Transparency Myanmar

transparency.myanmar@gmail.com

မြန်မာအစိုးရ၏ စာပေစိစစ်ရေး ဆိုင်ရာ ဆင်ဆာ အဖွဲ့က ပြည်တွင်း၌ လက်ရှိ ထုတ်ဝေနေသော ဂျာနယ် စာစောင်များတွင် လတ်တလော အနေဖြင့် အစိုးရ ကောင်းကြောင်း ထောက်ခံသည့် စာမူများ ထည့်သွင်း ထုတ်ဝေရန် စည်းကမ်းဖြင့် ကြပ်မတ်သည့် အမိန့် ထုတ်ပြန် ထားကြောင်း ရန်ကုန်မြို့မှ အယ်ဒီတာ အချို့၏ ပြောကြားချက်အရ သိရသည်။

စာပေဆင်ဆာဘုတ်အဖွဲ့က ဂျာနယ် စာစောင်များတွင် ဆောင်းပါး နှစ်ပုဒ်ကို မပါမဖြစ် ထည့်သွင်းရန် ညွှန်ကြားထားသည်။ တစ်ပုဒ်မှာ ဂျော်ဒန်စက်ရုံ တစ်ရုံတွင် ဖြစ်ပွားခဲ့သော မြန်မာ လုပ်သားများ၏ ကိစ္စကို အစ္စရေးနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီးက ကြားဝင် ဖြေရှင်းလိုက်ရသည့် သတင်းဆောင်းပါး ဖြစ်ပြီး အခြား တစ်ပုဒ်မှာ ပဲခူးတိုင်း သဲကုန်းမြို့နယ်၊ အင်းမကျေးရွာ အခြေစိုက် ခြေမြန်တပ်မ-၆၆ အတွင်း ဖြစ်ပျက်မှုနှင့် ပတ်သက်၍ BBC မြန်မာပိုင်း အစီအစဉ်မှ ထုတ်လွှင့်မှုများ မဟုတ်မမှန်ကြောင်း ပြန်လည် ငြင်းဆိုသည့် သတင်းဆောင်းပါး ဖြစ်ပါသည်။

"စာပေ စိစစ်ရေး ဆင်ဆာအဖွဲ့က သူတို့ ရွေးပေးတဲ့ သတင်းနဲ့ ဆောင်းပါး တစ်ပုဒ်ကို ထည့်ရမယ်လို့ အမိန့် ပေးပါတယ်။ လောလောဆယ် အမြန်ဆုံး ထည့်ရမယ့် ဆောင်းပါးကတော့ BBC သတင်းဆောင်းပါးကို ပြန်လည် ချေပတဲ့ ဆောင်းပါးပါ"ဟု ရန်ကုန်မြို့ အခြေစိုက် ဂျာနယ်အယ်ဒီတာ တစ်ဦးက ပြောဆိုသည်။

သတင်း ဆောင်းပါး၏ ခေါင်းစဉ်ကို 'ခလောက်ဆန် အကောက်ကြံ လေလှိုင်းသံများ နားမယောင် လေနဲ့ သတိထား' ဟု ပေးရန် ညွှန်ကြားထားကြောင်း ၎င်းက ပြောပါသည်။

အတိုက်အခံ အုပ်စုများနှင့် ပတ်သက်၍ မမှန်မကန် စွပ်စွဲထားသော ဆောင်းပါးများကိုလည်း စစ်တပ်အတွင်း ထောက်ခံမှု ကင်းမဲ့အောင်၊ သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်အောင် ပျိုးထောင် ဆောင်ရွက်လျက် ရှိသည်။ မူလက ဂျော်ဒန် နိုင်ငံတွင် ဖြစ်ပွားခဲ့သော မြန်မာလုပ်သားများ ပြဿနာနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ပြည်တွင်းထုတ် ဂျာနယ်များတွင် ထည့်သွင်းခြင်း မပြုရန် တားမြစ်ခဲ့သော်လည်း ယခုအခါ အဆိုပါ ကိစ္စသည် ပြောင်းပြန်ဖြစ်ကာ ပြဿနာရပ်ကို ဖြေရှင်းပြီး ဖြစ်သည့် အသွင် ရေးသားထားသည့် သတင်းဆောင်းပါးကို ထည့်သွင်း ဖော်ပြခိုင်းခြင်း ဖြစ်သည်။

ဂျော်ဒန်နိုင်ငံ၊ Ar Ramtha မြို့ရှိ  Century Miracle Ltd တွင် ဘင်္ဂလားဒေ့ရှ် အလုပ်သမား တစ်ဦးက မြန်မာ အမျိုးသမီး တစ်ဦးအား ကိုယ်ထိလက်ရောက် စော်ကားမှုနှင့် ရန်ပွဲ ဖြစ်ပွားသည့် ကိစ္စတွင် မြန်မာအမျိုးသမီး ၂၀ ဦး ဒဏ်ရာရသည့် သတင်းကို စာပေ စိစစ်ရေး ဆင်ဆာ ဘုတ်အဖွဲ့က တားမြစ်ခဲ့သည်။

အဆိုပါ ပြဿနာ ပြီးဆုံးပြီးနောက် မြန်မာလုပ်သားများသည် အလုပ်ခွင်သို့ မသွားတော့ဘဲ မိမိတို့၏ လုံခြုံရေးနှင့် အသက် အာမခံ ထားရှိရေးအတွက် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။ ဆန္ဒပြမှုကို ၉ ရက်တိုင်အောင် ပြုလုပ်ခဲ့ပြီးနောက်မှ အစ္စရေး နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ဝင်ရောက် ဖြေရှင်းပေးခဲ့ကာ ကြေအေး ခဲ့ကြရသည်။

အဆိုပါ အဖြစ်အပျက်ကို ပြည်တွင်း ဂျာနယ်အချို့က ထည့်သွင်းဖော်ပြရန် ကြိုးစားခဲ့သော်လည်း စာပေ စိစစ်ရေးအဖွဲ့က ခွင့်မပြုခဲ့ပေ။ အဆိုပါ စာပေ စိစစ်ရေးအဖွဲ့သည် မြန်မာနိုင်ငံတွင်း ထွက်ရှိသမျှ စာစောင် ဂျာနယ်များအား စိစစ်ကာ ထိန်းချုပ်ထားသည်။ စစ်အစိုးရအား ထောက်ခံ အားပေးသည့် သတင်း၊ ဆောင်းပါးများနှင့် အတိုက်အခံများအား တိုက်ခိုက်သည့် ဆောင်းပါးများကိုသာ ရေးသား ထုတ်ဝေရန် ဖိအားပေးလေ့ ရှိသည်။ စစ်အစိုးရအား ထိပါးစေမည့် သတင်းနှင့် ဆောင်းပါးများကိုမူ လုံးဝ ခွင့်ပြုခြင်း မပြုပေ။

ယခုလက်ရှိ စာပေစိစစ်ရေး ဆင်ဆာဘုတ် အဖွဲ့၏ ဒါရိုက်တာမှာ အငြိမ်းစား ဗိုလ်မှူး၊ ဦးတင့်ဆွေ ဖြစ်ပြီး ၎င်းအား သတင်းစာဆရာ အများစုက ယခင် ဒါရိုက်တာများနှင့် မတူ 'သက်ညှာတတ်သူ' အဖြစ် ရှုမြင်ကြပါသည်။

"လောလောဆယ် မြန်မာနိုင်ငံရဲ့ အခြေအနေအရ သတင်းစာ လွတ်လပ်ခွင့် အပြည့်အဝ မရနိုင်သေးပါဘူး၊ ဒါပေမဲ့ နိုင်ငံသားတိုင်းဟာ ကိုယ့်အသိ စိတ်ဓာတ်နဲ့ တာဝန်တွေတော့ ထားရမှာပေါ့။ နိုင်ငံ့ သားကောင်း တစ်ယောက်ရဲ့ အသိစိတ်ဓာတ်နဲ့ ရင့်ကျက်မှုတွေ လိုအပ်ပါတယ်။ ဒါတွေဟာ လောလောဆယ် အခြေအနေအရ မရှိမဖြစ် လိုအပ်ချက် တွေပါပဲ" ဟု ဦးတင့်ဆွေက ၎င်း၏ အမြင်ကို ဆောင်းပါးဖြင့် ရေးသား ဖော်ပြခဲ့ဖူးပါသည်။

Mizzima သတင်းဌာန၏ Journals in Burma forced to publish pro-junta articles ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB

ကုလသမဂ္ဂသို့ အာရှ လူ့အခွင့်အရေး ကာကွယ်ရေး အဖွဲ့တစ်ခုက ပေးပို့သော အိတ်ဖွင့် ပေးစာ တစ်စောင်အရ မြန်မာနိုင်ငံတွင် လတ်တလော ၁၀ နှစ်တာ ကာလအတွင်း ညှဉ်းပန်း နှိပ်စက်မှုများ ပိုမို ကျယ်ပြန့်လာကြောင်း သိရှိရပါသည်။

          ဟောင်ကောင် အခြေစိုက် အာရှ လူ့အခွင့်အရေး ကော်မရှင် (AHRC) ၏ အမှုဆောင် ဒါရိုက်တာက Basil Fernando က လက်မှတ် ရေးထိုးကာ ပေးပို့သော စာအရ ညှဉ်းပန်းနှိပ်စက်မှုများ ကျယ်ပြန့်လာသည့် ကိစ္စတွင် တရားရုံးချုပ်၏ ဘက်လိုက် တရားစီရင်မှုများလည်း ပါဝင်ကြောင်း၊ အထူးသဖြင့် အာဏာရ အုပ်ချုပ်သူများ၏ ညှဉ်းပန်း နှိပ်စက်မှု ဆိုင်ရာ သက်သေ အထောက်အထားများကို လျစ်လျူရှု ထားပေးခြင်း၊ မျက်နှာလိုက် ဦးစားပေးခြင်း (သို့မဟုတ်) အမိန့် ထုတ်ပေးခြင်း စသည်တို့ ရှိနေကြောင်း သိရပါသည်။

          လတ်တလောတွင် မြန်မာနိုင်ငံ တရားရုံးချုပ်သည် လုပ်ပိုင်ခွင့်များကို အသုံးပြုကာ ညှဉ်းပန်း နှိပ်စက်မှုများ လုပ်ဆောင်နိုင်သည့် အမိန့်များ ထုတ်ပြန်ပေးထားကြောင်း Basil Fernando က ပြောကြားပါသည်။

ကုလသမဂ္ဂ၏ ညှဉ်းပန်း နှိပ်စက်မှုများ ဆိုင်ရာ အထူး ညှိနှိုင်းရေးမှူးသို့ ပေးပို့သော စာတွင် မနှစ်မြို့စရာ စွဲချက်တင် အရေးယူမှုများကို တွေ့ရကြောင်း၊ အကျဉ်းကျသူ အများအပြားကို ညှဉ်းပန်း နှိပ်စက်ရာတွင် သုဿာန် သင်္ချိုင်းနှင့်ပင် နှိုင်းယှဉ်၍ ရလောက်သော လွန်ကဲစွာ နှိပ်စက်မှုများ ရှိနေကြောင်း ဖော်ပြပါရှိသည်။

          ထိုသို့ နှိပ်စက် ညှဉ်းပန်းမှုများကို ဒီမိုကရေစီ ရရှိရေးအတွက် တက်ကြွစွာ လှုပ်ရှားခဲ့သော ဒေါက်တာဝင့်သူနှင့် အခြားသော ရှစ်ဦးအပေါ် အသုံးပြုခဲ့ကြောင်း အဆိုပါစာက ဆိုပါသည်။ သံဃာတော် တစ်ပါးကို စစ်ကြော မေးမြန်းရာတွင် စစ်ကြောသူ အရာရှိက အဆိုပါ သံဃာတော်အား ဒူးထောက် ထိုင်စေကာ ခြေသလုံး ကြွက်သားပေါ်သို့ အကြိမ်ကြိမ် တက်ခုန်ကြောင်း၊ သိလိုသည့် အဖြေ မရပါက ဦးခေါင်းကို သစ်သားတုတ်ဖြင့် ရိုက်နှက်ကြောင်း အဆိုပါ စာတွင် ရေးသားထားသည်။

          မြန်မာ့ နိုင်ငံရေး အကျဉ်းသားများ အကူအညီ အထောက်အပံ့ ပေးရေး အဖွဲ့(AAPP) မှ ဦးဘိုကြည်ကမူ ယခုကဲ့သို့သော ညဉ်းပန်း နှိပ်စက်မှုများ ဖြစ်ပေါ်နေခြင်းသည် တရားရုံးချုပ်နှင့် သက်ဆိုင်မှု မရှိဟု ထင်မြင်မိကြောင်း ပြောဆိုပါသည်။

          "ဒီကိစ္စတွေက တရားရုံးချုပ်နဲ့ မပတ်သက်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တရားရုံးချုပ် ကိုယ်တိုင် ကိုယ်၌က ဘာပါဝါမှ မရှိလို့ပါပဲ။ အားလုံးဟာ စစ်ထောက်လှမ်းရေးရဲ့ ထိန်းချုပ်မှု အောက်မှာပဲ ရှိနေတာပါ။ ဥပဒေ စည်းမျဉ်းစည်းကမ်း ဆိုတာ လုံးဝ မရှိပါဘူး" ဟု ဦးဘိုကြည်က ပြောပါသည်။

          ထို့ပြင် ၎င်းက ယခုလို နှိပ်စက် ညှဉ်းပန်းမှုများ ပြုလုပ်ခြင်းသည် သက်သေ အထောက် အထားများ ရယူလိုသောကြောင့် ဟုတ်နိုင်၊ မဟုတ်နိုင် ဟူသည်ကို ဆန်းစစ်မိကြောင်း ပြောပါသည်။

          တရားဥပဒေ ကြီးစိုးမှုသာ ရှိပါက ညှဉ်းပန်း နှိပ်စက်မှုနှင့် ဘက်လိုက်မှုများလည်း အမြစ်ပင် တွယ်နိုင်မည် မဟုတ်ပေ။ မြန်မာ စစ်အစိုးရသည် အပြစ်ပေးခြင်း၊ ကြိုတင် ဟန့်တားခြင်း စသည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ရက်စက် ကြမ်းတမ်းသော နှိပ်စက်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

          Basil Fernando က DVB သို့ပြောကြားရာတွင် ယခုအခါ တစ်ကမ္ဘာလုံးတွင် ညှဉ်ပန်း နှိပ်စက်မှုနှင့် ပတ်သက်သော အငြင်းအခုန်များ ပြန်လည် ပြုလုပ်လာသည့် နည်းတူ ညှဉ်းပန်း နှိပ်စက်သည့် နည်းလမ်းများ အသုံးပြုမှုလည်း ကြီးထွားလာကြောင်း ပြောဆိုသည်။

          "အမေရိကန် သမ္မတ ဘွတ်ရှ်နဲ့ ဗြိတိန် ဝန်ကြီးချုပ် တိုနီဘလဲတို့ လက်ထက်မှာ ညှဉ်းပန်း နှိပ်စက်တဲ့ နည်းလမ်းတွေ သုံးခဲ့တဲ့ ကိစ္စကြောင့် နိုင်ငံတကာမှာ စံနှုန်းတွေ ယိမ်းယိုင်သွားအောင် လုပ်သလို ဖြစ်ခဲ့ရပါတယ်။ ဒီလို ညှဉ်းပန်း နှိပ်စက်တဲ့ နည်းလမ်းတွေကို လုပ်ရိုးလုပ်စဉ် တစ်ခုအနေနဲ့ သုံးတာမျိုး ကျွန်တော် တစ်ခါမှ မကြုံဖူးပါဘူး။ ပြောရရင် ကျွန်တော်တို့ တတွေဟာ လူ့အခွင့်အရေး လေးစားမှု လျော့နည်းလာတဲ့ ခေတ်ကာလကြီးထဲ ရောက်နေတယ် ဆိုတာပါပဲ" ဟု ၎င်းက ပြောပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

          မြန်မာနိုင်ငံ အစိုးရပိုင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ကော်ပိုရေးရှင်း နှင့် Gail India တို့ ပူးပေါင်းပြီး ဒေါ်လာ ၂ ဘီလီယံ တန်ဖိုးရှိ မြန်မာ-တရုတ် ရေနံ ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းတွင် ၁၂ ဒဿမ ၅ ရာခိုင်နှုန်း အတိုးအထိ ပါဝင်သော ရင်းနှီး မြုပ်နှံမှု ပြုလုပ်မည် ဖြစ်ကြောင်း Gail India ကုမ္ပဏီ ဥက္ကဋ္ဌ ဘီစီ ထရစ်ပါသီက ပြောကြားပါသည်။

          Gail ကုမ္ပဏီ ဒါရိုက်တာ အဖွဲ့က အဆိုပါ စီမံကိန်းတွင် ၄ ရာခိုင်နှုန်း အထိ ရင်းနှီး မြှုပ်နှံမည်ဟု အတည်ပြု ပြောဆိုသည်။ မြန်မာ့ရေနံနှင့် သဘောဝ ဓာတ်ငွေ့ ကော်ပိုရေးရှင်းက ၈ မှ ၈ ဒဿမ ၅ ရာခိုင်နှုန်းအထိ အကျိုး ခံစားမည် ဖြစ်ကြောင်း သိရပါသည်။

စုစုပေါင်း ရင်းနှီး မြှုပ်နှံမှုသည် ဒေါ်လာ သန်း ၂၅၀ ဝန်းကျင် ရှိကြောင်း Gail India ၏ အစီရင်ခံစာက ဆိုသည်။ ၈၇၀ ကီလိုမီတာ အရှည်ရှိ ပိုက်လိုင်း စီမံကိန်းကို တရုတ် အမျိုးသား ရေနံကော်ပိုရေးရှင်း (CNCP) က တပ်ဆင် တည်ဆောက်ပေးမည် ဖြစ်သည်။  ဒေဝူး အင်တာနေရှင်နယ် ကော်ပိုရေးရှင်း၏ လုပ်ကွက် အမှတ် A1 နှင့် A3 တို့မှ ထွက်သည့် ဓာတ်ငွေ့များကို ယင်းပိုက်လိုင်းဖြင့် တရုတ်နိုင်ငံသို့ သွယ်တန်းပေးပို့ရန် စီစဉ်ထားသည်။

          မြန်မာ ONGC နှင့် အိန္ဒိယ Gail ကုမ္ပဏီတို့သည် A1 နှင့် A3 တို့မှ အကျိုးအမြတ် ၃၀ ရာခိုင်နှုန်းခန့် ရရှိမည် ဖြစ်သည်ဟု ဆိုသည်။  သို့သော် ပြည်တွင်း သဘာဝ ဓာတ်ငွေ့ ထောက်ပံ့မှုတွင် ပြည့်စုံ လုံလောက်မှု ရှိရန် အာမခံနိုင်ခြင်း မရှိဘဲ ဖြစ်နေသည်။ အကြောင်းမှာ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့များကို တရုတ်သို့ တင်ပို့ပေးရန် ကတိပြုထားပြီး ဖြစ်သော ကြောင့်ပင် ဖြစ်သည်။

 Up Stream online မှ Indian duo grabs stakes in Shwe pipeline ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.