ပါတယ်။ ကိုယ့်တို့အချင်းချင်း ညှိနှိုင်း ဆောင်ရွက်ဖို့ ပြောတဲ့ကိစ္စသာ ဖြစ်ပါတယ်။ ဆိုတော့ ဒီလို ဒေါ်အောင်ဆန်းစုကြည်ရဲ့  စတင်ဆောင်ရွက်မှုကရော ဘယ်လောက်ထိ အလားအလာ ကောင်းမယ်ထင်ပါသလဲ။

Larry Jagan ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့  စတင်လုပ်ဆောင်ချက်ဟာ ကြိုဆိုသင့်တဲ့ကိစ္စလို့ ထင်ပါတယ်။ စက်တင်ဘာလ က ရေးလိုက်တဲ့ သူရဲ့  ပထမစာမှာ စစ်အစိုးရပေါ် အရေးယူပိတ်စို့ဒဏ်ခတ်မှုတွေ လျှော့ပေါ့ရေး ကူညီ ဆောင်ရွက်ဖို့ကို သူကရေးခဲ့တယ်။ ဒုတိယစာမှာ ဦးတင်ဦးအပါအဝင် အန်အယ်လ်ဒီ စီအီစီ အဖွဲ့ဝင်တွေနဲ့ တွေ့ပြီးညှိနှိုင်းမယ်။ ပြီးတော့ ဗိုလ်ချုပ်မှုးကြီးနဲ့ တွေ့ပါရစေလို့ ရေးတယ်။ ဆိုတော့ ဒါကရှင်းနေပါတယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်တုန်းက ဒါမျိုး လုပ်ခဲ့သည်ဖြစ်စေ မလုပ်ခဲ့သည်ဖြစ်စေ အခုအခါ အလျှော့အတင်း ရှိလာပြီးတော့ အပေးအယူလုပ် ညှိနှိုင်းဖို့ အဆင့်သင့် ရှိနေတယ်ဆိုတာကတော့ ရှင်းနေပါတယ်။

 

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒါကို စစ်အစိုးရဘက်က ဘယ်လိုတုံ့ပြန်လာမယ် ထင်ပါသလဲ။ အမေရိကန်ကို တုံ့ပြန်ဖို့ပြောတာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ရဲ့  မေတ္တာရပ်ခံချက်ကို တုံ့ပြန်ဖို့ကိစ္စကို ပြောတာပါ။ ဘယ်လိုတုံ့ပြန်လာမယ် ထင်ပါ သလဲ။

Larry Jagan ။ ။ တကယ်တော့ စစ်အစိုးရက အပြုသဘောနဲ့ တုံ့ပြန်သင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ရလို့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေဘက်က တစုံတရာ ဆုံးရှုံးစရာ ရှိတယ်လို့ ကျနော်တော့ မမြင် ပါဘူး။ သူတို့တွေ့သင့်တယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  စတင်လုပ်ဆောင်ချက်သာ ဖြစ်တယ်။ အမေရိကန်တွေ လုပ်တာ မဟုတ်ဘူးဆိုတာ အမြင်ရှင်းသင့်ပါတယ်။ သူဟာ အမေရိကန်ရဲ့  ရုပ်သေမဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ အခုလောလောဆယ်မှာ နှစ်ဖက်စလုံးက မရွေ့ ကြတော့ဘူးဆိုတော့ကာ ၂၀၁၀ ရွေးကောက်ပွဲ ကာလ ရော ဒီလိုနဲ့ပဲ ဆိုက်ရောက်သွားမလား။

Larry Jagan ။ ။ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရွေ့ နေပါတယ်။ တလှမ်းပြီးတလှမ်း လှမ်းရင်း စစ်အစိုးရကို သူက လက်ကမ်းနေပါတယ်။ စစ်အစိုးရဘက်က တုံ့ပြန်မှုကိုတော့ မတွေ့ရပါဘူး။ ရှေ့ ဆက်ပြီးတော့ ဘာမှ ဖြစ်မလာ ရင်တော့ ရွေးကောက်ပွဲကတော့ ဒီအခြေအနေအတိုင်းဆိုရင် ဆက်ပြီးဖြစ်လာမှာဘဲ။ ရွေးကောက်ပွဲအပြီး လွှတ်တော် ခေါ်တဲ့ အထိ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေပြင်ဆင်မှု မရှိလာနိုင်ဘူးဆိုတာကလည်း ရှင်းနေပါတယ်။ အန်အယ်လ်ဒီ နဲ့ အတိုက်အခံတွေဘက်က ရွေးကောက်ပွဲ မတိုင်ခင် ဖွဲ့စည်းပုံဥပဒေကို ပြင်ပေးဖို့တောင်းဆိုနေတာကလည်း လက်တွေ့ မကျ ပါဘူး။


ဦးကျော်ဇံသာ။ ။ Larry Jagan အနေနဲ့ ယခုလက်ရှိ မြန်မာနိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ အမေရိကန်အစိုးရက မူဝါဒသစ် အရ မြန်မာစစ်အစိုးရကို ချဉ်းကပ်နေတာကို တွေ့ရပါတယ်။ အဲဒီအရေးနဲ့ ပတ်သက်ပြီးတော့ တိုးတက်မှုအလားအလာ တစုံတရာမြင်ရပါသလား။

Larry Jagan ။ ။ ဝမ်းနည်ပါတယ်။ တိုးတက်မှုအလားအလာ မတွေ့ရသလောက်ပါဘဲ။ တစိတ်တဒေသအားဖြင့် ဗိုလ်ချုပ်မှုးကြီးသန်းရွှေဟာ အမေရိကန်နဲ့ ထိတွေ့ဆက်ဆံရေးကို အေးတိအေးစက် လုပ်နေပါတယ်။ သူလိုချင်တဲ့ တခု တည်းသောအရာက အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းရေးပါ။ ဒီအတွက် သူ့ဘက်က လိုက်လျောရမယ့် ကိစ္စက သူထင်တာထက် များနေတဲ့အတွက် ဒါကို သူစိတ်မဝင်စားတော့ပါဘူး။ အမေရိကန်ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးဖို့ကိစ္စကိုသာ အဓိကထားနေပါတယ်။ တကယ်လိုသာ အမေရိကန်က စစ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား ဆွေးနွေးဖြစ်ရေးကိုသာ အဓိကထားတယ်၊ လိုလားတယ်ဆိုရင် ပိုပြီးကောင်းပါလိမ့်မယ်။ စစ်အစိုးရနဲ့ အမေရိကန် နှစ်ဘက်စလုံးက
ဒီလိုဖြစ်နေတဲ့အတွက် လောလောဆယ်မှာရှေ့ မတိုးနိုင်တော့ပါဘူးဗျာ။

ဦးကျော်ဇံသာ ။ ။ ဒီလိုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ဘဲနဲ့ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်နိုင်ပါမလား။

Larry Jagan ။ ။ ဒေါ်အောင်ဆန်းစုကြည် ကျနော့်ကို အမြဲပြောဘူးပါတယ် သူ့လွတ်မြောက်ရေးက တွေ့ဆုံဆွေးနွေးရေးမှု ဖြစ်မြောက်ရေးလောက် အရေးမကြီးပါဘူးတဲ့။ ဗိုလ်ချုပ်မှုးကြီးနဲ့သာ တကယ် ဆွေးနွေးဖြစ်မယ်ဆိုရင် သူ့လွတ်မြောက်ရေးကို နောက်ချန်ထားလို့ ရပါတယ်။ ဆွေးနွေးဖြစ်ဖို့မယ်ဆိုရင် သဘောတူညီချက်ရရင် သူအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ၊ ထောက်လှမ်းရေးဟောင်းတွေအားလုံး ပြန်လွတ်မြောက်မှာပါ။ အရေးကြီးတာက ဖြစ်စဉ်ရှေ့ ကို တိုးနိုင်ဖို့ နှစ်ဘက်ဆွေးနွေးနိုင်ဖို့ပါ။ ဒီလို ရှေ့ တိုးနိုင်ဖို့၊ ဆွေးနွေးနိုင်ဖို့ ဆိုတာကလည်း ပြည်တွင်းက စတင်တဲ့ဖြစ်စဉ်သာ ဖြစ်ရပါလိမ့်မယ်။ ပြည်ပက လာလို့ မရနိုင်ပါဘူး။