Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, By Wai Moe, 23rd January 2010

          မြန်မာ အစိုးရပိုင် မီဒီယာများသည် စနေနေ့က ပဲခူးတိုင်းရှိ တပ်တွင်း ပုန်ကန်မှု သတင်းတစ်ပုဒ် လွှင့်ထုတ်မှုနှင့် ပတ်သက်၍ BBC မြန်မာပိုင်း အစီအစဉ်အား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါသည်။ အစိုးရသည် တပ်မတော်ကို ဖြိုခွဲမည့် မည်သည့် အကြံအစည်ကိုမျှ လက်ခံလိမ့်မည် မဟုတ်ဟု ဖော်ပြခဲ့ပါသည်။

          နိုင်ငံပိုင် အင်္ဂလိပ်နှင့် မြန်မာ သတင်းစာများတွင် ပါရှိသော ဆောင်းပါးတွင် BBC အား လွန်ခဲ့သော လမှ စ၍ စစ်တပ်အတွင်း အဆင့် အမျိုးမျိုးတွင် မငြိမ်သက်မှုများ ဖြစ်ပေါ်စေရန် သတင်းများ လုပ်ကြံ လွှင့်ထုတ်နေသည်ဟု စွပ်စွဲ ပြောကြားခဲ့ပါသည်။

          ၂၀၀၉ ဒီဇင်ဘာ နောက်ပတ်မှ စ၍ BBC သည် တပ်မတော် အစိတ်စိတ် အမွှာမွှာ ကွဲစေရန် ရည်ရွယ်၍ ကောလာဟလ သတင်းများ လွှင့်ထုတ်လျက် ရှိကြောင်း နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

          အင်တာနက်တွင် ပါသော သတင်းနှင့် BBC မှ ထုတ်လွှင့်မှုများမှာ လုံးဝ ဆင်လုံးများသာ ဖြစ်ကြောင်း၊ အဆိုပါ တပ်များတွင် မကျေနပ်မှုများ၊ နှုတ်ထွက်မှုများနှင့် ပုန်ကန်မှုများ မရှိကြောင်း ဖော်ပြထားပါသည်။

          ဒီဇင်ဘာ ၂၃ ရက်နေ့မှ စ၍ BBC မြန်မာပိုင်း အစီအစဉ်တွင် ပြည်မြို့ရှိ တပ်မ ၆၆၊ မှော်ဘီရှိ တပ်မ ၇၇ နှင့် တပ်မတော် လုံခြုံရေးရာ ဌာနများတွင် တပ်တွင်း ပုန်ကန်မှု တချို့ ရှိကြောင်း သတင်း ထုတ်လွှင့်မှုများ ရှိခဲ့ပါသည်။

          ထိုင်းနိုင်ငံ Sangkhlaburi အခြေစိုက် BBC သတင်းထောက် ဦးသန်း၏ အဆိုအရ စီးပွားရေး မပြေလည်မှုကြောင့် စစ်သားများ နှုတ်ထွက်မှုများ သို့မဟုတ် သေနတ် ပစ်ခတ်မှုများကြောင့် သေကြေ ဒဏ်ရာရမှုများ ရှိခဲ့သည်ဟု သိရှိရပါသည်။

          နိုင်ငံပိုင် မီဒီယာများတွင် ပြောကြားရာ၌ မိမိတို့သည် တပ်မတော်အား ခိုင်မာစေရန်နှင့် အင် အားကောင်းစေရန် ဆောင်ရွက်နေချိန်တွင် တပ်မတော် ပြိုကွဲရန်နှင့် အင်အား နည်းစေလိုသော အမြင် ကျဉ်းမြောင်းသူများနှင့် ကောက်ကျစ်သူများ ရှိကြောင်း ဖော်ပြထားပါသည်။

          တပ်မတော်၏ စည်းလုံးမှုကို ဖြိုခွဲရန် ရည်ရွယ်ပြီး ၎င်းတို့၏ ပြည်တွင်းရှိ သတင်းပေးများ၏ ညွှန်ကြားချက်အတိုင်း သတင်း ဆောင်းပါးများကို လုပ်ကြံ ရေးသားကာ မိုးလုံးပြည့် မုသာဝါဒများ လွှင့် ထုတ်နေသည်မှာ ရှင်းရှင်းလင်းလင်း သိနိုင်သည်ဟု ဖော်ပြထားပါသည်။

          အခင်းဖြစ်ပွားရာ ပြည်မြို့တွင် နေထိုင်သူ တစ်ဦးကမူ အဆိုပါ ပုန်ကန်မှု သတင်းကို အတည် မပြုနိုင်ကြောင်းနှင့် ဖြစ်တော့ ဖြစ်နိုင်ကြောင်း၊ စစ်သားများလည်း ပြည်သူများ နည်းတူ စီးပွားရေး မပြေလည်မှုဒဏ်ကို ခံစားနေရကြောင်း ပြောပါသည်။

          ရိုးရိုး သာမန် စစ်သား တစ်ဦးနှင့် အရာရှိ တစ်ဦး၏ လစာရော ခံစားခွင့်များပါ ကွာဟမှု ကြီးမားလှပါသည်။ သာမန် စစ်သား တစ်ဦးသည် လစာ တစ်လ ၁၆၀၀၀ ကျပ် (အမေရိကန် ဒေါ်လာ ၁၆ ဒေါ်လာ) သာ ရရှိချိန်တွင် အနိမ့်ဆုံး အရာရှိ တစ်ဦးသည် ၎င်း၏ ဆယ်ဆမက ရရှိပါသည်။

          လေ့လာ စောင့်ကြည့်သူများကမူ မြန်မာ စစ်အစိုးရ၏ ကျဆုံးမှုမှာ ပြင်ပ ခြိမ်းခြောက်မှုများ ကြောင့်သော်လည်းကောင်း၊ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားမှုများ ကြောင့်သော်လည်းကောင်း ဖြစ်ပေါ်လိမ့်မည် မဟုတ်ဘဲ စစ်တပ်အတွင်း ပဋိပက္ခများကြောင့်သာ ဖြစ်နိုင်ကြောင်း ပြောကြပါသည်။

          သြဇာရှိ Economist Intelligence Unit ၏ အဆိုအရ စစ်တပ်၏ ကာလရှည် အာဏာဆုပ် ကိုင်မှုကို အကြီးမားဆုံး ခြိမ်းခြောက်မည့် အန္တရာယ်မှာ စစ်တပ်အတွင်း ပဋိပက္ခ ဖြစ်မှုပင် ဖြစ်ကြောင်း သိရှိရပါသည်။

          မြန်မာနှင့် မြောက်ကိုရီးယား စစ်တပ်များ အကြား လျှို့ဝှက်သော ဆက်ဆံရေး သတင်း ပေါက် ကြားမှုကြောင့် နေပြည်တော်တွင် စစ်တပ်နှင့် အရပ်သား ဝန်ထမ်းများ ဒါဇင်ပေါင်း များစွာ ဖမ်းဆီး စစ်ဆေးခံခဲ့ရပါသည်။ ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်နှင့် နိုင်ငံခြားရေး ဌာနမှ ဝန်ထမ်း တစ်ဦးတို့မှာ အဆိုပါ သတင်း ပေါက်ကြားမှုအတွက် သေဒဏ် အပေးခံရပြီး အခြားတစ်ဦးမှာ ထောင်ဒဏ် နှစ်ရှည် ချမှတ် ခံရပါသည်။

          မကြာသေးမီကပင် စစ်ရုံးချုပ်တွင် စစ်ဦးစီး အရာရှိ ခြောက်ဦးအား ရှေ့တန်းတပ်များသို့ ပြောင်းရွှေ့နေရာ ချထားခဲ့ရာ၊ အချို့က ဤသို့ ပြောင်းရွှေ့ နေရာချထားမှုမှာ သတင်း ပေါက်ကြားမှုနှင့် ဆက်စပ်မှု ရှိလိမ့်မည်ဟု ထင်ကြောင်း ပြောကြားခဲ့ပါသည်။

          ဒီဇင်ဘာ ၂၃ ရက်နေ့က BBC မြန်မာပိုင်း အစီအစဉ်တွင် တပ်တွင်း ပုန်ကန်မှု သတင်းကို ပထမဆုံး စတင် ထုတ်လွှင်ခဲ့ပြီး မြန်မာ နိုင်ငံပိုင် မီဒီယာများတွင် စနေနေ့က အထိ မည်သည့် တုံ့ပြန်မှုကိုမျှ ပြုလုပ်ခဲ့ခြင်း မရှိပေ။

          ရန်ကုန်ရှိ သတင်းစာ ဆရာတစ်ဦးက ပြောကြားရာတွင် အစိုးရ မီဒီယာများတွင် ယခုကဲ့သို့ တုန့်ပြန် ရေးသားရခြင်းမှာ တစ်ပြည်လုံးရှိ တပ်များသို့ အဆိုပါ သတင်း ပျံ့နှံ့သွားခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားသွားပါသည်။

          "ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ၊ ဒီသတင်း ကတော့ စစ်တပ်အတွင်းမှာ အတော် ပြန့်နှံ့ သွားပါတယ်။ အာဏာရ ဗိုလ်ချုပ်တွေဟာ အရပ်သားတွေ ဘာထင်ထင် ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ သူတို့ စစ်သားတွေ အထင်မှားမှာကို စိုးရိမ်ပါတယ်။ ဒါကြောင့် တုံ့ပြန်ရတာပါ" ဟု အမည် မဖော်လိုသူ ရန်ကုန် ရှိ ဂျာနယ် တစ်ခုမှ အယ်ဒီတာ တစ်ဦးက ပြောပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy.org, By william Boot, 23rd January 2010

          စီးပွားရေး လွတ်လပ်ခွင့်နှင့် ပတ်သက်၍ တကမ္ဘာလုံး တိုင်းတာ စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံက အောက်ဆုံးမှ ရေတွက်လျှင် နံပါတ် ၅နေရာတွင် ရှိသည်ဟု သိရပါသည်။

          နိုင်ငံပေါင်း ၁၇၉ နိုင်ငံကို တိုင်းတာ စစ်ဆေးမှုတွင် မြန်မာက နံပါတ်စဉ် ၁၇၅ ချိတ် ပါသည်။ အာရှ ပစိဖိတ် ဒေသတွင်း ၄၁ နိုင်ငံတွင် မြန်မာက နံပါတ်စဉ် ၄၀ တွင် ရှိပါသည်။

          ယခင်နှစ်က အလားတူ စစ်ဆေးမှုထက် အဆင့်တစ်ဆင့် နိမ့်သွားခဲ့ခြင်းသည် လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံခွင့် အခြေအနေများ ဆိုးဝါးလာခြင်း၏ ရလဒ် ဖြစ်ပါသည်။

          အမေရိကန် အခြေစိုက် Heritage Foundation Research Institute နှင့် wall Street Journal တို့ ပူးပေါင်း ဆောင်ရွက်ခဲ့သော ၂၀၁၀ စစ်တပ်တွင် "ဖိနှိပ် ချုပ်ချယ်သော ညံ့ဖျင်းသည့် အုပ်ချုပ်မှု စနစ်ကြောင့် စီးပွားရေး လှုပ်ရှားမှုများကို ကြီးမားစွာ အနှောင့်အယှက် ဖြစ်စေခဲ့သည်ဟု မြန်မာနှင့် ပတ်သက်၍ ဖော်ပြထားပါသည်။

          နာတာရှည် စွဲကပ်နေသော ပြဿနာများတွင် ညံ့ဖျင်းသော ပြည်သူ့ ဘဏ္ဍာရေး စီမံ ခန့်ခွဲမှုကြောင့် ဘဏ္ဍာရေး ကဏ္ဍ ကြီးမားစွာ ချို့ယွင်းနေခြင်း၊ နိုင်ငံပိုင် လုပ်ငန်းများကြောင့် အဆက်မပြတ် ဆုံးရှုံးများ ဖြစ်ပေါ်ခြင်း၊ ဥပဒေနှင့် ထိန်းချုပ်ရေး လုပ်ငန်းများ မဖွံ့ဖြိုးခြင်း တို့ ပါဝင်နေပါသည်။

          လွတ်လပ်စွာ ရင်းနှီး မြှုပ်နှံခွင့်၊ ငွေကြေး လွတ်လပ်ခွင့်၊ ပိုင်ဆိုင်မှု အခွင့်အရေးများ နှင့် အကျင့်ပျက် ခြစားမှု ကင်းစင်ရေးတို့သည် မြန်မာနိုင်ငံ၌ သာမန်ထက် ပို၍ ချို့ယွင်းလျက် ရှိပြီး ငွေကြေး တည်ငြိမ်မှု မှာလည်း ယိုင်နဲ့နေဆဲ ဖြစ်သည်ဟု စစ်တမ်းတွင် ဖော်ပြ ထားပါသည်။

          လေ့လာမှု စစ်တမ်း၏ ကမ္ဘာ့ ထိပ်တန်း ၅ နိုင်ငံတွင် ပထမ ၄ နိုင်ငံမှာ အာရှ ပစိဖိတ်ဒေသမှ ဖြစ်ပြီး ဟောင်ကောင်၊ စင်ကာပူ၊ သြတြေးလျနှင့် နယူးဇီလန်တို့ ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံသား ဖြစ်ကြောင်း အသိအမှတ်ပြု ခံရပြီးသူ မည်သည့် ရွှေ့ပြောင်း အလုပ်သမားနှင့် ၎င်းတို့၏ မိသားစုဝင်များ ကိုမဆို မြန်မာ အစိုးရက အခွန် ကောက်ခံမည် မဟုတ်ကြောင်း ထိုင်း အလုပ်အကိုင် ရေးရာ ဌာန မှ ညွှန်ကြားရေးမှူးချုပ် Supat Gukun က ပြောကြားသည်။

ထိုင်းအစိုးရက မြန်မာအလုပ်သမား ဖြစ်ကြောင်း ရှာဖွေထုတ်ဖော် အသိအမှတ်ပြု သည့် လုပ်ငန်းစဉ်ကို ၂ နှစ်ခန့် တိုးမြှင့် လိုက်ပြီး ၂၀၁၂ တွင် အပြီးသတ်မည်ဟု ၎င်းကဆိုပါသည်။

ရွှေ့ပြောင်း လုပ်သားများ ထံမှ အခွန် ကောက်ခံမည် မဟုတ်ဟု မြန်မာစိုးရက အတည်ပြု ပြောဆို ထားကြောင်း၊ မြန်မာနိုင်ငံသို့ မြန်မာနိုင်ငံသား ဖြစ်ကြောင်း သွားရောက် မှတ်ပုံတင်ပြီး ပြန်လာသော အလုပ်သမားများကို ရှောင်တခင် စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ အကြောင်းမှာ ထိုင်းနိုင်ငံသို့ အန္တရာယ် ကင်းရှင်းစွာ ပြန်လာနိုင်ခြင်း ရှိ၊မရှိ ဖော်ထုတ်ရန် ဖြစ်ကြောင်း ၎င်းကဆိုပါသည်။

သို့အတွက်ကြောင့် မြန်မာသာမက အခြား ကမ္ဘောဒီးယား၊ လာအို အစရှိသည့် နိုင်ငံများမှ ရွှေ့ပြောင်း လုပ်သားများ အားလုံး အနေဖြင့်လည်း မိမိတို့နိုင်ငံ သို့ပြန်ပြီး နိုင်ငံသားအဖြစ် မှတ်ပုံတင် သင့်ကြောင်း၊ သို့မှသာ ၎င်းတို့အနေဖြင့် နှစ်တစ်နှစ် အတွက် အလုပ်လုပ်ခွင့် ပါမစ် ရရှိနိုင်မည် ဖြစ်ကြောင်း ၎င်းက တိုက်တွန်း ပြောဆိုပါသည်။

The Nation မှသတင်းကိုဘာသာပြန်ဆိုပါသည်

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Source monstersandcritics.com, 22nd January 2010

          ရန်ကုန် နိုင်ငံတကာ လေဆိပ်တွင် သောကြာနေ့က တရုတ်နိုင်ငံလုပ် F-7 ဂျက် တိုက်လေယာဉ် တစ်စင်း ပျက်ကျခဲ့ပြီး လေယာဉ်မောင်း သေဆုံးသွားခဲ့ သည်ဟု မျက်မြင် သက်သေများက ပြောကြားပါသည်။

          မတော်တဆ ဖြစ်ရပ်သည် လေယာဉ် ဆင်းသက်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သူ မျက်မြင် လေဆိပ်အရာရှိက သေဆုံးသွားသူ ပိုင်းလော့မှာ ဗိုလ်ကြီးပြည့်ဖြိုးမျိုး ဖြစ်သည်ဟု အတည်ပြုပါသည်။

          လေတပ်တွင် လေ့ကျင့်ရေး လေယာဉ်အဖြစ် အသုံးပြုနေသော တစ်ယောက်စီး F-7 ဂျက် တိုက်လေယာဉ် ပျက်ကျရခြင်း၏ အကြောင်းအရင်းကိုမူ မသိရသေးပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

By Willian Boot, Irrawaddy.org, 23rd January 2010

အကယ်၍ စစ်ဖက် အုပ်ချုပ်သူ အစိုးရသည် ယခုနှစ် ရွေးကောက်ပွဲကို လွတ်လပ်စွာ ကျင်းပပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဆိုပါက စီးပွားရေး အကူအညီ ပိုမို ပေးအပ်သွားမည်ဟု ဂျပန်နိုင်ငံ က ကမ်းလှမ်းနေပါသည်။

          ယခု သီတင်းပတ် တိုကျိုတွင် ကျင်းပသော အာရှ ညီလာခံ၏ အဝန်းအဝိုင်းတွင် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ကာဆူယာ အိုကာဒါက ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

          ၂၀၀၉ ခုနှစ်တွင်း နည်းပညာနှင့် စီးပွားရေး အထောက်အကူ အမေရိကန် ဒေါ်လာ သန်း ၃၀ တန်ဖိုးခန့် ဂျပန်က ကူညီခဲ့ပါသည်။

          ၂၀၀၇ ခုနှစ် သံဃာ လှုပ်ရှားမှု ကာလအတွင်း ရန်ကုန်မြို့ လမ်းတစ်လမ်းပေါ်တွင် ဂျပန် သတင်းထောက် တစ်ဦးကို ပစ်ခတ်ခဲ့ခြင်းကို ဆန့်ကျင်သည့် အနေဖြင့် ဂျပန်က အကူအညီများကို ရပ်ဆိုင်းထား ခဲ့ပါသည်။ ၂၀၀၈ မေလတွင် နာဂစ် ဆိုင်ကလုန်းက ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို ဖျက်ဆီးခဲ့ပြီး နောက်ပိုင်း ဂျပန်က အကူအညီများ ပြန်လည် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

          အနောက် နိုင်ငံများ၏ မြန်မာ အစိုးရ အပေါ် ပိတ်ဆို့မှုများကို ပူးပေါင်း ဆောင်ရွက်ရန် ဂျပန်အစိုးရက ငြင်းဆန် နေခဲ့ခြင်းမှာ အဆိုပါ ပိတ်ဆို့မှုများကြောင့် မြန်မာနိုင်ငံကို တရုတ်နှင့် ပိုမို ရင်းနှီးစေရန် တွန်း ပို့သလို ဖြစ်စေသည်ဟု ယူဆသောကြောင့် ဖြစ်သည်။

          ၂၀၀၉ ခုနှစ်၏ နောက်ဆုံး ၂ လ တာအတွင်း ဂျပန် ကုန်သွယ်ရေး ကိုယ်စားလှယ် ၂ ဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး မြန်မာ အစိုးရနှင့် ပိုမို ရင်းနှီးစွာ ဆက်ဆံရန် ဂျပန် ဒီမိုကရက်တစ် ပါတီ အစိုးရသစ်က ရည်ရွယ်နေကြောင်း ပြသည့် လက္ခဏာပင် ဖြစ်သည်။

          ပြီးခဲ့သော ဒီဇင်ဘာလက စီးပွားရေး ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ဒုတိယဝန်ကြီး ဟီရိုယူကီ အီရှီဂဲသည် နေပြည်တော်သို့ သွားရောက်၍ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပါသည်။

          ဂျပန်ပြည်ပ ကုန်သွယ်ရေး အဖွဲ့အစည်းသည် မြန်မာ့နိုင်ငံ၏ အထည်အလိပ် လုပ်ငန်းသို့ နည်းပညာ အကူအညီ ပေးရန် အစီအစဉ် ရှိပါသည်။ မြန်မာ ချုပ်ထည်များကို ဂျပန်က ဝယ်ယူနေသော်လည်း အရည်အသွေး ကောင်းသော ထွက်ကုန်ကိုသာ အလိုရှိသည်ဟု ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

By Willian Boot, Irrawaddy.org, 23rd January 2010

          တရုတ် ကုမ္ပဏီများသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရန် မြန်မာနိုင်ငံ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်ရှိ အသေးစား လျှပ်စစ်ဓာတ်အားပေး စက်ရုံများ အတွက် အစီအစဉ်များ စတင် ရေးဆွဲနေပါသည်။

          တရုတ်နိုင်ငံ၏ အကြီးဆုံး စွမ်းအင် အစီအစဉ် ရေးဆွဲရေး အာဏာပိုင်အဖွဲ့ National Development and Reform Commission NDRC က ထုတ်ပြန်သော အစီရင်ခံစာတွင် ၁၅ နှစ် စီမံကိန်း၏ အချက်အလက်များကို ဖော်ပြထားပါသည်။

          တရုတ် စွမ်းအင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့နှင့် တရုတ် နိုင်ငံတကာ အင်ဂျင်နီယာ အတိုင်ပင်ခံ ကော်ပိုရေးရှင်း CIECC တို့ အပါအဝင် များစွာသော နိုင်ငံပိုင် လုပ်ငန်းများ၊ NDRC အဖွဲ့တို့ ယခု အစီအစဉ်တွင် ပါဝင် ဆောင်ရွက်ကြမည် ဖြစ်သည်။

          လေ့လာ သုံးသပ်မှု အစီရင်ခံစာသည် ယခု နှစ်ကုန်တွင် ပြီးစီးသင့်နေပြီဟု CIECC မှ လျှပ်စစ်ဓာတ်အား ဒါရိုက်တာ ဇိုဂျာချောင်က နိုင်ငံပိုင် မဂ္ဂဇင်း China Investment တွင် ပြောကြား ထားပါသည်။

          ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် ရေအားလျှပ်စစ် စီမံကိန်းများ ဆောင်ရွက်ရန်အတွက် မြန်မာ စစ်ဖက် အစိုးရနှင့် တရုတ် ကုမ္ပဏီများ အကြောင်း သဘောတူသည့် အချက်များကို ၂၀၀၉ တွင် လက်မှတ် ရေးထိုးခဲ့ပြီး စုစုပေါင်း ထုတ်လုပ်နိုင်မည့် လျှပ်စစ် ဓာတ်အားမှာ ၂၁၀၀၀ မဂ္ဂါဝပ် ဖြစ်သည်ဟု ဇိုဂျာချောင်က ပြောကြားပါသည်။

          အဆိုပါ ပမာဏသည် ထိုင်းနိုင်ငံ၏ စုစုပေါင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ သုံးပုံ နှစ်ပုံခန့် ရှိသည်ဟု ဆိုပါသည်။

          မြန်မာနိုင်ငံသည် တရုတ်နှင့် နှိုင်းယှဉ်လျှင် လူဦးရေ နည်းပါး၍ သေးငယ်သော နိုင်ငံသာ ဖြစ်သည်။ ထွက်ရှိလာမည့် လျှပ်စစ် ဓာတ်အား အများစုကို ပြည်တွင်းတွင် အသုံးပြုနိုင်မည် မဟုတ်ပါ။ သို့ဖြစ်၍ မြန်မာ့ ရေအားလျှပ်စစ် စီမံကိန်းများ စတင် လည်ပတ်သောအခါ တရုတ်နိုင်ငံသို့ ဓာတ်အား ပြန်ပို့ရန် တရုတ် ကုမ္ပဏီများက ကြံစည်နေကြခြင်း ဖြစ်သည်ဟု ဇိုက ရှင်းပြပါသည်။

          အမှန်တကယ်မှာ မြန်မာနိုင်ငံသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုတွင် ကမ္ဘာ့ အဆိုးဆုံး တိုင်းပြည် တစ်ခုသာ ဖြစ်ပါသည်။ လူဦးရေ သန်း ၅၀ ကျော်အတွက် လျှပ်စစ်ဓာတ်အား ၁၇၀၀ မဂ္ဂါဝပ်မျှ သာ ထုတ်လုပ်နိုင်ပါသည်။

          တရုတ်နိုင်ငံ၏ နိုင်ငံတကာ မြစ်ကြောင်းများပေါ်တွင် ရေအားလျှပ်စစ် လုပ်ငန်းများ လုပ်ကိုင်ရန် အခက်အခဲများ ရှိသောကြောင့် တရုတ်ကုမ္ပဏီများ မြန်မာနိုင်ငံသို့ ခြေဦး လှည့်နေခြင်း ဖြစ်သည်ဟု လည်း ဇိုက ဆိုပါသည်။

          ဧရာဝတီနှင့် မဲခေါင်မြစ်များ၏ ယူနန်ပြည်နယ်တွင်းရှိ တရုတ်နိုင်ငံ အပိုင်းပေါ်တွင် ရေအားလျှပ်စစ် ထုတ်လုပ်မည့် အစီအစဉ်ကို ပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်း ထိခိုက်စေသည့် အတွက် ကန့်ကွက် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသောကြောင့် တရုတ် ဗဟို အစိုးရက လွန်ခဲ့သည့် နှစ်တွင် ရပ်ဆိုင်းခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

          မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ် မ.ယ.က က ပင်လွန် အမှတ်-၇ နှင့် ၈ ရပ်ကွက်နေ အိမ်ထောင်စုများအား လေယာဉ်ကွင်း တိုးချဲ့ ဆောက်လုပ်ရန်အတွက် ၂၀၁၀ ဖောဖော်ဝါရီ လမတိုင်မီ အခြား တစ်နေရာသို့ ရွှေ့ပြောင်း ကြရန် အမိန့် ထုတ်ပြန်ထားကြောင်း သတင်း ရရှိပါသည်။

အဆိုပါ အမှတ်-၇ နှင့် ၈ ရပ်ကွက်များတွင် နေအိမ် ၁၄၇ အိမ်ခန့် ရှိပြီး ယခင်က လေဆိပ်အား တံတားဦးအထိ တိုးချဲ့ခဲ့ကြောင်း၊ ယခုတစ်ဖန် RTC ဂိတ်အထိ တိုးချဲ့ဦးမည် ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောကြားပါသည်။

ရပ်ကွက်များ ဖယ်ပေးရန် အမိန့်ကို ဇန်နဝါရီလ ပထမပတ်က ထုတ်ပြန်ခဲ့၍ ဖေဖော်ဝါရီလတွင် အပြီး ရွှေ့ပြောင်းပေးရမည် ဖြစ်သည်။ ထို့ပြင် ဗိုလ်ချောလမ်းနှင့် တောင်ပိုင်း မူလတန်းကျောင်း အမှတ် - ၉ ကြားရှိ လူနေ ရပ်ကွက်များလည်း ရွှေ့ပေးရမည် ဖြစ်သည် ဟု ဆိုပါသည်။

ယခု လက်ရှိ လေဆိပ်သည် ခရီးသည် ၄၂ ဦးသာ တင်ဆောင်နိုင်သော လေယာဉ်ငယ်များသာ ဆင်းသက်နိုင်ပြီး အကယ်၍ တိုးချဲ့ပြီးပါက  ခရီးသည် ၇၅ ဦးတင် လေယာဉ်များအထိ ဆင်းသက် ပျံသန်းနိုင်မည် ဖြစ်ပါသည်။

ပြောင်းရွှေ့ရသော အိမ်ထောင်စု တစ်စုလျှင် လျော်ကြေးငွေ ကျပ်လေးသိန်း ရရှိမည် ဖြစ်ပြီး ၎င်းတို့အား ကလေးမြို့ မီးရထား ဘူတာရုံအနီး တောင်ဖီလာ ရပ်ကွက်နှင့် စက်မှုလုပ်ငန်း မြေကွက်လပ်များတွင် ပြန်လည် နေရာချ ထားပေးမည် ဖြစ်ကြောင်း သတင်း ရင်းမြစ်တစ်ခုက ဆိုပါသည်။

"အခု နေရာချပေးမယ့် မြေကွက်တွေက စစ်တပ်က ပြည်သူတွေဆီက သိမ်းယူထားတဲ့ မြေကွက်တွေပါ။ အိမ်ထောင်စု တစ်ခုအနေနဲ့ ပေ ၇၀၊ ပေ ၄၀ မြေကွက် တစ်ကွက်စီ ရမှာပါ၊ ဒါပေမဲ့ ၁၄၇ အိမ်ထောင်မှာ ၅၇ အိမ်ထောင်က ပေ ၇၀၊ ပေ ၄၀ မြေ တစ်ကွက်စီ ရမှာပါ။ သူတို့အနေနဲ့ အခုရမယ့် မြေကွက်သစ်မှာ ဒီလို ငှားရမ်းနေထိုင်တာနဲ့ ပတ်သက်ပြီး ပြဿနာ ဖြစ်ကြမှာ သေချာပါတယ်" ဟု ဒေသခံ တစ်ဦးက ပြောပါသည်။

ယခု ပြန်လည် နေရာချထားသည့် နေရာသည် ခြေမြန်တပ်မ ၈၉ တပ်မြေနှင့် လေ့ကျင့်ရေး ဒေသအနီးတွင် တည်ရှိသည်။ မြန်မာ အစိုးရသည် ၂၀၀၇ ခုနှစ်က လေဆိပ် တိုးချဲ့ရေးကိစ္စနှင့် စပ်လျဉ်း၍ တောင်ဖီလာ အရပ်ရှိ သင်္ချီုင်းအား ဖျက်သိမ်းရန် ကြိုးပမ်းခဲ့ဖူးပါသည်။

 DVB သတင်းဌာန၏ Junta orders people to shift for airport expansion ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.